UNFC ၏ NCA လက်မှတ်ရေးထိုးရေးနှင့်ပတ်သက်သည့် သဘောထားထုတ်ပြန်ချက်အပေါ် UNFC အဖွဲ့အတွင်း အငြင်းပွားမှုဖြစ်ပေါ်

UNFC ၏ NCA လက်မှတ်ရေးထိုးရေးနှင့်ပတ်သက်သည့် သဘောထားထုတ်ပြန်ချက်အပေါ် UNFC အဖွဲ့အတွင်း အငြင်းပွားမှုဖြစ်ပေါ်
Published 28 January 2018

UNFC ၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီတိုးချဲ့ အစည်းအဝေးကို ၂၀၁၇ခုနှစ် နိုဝင်ဘာ ၁၄ ရက်က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ကျင်းပနေစဉ် (UNFC – Burma Facebook)

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC ) ၏ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ် (NCA) လက်မှတ်ရေးထိုးရေးနှင့် ပတ်သက်သည့် သဘောထားထုတ်ပြန်ချက် အပေါ် UNFC အဖွဲ့တွင်း အငြင်းပွားမှု ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

UNFC  အဖွဲ့ဝင်လေးဖွဲ့အနက် မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံးတို့သည် NCA စာချုပ်တွင် မကြာမီ ပါဝင်လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း ဇန်နဝါရီ ၂၃ ရက်တွင် ပူးတွဲသတင်းထုတ်ပြန်ခဲ့သည်။

ထိုသို့ အဖွဲ့ဝင်နှစ်ဖွဲ့က NCA ရေးထိုးမည့် ကိစ္စရပ်အပေါ် သတင်းထုတ်ပြန်ပြီးနောက် UNFC အဖွဲ့ဝင်များ NCA ရေးထိုးနိုင်ရေး အစိုးရသို့ အဆိုပြုထားသည့် အချက်ရှစ်ချက်ကို တရားဝင် နိဂုံးချုပ်နိုင်ရေးအဆင့်ကို အဖွဲ့အတွင်း အကျေအလည် ဆွေးနွေးမည်ဖြစ်ကြောင်း စသည့်အချက်များအပါအဝင် အစိုးရနှင့် UNFC တို့အကြား ၁၇ လကျော်ကြာ ဆွေးနွေးခဲ့သည့် အခြေအနေ အသေးစိတ်များကို ဇန်နဝါရီ ၂၄ ရက် ရက်စွဲဖြင့် UNFC ဗဟိုအလုပ်အမှုဆောင်ကော်မတီက  သဘောထား ပြန်လည်ထုတ်ပြန်ခဲ့သည်။

ထိုကဲ့သို့ UNFC က သဘောထားထုတ်ပြန်ရာတွင် ဆက်သွယ်မေးမြန်းရမည့် ပုဂ္ဂိုလ်အမည်စာရင်း ဖော်ပြထားရာတွင် UNFC ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် နှစ်ဦးဖြစ်သည့် မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင် နိုင်အောင်မငေး၊ ရခိုင်ပြည်အမျိုးသားကောင်စီ (ANC) အထွေထွေအတွင်းရေးမှူး ဦးထွန်းဇော်တို့အား ဖော်ပြခဲ့သည်။

မွန်ပြည်သစ်ပါတီအနေဖြင့် မကြာမီ NCA လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း ကြေညာထားချိန်တွင် UNFC ၏ သဘောထားထုတ်ပြန်မှု၌ ဆက်သွယ်ရမည့် ပုဂ္ဂိုလ်စာရင်းတွင် မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင် နိုင်အောင်မငေး ပါဝင်နေသဖြင့် ပြင်ပတွင် ဝိဝါဒကွဲပြားမှုများ ဖြစ်ပေါ်ခဲ့သည်။

