ကချင်ပြည်နယ် တနိုင်းမြို့နယ် ဟူးကောင်းချိုင့်ဝှမ်းဒေသတွင် ပစ်ခတ်မှုများ ဖြစ်ပွားလျက်ရှိပြီး သေဆုံးဒဏ်ရာရမှုများရှိနေ

ကချင်ပြည်နယ် တနိုင်းမြို့နယ် ဟူးကောင်းချိုင့်ဝှမ်းဒေသတွင် ပစ်ခတ်မှုများ ဖြစ်ပွားလျက်ရှိပြီး သေဆုံးဒဏ်ရာရမှုများရှိနေ
Published 28 January 2018

ကချင်ပြည်နယ် တနိုင်းမြို့နယ် ဟူးကောင်းချိုင့်ဝှမ်းဒေသ ကေအိုင်အေတပ်မဟာ (၂) လက်အောက်ခံ ရင်း (၁၄) နေရာတွင် ပစ်ခတ်မှုများ ဖြစ်ပွားလျက်ရှိပြီး  နှစ်ဦးသေဆုံးကာ လေးဦးဒဏ်ရာရရှိခဲ့သည်ဟု ကယ်ဆယ်ရေးအဖွဲ့များက ဇန်နဝါရီ ၂၇ ရက် ညနေပိုင်းက  အတည်ပြုပြောကြားသည်။

တနိုင်းမြို့ပေါ်မှ ဇန်နဝါရီ ၂၆ ရက် ညပိုင်းတွင် သွားရောက်ကယ်ဆယ်ရေးပြုလုပ်ခဲ့သူ ဆရာဦးမုန်ဒန်က “မနေ့ညနေက လာကြိုဖို့ အကူအညီတောင်းတော့ ဆေးရုံကကားရယ်၊ အသင်းတော်အဖွဲ့ရယ်၊ ကြက်ခြေနီရယ် သွားကြိုတာ။ မနေ့က ည ၇ နာရီကျော်မှာ သွား ကြိုပြီး တနိုင်းဆေးရုံကို ည ၁၁ နာရီမှာရောက်တယ်။ တဝမ်ချောင်းမှာ သွားကြိုရတာ။ အမျိုးသားတစ်ဦး ဗမာလူမျိုးက တစ်ဦးပါ။ ဗုဒ္ဓဘာသာဆိုတော့ ဒိုက်ဖားက ဘုန်းကြီးပင့်ပြီး သြင်္ဂိုဟ်မယ်ပြောတယ်။ အမျိုးသမီးကြီးတစ်ဦး၊ ၁၇ နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ ကလေး ငယ်တစ်ဦး၊ အမျိုးသားတစ်ဦးပါ။ လေးဦးသယ်ခဲ့ရတယ်။ တနိုင်းဆေးရုံမှာ အခုက။ ဒီမနက်က မနေ့က မသယ်ခဲ့ရသူ တစ်ဦးက ဒီမနက် ဆေးရုံရောက်ပြီး ဆုံးသွားပြီ။ အဲဒီနေ့က ကျင်းဘေးကလွင့်ပြီး သစ်ပင်နဲ့ရိုက်မိတယ်လို့ ပြောတယ်။ ဘာမှ မဖြစ်ဘူးပြောလို့ မခေါ်ခဲ့ဘူး။ အခု ရင်ခွဲရုံမှာ။ခရစ်ယာန်ဘာသာဝင်ဆိုတော့ ကျွန်တော်တို့ပဲ သြင်္ဂိုဟ်မှာ။ အခု ပယင်းမှော်ကနေ ထွက်ပြေးမယ့်အရပ်သားတွေ လူ ၂၀၀၀ လောက် ပိတ်နေတယ်။ လမ်းတွေက တပ်က ပိတ်ထားတာကို ဘယ်ကထွက်ကြမလဲ မသိဘူး။ ဒီနေ့လည်း ပစ်ခတ်မှုက တနိုင်းဘက်ကရော၊ အခြားနေရာကရော ပယင်းမှော်ဘက်ကို အချက်ပေါင်းမရေနိုင်အောင် ပစ်နေတယ်။ လူထိတယ် မထိဘူး မသိရသေးဘူး” ဟု ပြောကြားသည်။

