w သေဆုံးသူ FDA မှ ဒုဦးစီးမှူး မရွှေရည်ဝင်း၏ မိသားစုဝင်များနှင့် တွေ့ဆုံခြင်း - Eleven Media Group <

သေဆုံးသူ FDA မှ ဒုဦးစီးမှူး မရွှေရည်ဝင်း၏ မိသားစုဝင်များနှင့် တွေ့ဆုံခြင်း

 

ဇန်န၀ါရီလဆန်းပိုင်းတွင် ရန်ကုန်မြို့တွင် လူအများ ထိတ်လန့်စက်ဆုပ်ဖွယ်ရာကောင်းသည့် မှုခင်းဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့သည်။ ယင်းအမှုမှာ အမျိုးသမီးငယ်တစ်ဦး သားမယားပြုကျင့်ခံခဲ့ရပြီး အသတ်ခံရကာ အလောင်းအား စွန့်ပစ်ခံခဲ့ရသည်။ ယင်းအမျိုးသမီးငယ်မှာ နေပြည်တော် FDA မှ ဒုဦးစီးမှူး မရွှေရည်ဝင်း ဖြစ်ပြီး သူမအား သတ်ဖြတ်ခဲ့သည့်တရားခံအား ဇန်န၀ါရီ ၂၃ ရက်တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ သေဆုံးသူ မရွှေရည်ဝင်း၏ ရက်လည်အား ဒဂုံမြို့နယ်ရှိ ၎င်း၏နေအိမ်တွင် ဇန်န၀ါရီ ၂၇ ရက်က ပြုလုပ်ခဲ့သည်။ အဆိုပါ ရက်လည်တွင် သေဆုံးသူ မရွှေရည်ဝင်း၏ မိခင်ဖြစ်သူနဲ့ ဦးလေးဖြစ်သူတို့ကို The Daily Eleven သတင်းစာက သွားရောက်မေးမြန်းခဲ့ပါသည်။

 

‘ဆေးစာအနေနဲ့တော့ ရင်ညွန့်ကကျိုးပြီး လေပြွန်ကို ပိတ်သွားမိတာပါ။ လေပြွန်ပိတ်တော့ အသက်ရှူရပ်ပြီး သေဆုံးတာလို့ သိရပါတယ်။ DNA ကတော့ စစ်ထားတုန်းပါ။ တင်ထားတာ သိပ်မကြာသေးပါဘူး’

 

■ မရွှေရည်ဝင်းမိခင်

မေး     –         မနက်ဖြန်မှာ ပြုလုပ်မယ့် မရွှေရည်ဝင်းအတွက် ဆုတောင်းပွဲကို သွားဖြစ်မှာလား။

ဖြေ      –         ကျွန်မအနေနဲ့က သမီးလေး မဆုံးခင်ကတည်းကလည်း သွားတယ်။ ဆုံးပြီးတော့လည်း နေ့တိုင်းသွားတယ်။ သမီးလေးအတွက် ကောင်းမှုပြုလုပ်ပေးတယ်။ လှူတာက သမီးလေး ဆုံးမှမဟုတ်ပါဘူး။ ဆုတောင်းပွဲလုပ်တာက သမီးအတွက် လုပ်တာဆိုတော့ ကောင်းတဲ့အလုပ်ပါ။ အန်တီက အလုပ်ရှိတော့ မသေချာသေးပါဘူး။ ညီမတွေ၊ မိသားစုဝင်တွေကတော့ သွားဖြစ်မယ်။ သမီးလေးအတွက် လုပ်တာကိုတော့ ၀မ်းသာပါတယ်။

မေး     –         ဖြစ်စဉ်နဲ့ပတ်သက်ပြီး အန်တီအနေနဲ့ ဘယ်လိုပြစ်ဒဏ်မျိုး ဖြစ်စေချင်ပါသလဲ။