ယင်းကဲ့သို့ ဝိဝါဒကွဲပြားမှုဖြစ်ပေါ်ချိန်တွင် မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ နိုင်အောင်မငေးက UNFC ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တစ်ဦးဖြစ်သော ဦးထွန်းဇော်ထံ UNFC ၏ သဘောထားထုတ်ပြန်ရာတွင် ဆက်သွယ်ရမည့် အမည်စာရင်းတွင် အမည်ထည့်ထားမှုများ ပြန်လည်ဖျက်ပေးရန် စာပေးပို့ထားမှုအပေါ် အသိပေးအကြောင်းကြားလာသည့် အခြေအနေများကို အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူးဦးခင်ဇော်ဦးက ၎င်း၏ Facebook စာမျက်နှာတွင် ဇန်နဝါရီ ၂၅ ရက် ညပိုင်းတွင် ရေးသားခဲ့သည်။

UNFC ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နိုင်အောင်မငေးက ဦးထွန်းဇော်ထံ ပေးပို့ခဲ့သည့်စာတွင် “UNFC မှ ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၄ ရက်နေ့စွဲဖြင့် ထုတ်ပြန်ထားသော ကြေညာချက်သည် CEC အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ရာတွင် မပါဝင်ဘဲ  ထုတ်ပြန်ထားခြင်းဖြစ်ပါသည်။ ထိုထုတ်ပြန်ကြေညာချက်ထဲတွင် ထည့်သွင်းသော အချက်အလက်အားလုံးသည်လည်း ကြိုတင်ညှိနှိုင်း သဘောတူဆုံးဖြတ်ထားခြင်းလည်း မရှိပါ။ ထိုထုတ်ပြန်ကြေညာချက်ထဲတွင် ကျွန်တော်၏နာမည်ကို ကျွန်တော့်အား မမေးမြန်းဘဲ၊ ကျွန်တော်၏ခွင့်ပြုချက်လဲမပါဘဲ ထည့်သွင်းထားခြင်းသည် လုံးဝမသင့်လျော်ပါ။ ယခုကဲ့သို့ ကျွန်တော့်နာမည်အား ခွင့်ပြုချက် မရယူဘဲ အသုံးပြုခဲ့သည့်အတွက် မိမိတို့၏ပါတီအတွင်း ရှေ့လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် ခက်ခဲမှုများနှင့် နားလည်မှုလွဲမှားခြင်းများ ဖြစ်စေသောကြောင့် ဤလုပ်ဆောင်ချက်ကို ကျွန်တော်လုံးဝသဘောမကျပါ။ ထို့ကြောင့် ကျွန်တော်၏နာမည်အား ထိုထုတ်ပြန်ကြေညာချက်ထဲတွင် ဖော်ပြထားခြင်းမှ ချက်ချင်းပယ်ဖျက်ပေးပါရန် အကြောင်းကြားသည်” ဟု ရေးသားထားသည်။

ထို့ပြင် ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူးဦးခင်ဇော်ဦးက Facebook တွင်ရေးသားဖော်ပြချက်၌ UNFC ထုတ်ပြန်ချက်နှင့် ပတ်သက်၍ “ကာယကံရှင်၏ သဘောဆန္ဒ မပါရှိဘဲ မရယူဘဲ ဆောင်ရွက်ခြင်းမှာ မရိုးသားမှုသာ ဖြစ်ပါသည်။ သိရှိသုံးသပ်နိုင်ရန်အတွက် ထပ်ဆင့်ဖော်ပြပေးခြင်း ဖြစ်ပါသည်” ဟု ရေးသားခဲ့သည်။

