နိုင်ငံတော်သမ္မတဦးထင်ကျော် စင်ကာပူနိုင်ငံတွင် ကျန်းမာရေးစစ်ဆေးမှုခံယူပြီး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ

နိုင်ငံတော်သမ္မတဦးထင်ကျော် စင်ကာပူနိုင်ငံတွင် ကျန်းမာရေးစစ်ဆေးမှုခံယူပြီး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ
Published 28 January 2018

နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် စင်ကာပူနိုင်ငံတွင် ကျန်းမာရေးစစ်ဆေးမှုခံယူပြီး မြန်မာနိုင်ငံသို့ ဇန်နဝါရီ ၂၆ ရက် ညနေပိုင်း၌ ပြန်လည်ရောက်ရှိလာကြောင်း နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်ထားသည်။

စင်ကာပူနိုင်ငံသို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ကျန်းမာရေးစစ်ဆေးမှု ခံယူရန်အတွက် ဇန်နဝါရီ ၂၃ ရက်က သွားရောက်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးလည်း စင်ကာပူနိုင်ငံသို့ လိုက်ပါခဲ့ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ဆေးစစ်ခံယူမှုများ ပြုလုပ်ခဲ့ရာ၌ အူလမ်းကြောင်းတွင် Colonic Polyp တွေ့ရှိ၍ ထိုင်းနိုင်ငံတွင် ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၀ ရက်တွင် လိုအပ်သည့် ခွဲစိတ်ကုသမှုများ ဆောင် ရွက်ခဲ့ရာ ခွဲစိတ်ကုသမှု အောင်မြင်မှုရှိကြောင်း  နိုင်ငံတော်သမ္မတရုံးက ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၁ ရက်တွင် သတင်းထုတ်ပြန်ခဲ့သေးသည်။

ထိုသို့ နိုင်ငံတော်သမ္မတ၏ ကျန်းမာရေး အခြေအနေအား ထုတ်ပြန်ပြီးနောက် သတင်းများ၌ ပြန်လည်ထွက်ပေါ်လာသည့် နိုင်ငံတော်သမ္မတဦးထင်ကျော်၏ ဓာတ်ပုံများတွင် ခန္ဓာကိုယ်အနည်းငယ် ပိန်သွားသည့် ပုံစံဖြစ်ပေါ်နေသောကြောင့် နိုင်ငံတော်သမ္မတ၏ ကျန်းမာရေးအရ သမ္မတနေရာတွင် လူစားထိုးအပြောင်းအလဲရှိနိုင်ကြောင်း ထိုစဉ်အချိန်က ပြင်ပ၌ ပြောဆိုမှုများ ရှိနေခဲ့သည်။

သို့ရာတွင် နိုင်ငံတော်သမ္မတဦးထင်ကျော်သည် ကိုယ်အလေးချိန် အနည်းငယ်ကျသွားသည်မှလွဲ၍ ကျန်းမာရေးကောင်းမွန်နေကြောင်း ပါတီတာဝန်ရှိသူအချို့က ပြောကြားထားသည့်အပြင် အစိုးရတာဝန်ရှိသူ အချို့ကလည်း နိုင်ငံတော်သမ္မတဦးထင်ကျော် ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း ထုတ်ဖော်ပြောကြားထားသည်။

ထို့ပြင် နေပြည်တော်၌ ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၈ ရက်ကပြုလုပ်သည့် ၂၀၁၇ ခုနှစ်၊ ပညာရေး ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲဖွင့်ပွဲသို့ တက်ရောက်လာသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား နိုင်ငံတော်သမ္မတ၏ ကျန်းမာရေးအခြေအနေနှင့်ပတ်သက်၍ သတင်းထောက်တစ်ဦးက မေးမြန်းရာတွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်၏ကျန်းမာရေးအခြေအနေ စိုးရိမ်စရာမရှိကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ပြောကြားသည်။

ထို့နောက် နိုင်ငံတော်သမ္မတ၏ ကျန်းမာရေးနှင့်ပတ်သက်၍ သတင်းအမျိုးမျိုး ထွက်ပေါ်နေချိန်တွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ဂျပန်နိုင်ငံ တိုကျိုမြို့၌ ကျင်းပသည့် Universal Health Coverage (UHC) Forum 2017 အဆင့်မြင့်အစည်းအဝေးနှင့် ချစ်ကြည်ရေးခရီး လည်ပတ်ရန် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်မှ ၁၇  ရက်အထိ ဂျပန်နိုင်ငံသို့ သွားရောက်ခဲ့သည်။

Most Read

Most Recent