ဖြေ      –         အန်တီကတော့ တရားဥပဒေအတိုင်းဖြစ်စေချင်ပါတယ်။ ဆုံးရှုံးသွားတဲ့သူက သာမန်လူတစ်ယောက်မဟုတ်ပါဘူး။ သမီးလေးက အကြီးကြီးပေးဆပ်ခဲ့ရတာပါ။ တရားဥပဒေအနေနဲ့ အမိန့်ချမှတ်ရင် နမူနာဖြစ်စေချင်ပါတယ်။ နောင် ဒါလုပ်ရင် ဒါဖြစ်တယ် ဆိုတာကိုဖြစ်စေချင်တာပါ။ ဒါမှ ရန်ကုန်က လူတွေ ရန်ကုန်တင်မဟုတ်ပါဘူး။ အမျိုးသမီးတွေရဲ့ဘ၀ကို လုံခြုံစေချင်ပါတယ်။ အခုခေတ်က မိန်းကလေးတွေက ညဘက်မိုးချုပ်မှ အလုပ်ကပြန်ရတာလေ။ ဥပဒေကြောင်းအရတော့ အကောင်းဆုံး ဖြစ်စေချင်ပါတယ်။

မေး     –         သေဆုံးသူ မရွှေရည်ဝင်းရဲ့ ဆေးစစ်ချက်လေး ပြောပြပေးပါလား။ ပြီးတော့ လူမှုကွန်ရက်တွေမှာ ပျံ့နှံ့ နေတဲ့ အကြောင်းအရာတွေအပေါ်မှာလည်း ပြောပြပေးပါဦး။

ဖြေ      –         ဆေးစာအနေနဲ့တော့ ရင်ညွန့်ကကျိုး ပြီး လေပြွန်ကို ပိတ်သွားမိတာပါ။ လေပြွန်ပိတ်တော့ အသက်ရှူရပ်ပြီး သေဆုံးတာလို့ သိရ ပါတယ်။ DNA ကတော့ စစ်ထားတုန်းပါ။ တင်ထားတာ သိပ်မကြာသေးပါဘူး။ ကျူးလွန်သူကို မိပြီးတော့မှ တင်ထားတာပါ။ အ ဆင့်ဆင့်တင်ထားတာပါ။ နည်းနည်းတော့ ကြာမယ်။ လူမှုကွန်ရက်တွေမှာ ပြန့်နေတာ တွေကတော့ မဟုတ်ပါဘူး။ DNA စစ်ချက်မှ မသိရသေးတာ။

မေး     –         မရွှေရည်ဝင်းသေဆုံးမှုဖြစ်စဉ်မှာ ရဲတပ်ဖွဲ့ဝင်တွေရဲ့ဆောင်ရွက်ချက်အပေါ် အန်တီရဲ့အမြင်လေး ပြောပြပေးပါဦး။

ဖြေ      –         အန်တီကတော့ သက်ဆိုင်ရာရဲကိုလည်း အရမ်းကိုကျေးဇူးတင်ပါတယ်။ အချိန်တိုအတွင်း ဖော်ထုတ်ပေးနိုင်တဲ့အတွက်ပါ။ ရဲက သမီးလေးရဲ့သူငယ်ချင်းတွေကိုလည်း  စစ်ဆေးတယ်။ ပြီးတော့ အထူးကျေးဇူးတင်တာက သတင်းပေးတဲ့ ဖုန်းဆိုင်ကိုပါ။ ကျေး ဇူးတင်ကြောင်း သတင်းစာထဲထည့်ဖို့တောင် စဉ်းစားထားပါတယ်။

 

■ မရွှေရည်ဝင်းဦးလေး

မေး     –         သေဆုံးသူ မရွှေရည်ဝင်းရဲ့အကြောင်းလေး ပြောပြပေးပါဦး။

ဖြေ      –         မရွှေရည်ဝင်းအနေနဲ့ ညီအစ်ကို မောင်နှမတွေအားလုံးပေါ်မှာ စိတ်ထား ကောင်းကောင်းနဲ့ ဆက်ဆံတတ်ပြီး သူများအပေါ် နှိပ်စက်ဖို့ဆိုတာလည်း တိရစ္ဆာန် တစ်ကောင်တောင် နှိပ်စက်ဖူးတာ မပာုတ်ဘဲ လူသားချင်းဆိုတော့ ပိုဆိုးတာပေါ့။ တူ၊ တူမ  ၁၅ ယောက်လုံးကို သားသမီးလို သဘောထားတာဖြစ်ပါတယ်။