UNFC ၏သဘောထားထုတ်ပြန်ခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ ဦးထွန်းဇော်ကနိုင်အောင်မငေးထံ ပြန်လည်ပေးပို့သည့်စာ အပါအဝင် “ငြိမ်းချမ်းရေးကော်မရှင်အတွင်း ရေးမှူးဦးခင်ဇော်ဦး၏ Facebook စာမျက်နှာ၌ ဖော်ပြထားသော UNFC ၏ အတွင်းရေး ပေးစာကို အသုံးပြု၍ မရိုးသားမှုအဖြစ် ပြစ်တင်စွပ်စွဲချက်အပေါ် ရှင်းလင်းခြင်း” ခေါင်းစဉ်ဖြင့် UNFC ၏ Facebook စာမျက်နှာတွင် ဇန်နဝါရီ ၂၆ ရက်ညပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

UNFC ၏ Facebook စာမျက်နှာမှတစ်ဆင့်  ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဦးခင်ဇော်ဦးအား တုံ့ပြန်ရေးသားမှုတွင်  UNFC ၏ ဇန်နဝါရီ ၂၄ ရက် ရက်စွဲဖြင့် ထုတ်ပြန်သော NCA လက်မှတ်ရေးထိုးရေးနှင့်ပတ်သက်၍ သဘောထား ထုတ်ပြန်ချက်အပေါ် UNFC ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်သည့် DPN  ဒု-အဖွဲ့ခေါင်းဆောင် နိုင်အောင်မငေးက လုပ်နည်းလုပ်ဟန်နှင့် ၎င်း၏ လုပ်ငန်းပိုင်းဆိုင်ရာ အခြေအနေတို့ကို သိရှိနားလည်နိုင်ရန် ဦးထွန်းဇော်သို့ အတွင်းပေးစာတစ်စောင်ကို ဇန်နဝါရီ ၂၅ ရက် ည ၈ နာရီခန့်တွင် ပေးပို့လာခဲ့ကြောင်း၊ အစိုးရငြိမ်းချမ်းရေးကော်မရှင် (PC) အတွင်းရေးမှူး ဦးခင်ဇော်ဦးအနေဖြင့် အဆိုပါ UNFC အတွင်း ပေးပို့စာကို အသုံးပြု၍ ၎င်း၏ Facebook စာမျက်နှာတွင် နာရီပိုင်းအတွင်း ပူးတွဲဖော်ပြလျက် UNFC ၏ သဘောထားထုတ်ပြန်ချက်အပေါ် မရိုးသားသည့် လုပ်ရပ်အဖြစ် ပြစ်တင်စွပ်စွဲထားကြောင်း၊ PC အတွင်းရေးမှူးအနေဖြင့် ၎င်း၏ ပြစ်တင်စွပ်စွဲမှုကို ခိုင်မာကြောင်း သက်သေပြသည့်အခါ ဆွေးနွေးဖက်အဖွဲ့အစည်းတစ်ခု၏ အတွင်းရေးပေးပို့စာကို အသုံးပြုသွားခဲ့ကြောင်း၊ တိုင်းပြည်၏ အဓိကအခြေခံဖြစ်သော ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်မှုဖြစ်စဉ်တွင် ပါဝင်လုပ်ဆောင်နေသူ PC အတွင်းရေးမှူးတစ်ဦး၏ Facebook စာမျက်နှာမှ ထိုသို့ဖော်ပြချက်ကြောင့် အများပြည်သူ အထင်အမြင်လွဲမှားမှုကို ဖြစ်စေကြောင်းဖော်ပြထားသည်။