ကေအိုင်အို/ကေအိုင်အေအဖွဲ့ ပြောဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက “တစ်ဦးသေတယ်။ ငါးဦး ဒဏ်ရာရတယ်။ ဒီမနက် တနိုင်း ဆေးရုံမှာ တစ်ယောက် ထပ်ဆုံးတယ်လို့ သိရတယ်။ နေရာကတော့ ရင်း (၁၄) နယ်မြေဖြစ် ပါတယ်။ ပယင်းတွေလုပ်တဲ့ လူတွေ ရှိနေပါ တယ်။ တပ်ရင်းနဲ့တော့ ဝေးပါတယ်။ တပ်က နယ်မြေစိုးမိုးရေးအတွက် အပြင်းအထန် ထိုးစစ်ဆင်လာတယ်လို့ ထင်ပါတယ်။ နယ်မြေစိုး မိုးရေး၊ စစ်ဆင်ရေးတွေ ဆက်လုပ်နေရင် တိုက်ပွဲတွေက အချိန်မရွေး ထပ်ပြီးပြင်းထန်ဦးမယ့် အခြေအနေဖြစ်ပါတယ်။ ကေအိုင်အေ၊ ကေအိုင်အိုက တရားမဝင် သယံဇာတတူးလို့ ကာကွယ်တယ်လို့ အကြောင်းပြတယ်။ ကျွန်တော်တို့လည်း ကိုယ့်သယံဇာတကို ကာကွယ်ပိုင်ခွင့်ရှိပါတယ်။ ဖားကန့်ဆိုရင်လည်း အဖိုးတန်တွေ အများကြီးရှိပေမယ့် ကျွန်တော်တို့က ဘာမှ မခံစားရပါဘူး။ အဲဒီအကျိုးအမြတ် တွေ အောက်မြန်မာနိုင်ငံကပဲ ရယူနေကြတာ ဖြစ်ပါတယ်။ ဒါပြီး ထိုးစစ်ဆင်လာရင်လည်း ကျွန်တော်တို့က ခုခံကာကွယ်ရမှာဖြစ်ပါတယ်” ဟု ပြောကြားသည်။

ကချင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသူရမျိုးတင်က ငြိမ်းချမ်းညီလာခံ နီးလာသည့်အတွက် တိုက်ပွဲဖြစ်ခြင်း မဟုတ်ဘဲ နိုင်ငံ၏ မြေပေါ်မြေအောက် သယံဇာတကို ကာကွယ်ရန်တာဝန်ရှိကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ ကာကွယ် ခြင်းဖြစ်ကြောင်း RFA သတင်းဌာနသို့ ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက ပြောကြားသည်။

၂၀၁၇ ခုနှစ် ဇွန် ၅ ရက်က တပ်မတော်ရဟတ်ယာဉ်ဖြင့် ဖြန့်ဝေခဲ့သည့် သတိပေးစာတွင် တနိုင်းမြို့နယ်အတွင်းရှိ ထန်းပလားမှော်၊ ဝမ်းပလားမှော်၊ အောင်လွတ်မှော်၊ တုံမဏီမှော်၊ ချောင်းဆုံမှော်၊ နန်ဗြူမှော်၊ ဂျာအောင်ဘာမှော်၊ ဇီးဖြူကုန်းမှော်၊ ညောင်ပင်ကုန်းမှော်၊ နန့်ကွမ်းမှော်များမှာ နိုင်ငံတော်က တရားဝင်ခွင့်ပြုထားသည့်မှော်များ မဟုတ်ကြောင်း၊ ရွှေ၊ ပယင်းတူးဖော်ခြင်းများကြောင့် ဂေဟစနစ် ပျက်စီးဆုံးရှုံးခြင်းများ ဖြစ်ပေါ်နေခြင်းကြောင့် တပ်မတော်က မကြာမီနယ်မြေရှင်းလင်းရေး ပြုလုပ်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။ စာတွင် ဒေသခံပြည်သူများ၊ ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် ၂၀၁၇ ခုနှစ် ဇွန် ၁၅ ရက် နောက်ဆုံးထားထွက်ခွာရန်၊ ထွက်ခွာခြင်းမရှိပါက KIA အဖွဲ့နှင့် ပူးပေါင်းနေသူများဟု သတ်မှတ်မည်ဖြစ်ပြီး နယ်မြေရှင်းလင်းသည့် အခါ ပြည်သူများ သေဆုံးထိခိုက် ဒဏ်ရာရရှိမှု များ ဖြစ်ပေါ်မည်ကို မလိုလားသဖြင့် ကြိုတင် အသိပေးခြင်းဖြစ်ကြောင်း ပါရှိသည်။

တပ်မတော်နှင့် ကေအိုင်အေတို့ တနိုင်း ဒေသတွင် တရားမဝင် ရွှေမှော်၊ ပယင်းမှော် များကို အကြောင်းပြု၍ ပတ်ခတ်မှုများဆက် တိုက်ဖြစ်ပွားခဲ့သည်မှာ ၂၀၁၇ ခုနှစ် ဇွန်လဆန်းမှ ၂၀၁၈ ခုနှစ် ဇန်နဝါရီအထိ ရှစ်လနီး ပါးကြာမြင့်ခဲ့ပြီဖြစ်သည်။ နှစ်ဖက်ပစ်ခတ်မှု များကြားတွင် အရပ်သားများ ထိခိုက်သေဆုံးခြင်း၊ ဒဏ်ရာရခြင်း၊ မိုင်းနင်းဒဏ်ရာရခြင်းနှင့် မသင်္ကာသူများ ဖမ်းဆီးခံရခြင်းများ ရှိနေကြောင်း သိရသည်။

Most Read

Most Recent