ယခုနှစ်အတွင်း အစားအသောက်၊ ဆေးဝါး၊ အလှကုန်များနှင့်ပတ်သက်သော အရေးယူမှုများကို FDA က The Year of Safety and Action အဖြစ်သတ်မှတ်၍ တိုးမြှင့်လုပ်ဆောင်မည်

ယခုနှစ်အတွင်း အစားအသောက်၊ ဆေးဝါး၊ အလှကုန်များနှင့်ပတ်သက်သော အရေးယူမှုများကို FDA က The Year of Safety and Action အဖြစ်သတ်မှတ်၍ တိုးမြှင့်လုပ်ဆောင်မည်
Published 28 January 2018

ဇန်နဝါရီ ၅ ရက်က သိမ်ကြီးဈေးရှိ ဓာတုဆိုးဆေးအရောင်းဆိုင်များကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနက ရှောင်တခင်စစ်ဆေးစဉ် (ဓာတ်ပုံ-ကြည်နိုင်)

၂၀၁၈ ခုနှစ်အတွင်း ဈေးကွက်အတွင်းရှိ အစားအသောက်၊ ဆေးဝါး၊ အလှကုန်ပစ္စည်းများနှင့် ပတ်သက်သော ကြပ်မတ်စစ်ဆေး အရေးယူမှုများကို မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက The Year of Safety and Action အဖြစ် သတ်မှတ်၍ တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်က ပြောကြားသည်။

“ဒီနှစ်မှာ အစားအသောက်၊ ဆေးဝါး၊ အလှကုန်တွေနဲ့ပတ်သက်တဲ့ စစ်ဆေးမှုတွေအပြင် ဥပဒေအရ အရေးယူမှုတွေကိုလည်း တိုးပြီးလုပ်သွားမှာပါ။ အခုနှစ်ကို The Year of Safety and Action ဆိုပြီး သတ်မှတ်ထားပါတယ်။ ၂၀၁၆ ခုနှစ်တုန်းကတည်းက အသိပညာပေးလုပ်ငန်းတွေ၊ ဆွေးနွေးပွဲတွေလုပ်ခဲ့တယ်။ စုပေါင်းပြီး လုပ်ကြဖို့အတွက် အစိုးရ အဖွဲ့အစည်းတွေအပါအဝင် အဖွဲ့အစည်း အသီးသီးနဲ့လည်း ညှိနှိုင်းမှုတွေလုပ်ခဲ့ကြတယ်။ တစ်ဖက်ကလည်း စစ်ဆေးမှုတွေ လုပ်ခဲ့တယ်။ ၂၀၁၇ ခုနှစ်ကျတော့ ဈေးတွေကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကြပ်ကြပ်မတ်မတ် စစ်ဆေးတာတွေ လုပ်ခဲ့ပြီးပါပြီ။ နောက်ဒီနှစ်အတွင်းမှာ နိုင်ငံတော်အဆင့် အစားအသောက် ဘေးအန္တရာယ်လုံခြုံရေးမူဝါဒနှင့် လုပ်ငန်းစီမံချက်၊ နိုင်ငံတော်အဆင့် ဆေးဝါးများ ဘေးအန္တရာယ်လုံခြုံရေးမူဝါဒနှင့် လုပ်ငန်းစီမံချက်၊ နိုင်ငံတော်အဆင့် ဆေးဝါးများ ဘေးအန္တရာယ်လုံခြုံရေးမူဝါဒနှင့်လုပ်ငန်းစီ မံချက်ဆိုတာတွေလည်း ပေါ်လာမှာ ဖြစ်ပါတယ်။ ဒီနှစ်မှာ ဥပဒေအရအရေးယူတဲ့အပိုင်းကို ပိုပြီးလုပ်မှာပါ။ ကျွန်တော်တို့ မသက်ညှာတော့ပါဘူး။  ဒါကြောင့်  ဒီနှစ်အတွင်းမှာ တရားစွဲတာတွေ များလာပါလိမ့်မယ်” ဟု ဒေါက်တာသန်းထွဋ်က ပြောကြားသည်။

၂၀၁၇ခုနှစ်အတွင်းက ရန်ကုန်တိုင်းဒေသကြီး အပါအဝင်ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ စားသောက်ကုန်၊ ဆေးဝါး၊ အလှကုန်၊ ဟင်းသီးဟင်းရွက်၊ သားငါးလက်လီလက်ကား ရောင်းချသည့်ဈေးများအားလုံးကို ဈေးကွက်ထောက်လှမ်းစောင့်ကြည့်ရန် Master Plan ရေးဆွဲလုပ်ဆောင်ခဲ့ပြီး ရှောင်တခင် ကွင်းဆင်းစစ်ဆေးမှုများ ဆက်တိုက်လုပ်ဆောင်ကာ အရေးယူမှုများလည်း တစ်ပါတည်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနရုံးခွဲများကို တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် ပြီးနောက် ခရိုင်အဆင့်အထိ ဖွင့်လှစ်ထားရာ ထပ်မံ၍ ခရိုင်ပေါင်း ၄၀ ကျော်တွင် တိုးချဲ့ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။

ဈေးကွက်အတွင်းရောက်ရှိနေသော အန္တရာယ်ရှိ အစားအသောက်၊ ဆေးဝါး၊ အလှကုန်၊ လူသုံးကုန်ပစ္စည်းများကို ပိုက်စိပ်တိုက် ရှာဖွေဖော်ထုတ်လျက်ရှိပြီး အသိပညာပေး လုပ်ငန်းများနှင့် ကွင်းဆင်းစစ်ဆေးခြင်းများကိုလည်း ကျေးရွာအရောက် လုပ်ဆောင်ပေးလျက်ရှိကြောင်းနှင့် ၂၀၁၆ ခုနှစ်အတွင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက အစားအသောက်၊ ဆေးဝါး၊ အလှကုန်များနှင့်ပတ်သက်၍ တရားစွဲဆိုခဲ့သည့်အမှုပေါင်း ၁၀၀ ကျော်ရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent