ရန်ကုန်တိုင်းဒေသကြီး၌ ငါးလနီးပါးအတွင်း စက်မှုကဏ္ဍနှင့် အခြားဝန်ဆောင်မှုကဏ္ဍတို့တွင် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ သန်း ၄၀ ကျော် အပါအဝင် ကျပ် ၁၁ ဘီလျံကျော် ဝင်ရောက်မြှုပ်နှံထား

ရန်ကုန်တိုင်းဒေသကြီး၌ ငါးလနီးပါးအတွင်း စက်မှုကဏ္ဍနှင့် အခြားဝန်ဆောင်မှုကဏ္ဍတို့တွင် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ သန်း ၄၀ ကျော် အပါအဝင် ကျပ် ၁၁ ဘီလျံကျော် ဝင်ရောက်မြှုပ်နှံထား
Published 28 January 2018

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/ ၂၀၁၈) ကြိမ်မြောက် အစည်းအဝေး ကျင်းပစဉ် (Photo – DICA)

ရန်ကုန်တိုင်းဒေသကြီး အတွင်း၌ ၂၀၁၇ ခုနှစ် သြဂုတ်မှ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၄ ရက် အထိ ငါးလနီးပါးအတွင်း စက်မှုကဏ္ဍနှင့် အခြားဝန်ဆောင်မှုကဏ္ဍတို့တွင် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာသန်း ၄၀ ကျော်အပါအဝင် ကျပ် ၁၁ ဘီလျံကျော်အထိ ဝင်ရောက်မြှုပ်နှံထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီက သတင်းထုတ်ပြန်ထားသည်။

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၂/ ၂၀၁၈)ကြိမ်မြောက် အစည်းအဝေးကို ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၄ ရက်က ရန်ကုန်မြို့ရှိ ရန်ကုန်တိုင်းဒေသကြီး အစိုး ရအဖွဲ့ရုံး၌ ကျင်းပခဲ့ရာ အဆိုပါအစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီသည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောင်ရွက်မည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသုံးခုနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခုတို့ကို အတည်ပြုပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မ,တည်ငွေရင်း ပမာဏ စုစုပေါင်းမှာ ဒေါ်လာ ၄ ဒသမ ၈၆၀ သန်းနှင့် မြန်မာကျပ်ငွေ သန်း ၃၀၀၀ ဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင်အခွင့် အလမ်း ၂၀၃၅ ဦးအတွက် ဖန်တီးပေးနိုင်မည် ဖြစ်သည်။

၂၀၁၇ ခုနှစ်သြဂုတ်မှ ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၄ ရက်အထိ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အနေဖြင့် စက်မှုကဏ္ဍနှင့် အခြားဝန်ဆောင်မှုကဏ္ဍတို့တွင် စင်ကာပူနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံ၊ ထိုင်ဝမ်၊ ဟောင်ကောင်၊ ဂျပန်နိုင်ငံနှင့် မလေးရှားနိုင်ငံတို့မှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂၇ ခုနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း လေးခု၊ စုစုပေါင်းရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၃၁ ခုတို့အား အတည်ပြုမိန့်များ ထုတ်ပေးခဲ့ပြီး မ,တည်ငွေရင်းပမာဏ စုစုပေါင်း ဒေါ်လာ ၄၀ ဒသမ ၂၉၅ သန်းနှင့် ကျပ်ငွေ ၁၁၇၁၉ ဒသမ ၂၂ သန်း၊ အလုပ်အကိုင်အခွင့်အလမ်း ၁၂၃၉၉ ဦးအတွက် ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်လိုသူများအနေဖြင့် မ,တည်ငွေရင်းပမာဏ ဒေါ်လာ ငါးသန်း သို့မဟုတ် ကျပ်သန်း ၆၀၀၀ အထိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ အတည်ပြုလျှောက်ထားလွှာများကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံး၊ အမှတ် ၁၊ သစ္စာလမ်း၊ ရန်ကင်းမြို့နယ်၊ ဖုန်း ၉၅-၀၁-၆၅၇၈၉၂ သို့ ဆက်သွယ်မေးမြန်း လျှောက်ထားနိုင်ကြောင်း သိရသည်။

Most Read

Most Recent