ပြည်တွင်းပြည်ပမှ ရွှေကျင်ဂိုဏ်းဝင် သံဃာအပါးတစ်ထောင် ကြွရောက်မည့် အကြိမ် (၂၀) မြောက် ရွှေကျင်နိကာယသံဃာ့အစည်းအဝေး မှော်ဘီမြို့နယ် ဓမ္မဒူတဇေတဝန်တောရ ဆေကိန္ဒာရာမ ကျောင်းတိုက်တွင် သုံးရက်ကြာကျင်းပမည်

ပြည်တွင်းပြည်ပမှ ရွှေကျင်ဂိုဏ်းဝင် သံဃာအပါးတစ်ထောင် ကြွရောက်မည့် အကြိမ် (၂၀) မြောက် ရွှေကျင်နိကာယသံဃာ့အစည်းအဝေး မှော်ဘီမြို့နယ် ဓမ္မဒူတဇေတဝန်တောရ ဆေကိန္ဒာရာမ ကျောင်းတိုက်တွင် သုံးရက်ကြာကျင်းပမည်
Published 28 January 2018

ပန္နရသမရွှေကျင်သာသနာပိုင် ဝိဇ္ဇောတာရုံဆရာတော်ဘုရားကြီး ဓမ္မဒူူတဇေတဝန်တောရ ဆေကိန္ဒာရာမကျောင်းတိုက်သို့ ကြွရာက်တော်မူလာစဉ် (ဓာတ်ပုံ-ဝီသတိမအကြိမ် ရွှေကျင်နိကာယ သံဃာ့အစည်းအဝေးကြီး Facebook Page)

ဝီသတိမအကြိမ် (အကြိမ် ၂၀ မြောက်)  ဗုဒ္ဓသာသနာတော်လုံးဆိုင်ရာ ရွှေကျင်နိကာယသံဃာ့အစည်းအဝေးပွဲကို ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် အောက်ဝါးနက်ချောင်းကျေးရွာ ဓမ္မဒူတဇေတဝန်တောရ ဆေကိန္ဒာရာမကျောင်းတိုက်တွင် ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၉ ရက်မှ ၃၁ ရက် အထိ သုံးရက်ကြာကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါအစည်းအဝေးအား နိုင်ငံတော် သြဝါဒါစရိယ အဘိဓဇမဟာရဌဂုရု ရွှေကျင်နိကာယာဓိပတိဥက္ကဋ္ဌ မဟာနာယက ဓမ္မသေနာပတိပန္နရသမ ရွှေကျင်သာသနာပိုင် ဝိဇ္ဇောတာရုံဆရာတော်ကြီး ဦးဆောင်သည့် ပြည်တွင်းပြည်ပမှ ရွှေကျင်ဂိုဏ်းဝင် သံဃာတော်အပါးတစ်ထောင်ဖြင့် ကျင်းပမည်ဖြစ်ကြောင်း အစည်းအဝေးကျင်းပရေး တာဝန်ရှိသူများထံမှ သိရသည်။

သုံးရက်ကြာကျင်းပမည့် ရွှေကျင်နိကာယ သံဃာ့အစည်းအဝေးပွဲကြီးအတွင်း အမေရိကန်ပြည်ထောင်စု၊ အင်္ဂလန်၊ ရုရှား၊ သြစတြေးလျ၊ တောင်ကိုရီးယား၊ ဂျာမနီ၊ သီရိလင်္ကာ၊ ထိုင်း၊ ဂျပန်၊ ဗီယက်နမ် စသည့် နိုင်ငံခြားတိုင်းပြည်များမှ ရွှေကျင်နွယ်ဝင် သံဃာတော်အပါအဝင် ပြည်တွင်းပြည်ပ အသီးသီးမှ ရွှေကျင်ဂိုဏ်းဝင်သံဃာတော်များသည် ဗုဒ္ဓသာသနာတော်သန့်ရှင်း၊ စည်ပင်ပြန့်ပွားတိုးတက်ရေးအတွက် ရွှေကျင်သာသနာနှင့်စပ်လျဉ်းသည့် စာတမ်းများ တင်သွင်းဖတ်ကြား သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိ ရွှေကျင်ဂိုဏ်းတွင် သာသနာပိုင် ဝိဇ္ဇောတာရုံဆရာတော်ကြီးနှင့် တွဲဖက်သာသနာပိုင် ဆရာတော်နှစ်ပါးဖြစ်သည့် မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် မဟာဝိသုဒ္ဓါရုံတိုက်သစ်၊ မတ္တရာသူဌေးကျောင်းမှ ဆရာတော်ဘဒ္ဒန္တမာနိတသိရီဘိဝံသ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းတောင်ရိုး၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိ၊ ဆရာတော်ဒေါက်တာဘဒ္ဒန္တ ဉာဏိဿရ အပါအဝင် ရွှေကျင်ဂိုဏ်းဝင် သံဃာတော်အပါး ၅၀,၀၀၀ ကျော်ခန့်ရှိကြောင်း သိရသည်။