မေး     –         သေဆုံးသူမရွှေရည်ဝင်းနဲ့ နောက်ဆုံးအဆက်အသွယ်ရခဲ့တာလေး ပြောပြပေးပါ။

ဖြေ      –         ကျွန်တော်သိရသလောက်က တူမလေးက သောကြာနေ့ ညကားနဲ့ နေပြည်တော်က ရန်ကုန်ကို ပြန်လာတယ်။ စနေနေ့ မနက်ပိုင်းရောက်တယ်။ ရောက်တော့ တူမလေးက လှည်းတန်းဘက်ကို အလုပ်ကိစ္စနဲ့  သွားတယ်။ ပြီးတော့ လှည်းတန်းကနေ မင်း မနိုင်အိမ်ကို ပြန်တယ်။ ပြီးတော့ ညနေ ၃ နာရီလောက်မှာ သူက ဈေးဝယ်စရာရှိလို့  လှည်းတန်းဘက်ကို ပြန်သွားတယ်။ ည ၇ နာရီခွဲလောက်ကျတော့ တူမလေးရဲ့အဖေက ပြန်လာဖို့ ဖုန်းဆက်တယ်။ ဖုန်းဆက်တော့ တူမလေးက ပြန်လာနေပြီလို့ ပြောတယ်။ နောက်တော့ ည ၈ နာရီခွဲလောက်မှ ပြန်မရောက်တော့ သူ့အဖေက ဖုန်းထပ်ဆက်တော့ အဆက်အသွယ်မရတော့ဘူး။

မေး     –         ဖမ်းဆီးရမိသူကို ဘယ်လိုပြစ်ဒဏ်မျိုး ကျခံစေချင်လဲ။

ဖြေ      –         အခုလို သေဒဏ်မချဘဲ လွှတ်မယ်ဆိုရင် သူက နောက်မျိုးဆက်သစ် အမျိုးသမီးတွေကို ဒုက္ခပေးဦးမှာပဲ။ ဘာလို့လဲဆိုတော့ သူ့ရဲ့မျိုးဆက်က မကောင်းဘူးဆိုတာလည်း ကြားထားပြီးသား။ အဖေကလည်း လူသတ်မှုနဲ့ ထောင်ကျထားတာ။ အဲဒီတော့ အဲဒီလို လက်စလက်နရှိတဲ့သူတွေကို သေဒဏ်ပေးစေချင်တယ်။ ဘာလို့လဲဆိုတော့ နောင်အနာဂတ်အမျိုးသမီးတွေ ရှိလာဦးမှာပဲ။ အဲဒါကြောင့် နောင်အနာဂတ်အမျိုးသမီးတွေ စိတ်ချဖို့အတွက် ကျွန်တော်ကတော့ ဒီလိုလူမျိုး မြန်မာပြည်မှာ မရှိလို့ လူဦးရေ နည်းပါးလည်း အကြောင်းမရှိဘူး။ ဒါကြောင့် သေဒဏ်ပေးတာပဲ ရအောင် လုပ်ဆောင်သွားမယ်။

မေး     –         မနက်ဖြန်ပြုလုပ်မယ့် ဆုတောင်းပွဲအပေါ် အမြင်လေးပြောပါဦး။

ဖြေ      –         မနက်ဖြန်ဆုတောင်းပွဲမှာ အရေးကြီးတဲ့လူတွေကတော့ နေရပ်ပြန်ရမှာဖြစ်ပြီး အရေးမကြီးတဲ့လူတွေကတော့ ဆုတောင်းပွဲကို သွားရောက်ပူးပေါင်းမှာဖြစ်ပြီး တူမလေး ရဲ့ဓာတ်ပုံကို ယူဆောင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဆုတောင်းပွဲလည်း လုပ်မယ်၊ လူသတ်မုဒိမ်းကျင့်တဲ့ လူမှန်သမျှကို သေဒဏ်ပေးဖို့အတွက် လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

 

 

January 27, 2018














Copy Protected by Chetan's WP-Copyprotect.