ရန်ကုန်အဝေးသင်တက္ကသိုလ်နှင့် မန္တလေးအဝေးသင်တက္ကသိုလ်၏ ၂၀၁၈ ခုနှစ် ပညာသင်နှစ်ဆိုင်ရာ သတ်မှတ်ရက်များ ကြေညာ

ရန်ကုန်အဝေးသင်တက္ကသိုလ်နှင့် မန္တလေးအဝေးသင်တက္ကသိုလ်၏ ၂၀၁၈ ခုနှစ် ပညာသင်နှစ်ဆိုင်ရာ သတ်မှတ်ရက်များ ကြေညာ
Published 28 January 2018

ရန်ကုန်အဝေးသင်တက္ကသိုလ်နှင့် မန္တလေး အဝေးသင်တက္ကသိုလ်တို့၏ ၂၀၁၈ ခုနှစ် ပညာသင်နှစ်ဆိုင်ရာ သတ်မှတ်ရက်များကို ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီး ဌာန (ရန်ကုန်ရုံးခွဲ)၊ ရန်ကုန်အဝေးသင်တက္ကသိုလ်မှ ထုတ်ပြန်ကြေညာခဲ့သည်။

အဝေးသင်တက္ကသိုလ်များ၏ ၂၀၁၈ ခုနှစ် ပညာသင်နှစ်အတွက် ဒုတိယနှစ်နှင့်အထက် သင်တန်းများကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ၂၀၁၈ ခုနှစ်ပညာသင်နှစ်တွင် ဒုတိယနှစ်နှင့်အထက် သင်တန်းများသို့ တက်ရောက်ခွင့်ရရှိ ကြသော ကျောင်းသားကျောင်းသူများအနေဖြင့် တက္ကသိုလ်၊ ဒီဂရီကောလိပ်များရှိ သက်ဆိုင်ရာ အဝေးသင်ဌာနခွဲအသီးသီးတွင် ဆက်သွယ် တက်ရောက်ရမည်ဖြစ်သည်။

ဒုတိယနှစ်နှင့်အထက် သင်တန်းများကို ၂၀၁၈ ခုနှစ် မေ ၁၆ ရက် နောက်ဆုံးထား ငွေသွင်းမှတ်ပုံတင်ရမည်ဖြစ်ပြီး ပထမနှစ်ဝက် Assignment များကို ၂၀၁၈ ခုနှစ် ဇွန် ၃၀ ရက်တွင်လည်းကောင်း၊ ဒုတိယနှစ်ဝက် Assignment များကို ၂၀၁၈ ခုနှစ် သြဂုတ် ၃၁ ရက် တွင်လည်းကောင်း နောက်ဆုံးထား တင်သွင်းရမည်ဖြစ်ကာ ဒုတိယနှစ်နှင့်အထက် သိပ္ပံအထူးပြုသင်တန်းများ၏ လက်တွေ့သင်တန်းများကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက် စတင်မည်ဖြစ်ကြောင်း သိရသည်။

အဝေးသင်တက္ကသိုလ်ဌာနခွဲများကို သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အဝေးသင်တက္ကသိုလ်ဌာနခွဲများကို ဖွင့်လှစ်ထားရှိရာ ကချင်ပြည်နယ်အတွက် မြစ်ကြီးနားတက္ကသိုလ်၊ ဗန်းမော်တက္ကသိုလ်၊ မိုးညှင်းဒီဂရီကောလိပ်၊ ကယားပြည်နယ်အတွက် လွိုင်ကော်တက္ကသိုလ်၊ ကရင်ပြည်နယ်အတွက် ဘားအံတက္ကသိုလ်၊ ချင်းပြည်နယ် (ပလက်ဝမြို့နယ်မှအပ) အတွက် ကလေးတက္ကသိုလ်၊ ပခုက္ကူတက္ကသိုလ်၊ စစ်ကိုင်းတိုင်းဒေသကြီးအတွက် မုံရွာတက္ကသိုလ်၊ ကလေးတက္ကသိုလ်၊ ရွှေဘိုတက္ကသိုလ်၊ စစ်ကိုင်းတက္က သိုလ်၊ တနင်္သာရီတိုင်းဒေသကြီးအတွက် ထားဝယ်တက္ကသိုလ်၊ မြိတ်တက္ကသိုလ်၊ ပဲခူးတိုင်းဒေသကြီးအတွက် တောင်ငူတက္ကသိုလ်၊ ပြည်တက္ကသိုလ်၊ ပဲခူးတက္ကသိုလ်၊ မကွေးတိုင်းဒေသကြီးအတွက် မကွေးတက္ကသိုလ်၊ ပခုက္ကူတက္ကသိုလ်၊ ရေနံချောင်းဒီဂရီကောလိပ်၊ မန္တလေးတိုင်းဒေသကြီးအတွက် ရတနာပုံတက္ကသိုလ်၊ မိတ္ထီလာတက္ကသိုလ်၊ ကျောက်ဆည်တက္ကသိုလ်၊ မြင်းခြံဒီဂရီကောလိပ်၊ မန္တလာကောလိပ်၊ မွန်ပြည်နယ်အတွက် မော်လမြိုင်တက္ကသိုလ်၊ ရခိုင်ပြည်နယ်နှင့် ပလက်ဝမြို့နယ်အတွက် စစ်တွေတက္ကသိုလ်၊ ရန်ကုန်တိုင်းဒေသကြီးအတွက် ဒဂုံတက္ကသိုလ်၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်၊ ရှမ်းပြည်နယ်အတွက် တောင်ကြီးတက္ကသိုလ်၊ ပင်လုံတက္ကသိုလ်၊ လားရှိုးတက္ကသိုလ်၊ ကျိုင်းတုံတက္ကသိုလ်၊ ဧရာဝတီတိုင်းဒေသကြီးအတွက် ပုသိမ်တက္ကသိုလ်၊ ဟင်္သာတတက္ကသိုလ်၊ မအူပင်တက္ကသိုလ်တို့ဖြစ်သည်။

ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနစာရင်းများအရ ၂၀၁၇ ခုနှစ် ပညာ သင်နှစ်၌ ရန်ကုန်အဝေးသင်တက္ကသိုလ်တွင် ၂၃၉၅၀၃ ဦး၊ မန္တလေးအဝေးသင်တက္ကသိုလ်တွင်  ၂၅၇၁၇၃  ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။

 

 

Most Read

Most Recent