ယင်းအစည်းအဝေးပွဲကြီး ကျင်းပသည့်ရက် ညပိုင်းကာလများတွင် တိပိဋကယော ဆရာတော် ဘဒ္ဒန္တသိရိန္ဒာဘိဝံသ၊ တွဲဖက် ရွှေကျင်သာသနာပိုင် သီတဂူဆရာတော် ဒေါက်တာဘဒ္ဒန္တ ဉာဏိဿရနှင့် အပြည်ပြည်ဆိုင်ရာထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသတို့က တရားတော်များ ဟောကြားချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

ဝက်လက်မြို့နယ် ရွှေကျင်ရွာဇာတိ ဆရာတော်ကြီး ဘဒ္ဒန္တဇာဂရကို အကြောင်းပြု၍ မြန်မာသက္ကရာဇ် ၁၂၂၁ ခုနှစ် မင်းတုန်းမင်းလက်ထက်ကတည်းကစကာ ရွှေကျင်ဂိုဏ်းဟူ၍ပေါ်ပေါက်လာခဲ့ပြီး ဆရာတော်ကြီးအနေဖြင့် ရွှေကျင်ဂိုဏ်းဟု သီးခြားဖွဲ့ စည်းခဲ့ခြင်းမရှိသော်လည်း ဆရာတော်ကြီး မွေးဖွားရာ ဇာတိရွှေကျင်ရွာကို အကြောင်းပြု၍ ရွှေကျင်ဟု အများကခေါ်ဝေါ်သမှတ်ခဲ့ရာကနေ ရွှေကျင်ဂိုဏ်းဟူ၍ လူသိများလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရွှကျင်နိကာယသာသနာ ရွှေကျင်ဂိုဏ်း စတင်ခဲ့ရာ လွန်ခဲ့သည့်နှစ်ပေါင်း ၁၅၀ ကျော်မှ ယနေ့ထက်တိုင် သာသနာပိုင်ဆရာတော်ကြီး ၁၆ ပါးရှိပြီဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဂိုဏ်းလုံးဝန်ဆောင်နာယက  ဆရာတော်အပါး ၂၀၀ ရှိပြီး အဆိုပါဂိုဏ်းလုံးဝန်ဆောင် နာယက အစည်းအဝေးကို တစ်နှစ်တစ်ကြိမ် ကျင်းပကြောင်း သိရသည်။

ဗုဒ္ဓသာသနာတော်လုံးဆိုင်ရာ ရွှေကျင်နိကာယသံဃာ့အစည်းအဝေးပွဲကြီးကို မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ်မှစ၍ သုံးနှစ်တစ်ကြိမ် ကျင်းပလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် သံဃာ့ဂိုဏ်းကြီး ကိုးဂိုဏ်းရှိပြီး ရဟန်းသံဃာစုစုပေါင်း ငါးသိန်းဝန်းကျင်ရှိရာတွင် ရွှေကျင်ဂိုဏ်းဝင် ရှင် ရဟန်းသံဃာတော်မှာ ငါးသောင်းကျော်ခန့် ရှိကာ ယခုနှစ်ဝါဆို စာရင်းများအရ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ရွှေကျင်ဂိုဏ်းဝင် သံဃာတော် စုစုပေါင်း ၅၀၄၇၇ ပါးရှိကြောင်း သိရသည်။

ရွှေကျင်ဂိုဏ်းဝင် သံဃာတော်များသည် ပြည်ပနိုင်ငံများတွင်လည်း သီတဂူ၊ ချမ်းမြေ့ရိပ်သာ၊ ပဏ္ဍိတာရာမ ရွှေတောင်ကုန်း သာသနာ့ရိပ်သာ၊ ဓမ္မဒူတ စသည့် ဗုဒ္ဓသာသနာပြုကျောင်းတိုက်များ တည်ထောင်ပြီး သာသနာပြုလျက်ရှိသည်။

Most Read

Most Recent