ဦးထွန်းဇော်က နိုင်အောင်မငေးထံ ပြန်လည်ပေးပို့သည့်စာတွင် ၂၀၁၈ ခုနှစ် ဇန်နဝါ ရီ ၆ ရက်မှ ၈ ရက်အထိ ပြုလုပ်ခဲ့သော UNFC ဗဟိုအလုပ်အမှုဆောင်ကော်မတီ (တိုးချဲ့) အစည်းအဝေး ဆုံးဖြတ်ချက်အမှတ် (၂)အရ နှစ်ဖက်ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံနိုင် ရေးကိစ္စကို DPN အနေဖြင့် ဆက်လက်ကြိုးပမ်းရန် လုပ်ဆောင်နေစဉ်အတွင်း ဇန်နဝါရီ ၂၃ ရက်တွင် မွန်ပြည်သစ်ပါတီနှင့်လားဟူ ဒီမိုကရက်တစ်အစည်းအရုံးတို့ နှစ်ဖွဲ့တည်းအနေဖြင့် နှစ်ဖက်ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံပွဲကို နေပြည်တော်၌ လုပ်ဆောင်သွားခဲ့ကြပြီး NCA လက်မှတ်ရေးထိုးရန်နှင့် နှစ်ဖွဲ့၏ ပူးတွဲသတင်းထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့ကြကြောင်း၊ UNFC အဖွဲ့ဝင်အဖွဲ့အစည်းများ အနေဖြင့် ဤသို့လုပ်ဆောင်မှုမှာ အထက်ပါ အစည်းအဝေး ဆုံးဖြတ်ချက်နှင့် လွဲချော်မှုရှိကြောင်း၊ အသေးစိတ်ကို UNFC တရားဝင် အစည်းအဝေးတွင် အကျေအလည်ဆွေးနွေး သုံးသပ်သွားရန်သာဖြစ်ကြောင်း ရေးသားထားသည်။

ထို့ပြင် အဓိကဖော်ပြလိုသည်မှာ ယင်းသို့ UNFC အဖွဲ့ဝင်အဖွဲ့အစည်းနှစ်ဖွဲ့က နည်းလမ်းမကျစွာဖြင့် လုပ်ဆောင်ခဲ့မှုကြောင့် UNFC နှင့် UNFC အတွင်းရှိ ကျန်အဖွဲ့ဝင် အဖွဲ့အစည်းများအနေဖြင့် အများပြည်သူ၏ မေးမြန်းမှုကို တရားဝင်တုံ့ပြန်ရန်လိုအပ်လာကြောင်း၊ ထို့ကြောင့် ယခုဖြစ်ရပ်အပေါ် တုံ့ ပြန်သင့်သည်များကို ကြားကျကျ အရှိကိုအရှိ အတိုင်းဖော်ပြ၍ UNFC ဌာနချုပ်ရှိ ဒုတိယ ဥက္ကဋ္ဌ၊ တွဲဖက်အထွေထွေအတွင်းရေးမှူး (၁)တို့နှင့် ညှိနှိုင်းတိုင်ပင် မူကြမ်းရေးသားကာ အချိန်တိုအတွင်း ဗဟိုအလုပ်အမှုဆောင် ကိုးဦးအနက် ခုနစ်ဦး၏ သဘောထားကို အချိန်မီရယူတည်းဖြတ် အတည်ပြုနိုင်ခဲ့ကြောင်း၊ ဆရာနိုင်အောင်မငေးအနေဖြင့်လည်း UNFC  ဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူးတို့နှင့် ညှိနှိုင်းသဘောထားရယူနေမှုတို့ကို UNFC ဗဟိုအလုပ်အမှုဆောင် ကော်မတီ ဆက်သွယ်ရေး ယန္တရားအတွင်း တွေ့မြင်နေရသည်ကို အချိန်နှင့်တစ်ပြေးညီပြသနေကြောင်း နိုင်အောင်မငေးထံ ပြန်လည်ပေးပို့သည့် ဦးထွန်းဇော်၏ စာတွင်ဖော်ပြထားသည်။

UNFC ၏ဥက္ကဋ္ဌတာဝန်ကို လက်ရှိတွင် မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဋ္ဌ နိုင်ဟံသာက တာဝန်ယူထားပြီး ဇန်နဝါရီ ၂၃ ရက်က နေပြည်တော်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့အား မွန်ပြည်သစ်ပါတီက သွားရောက်တွေ့ဆုံရာတွင် နိုင်ဟံသာ ပါဝင်မှုမရှိသည်ကို တွေ့ရသည်။

ထို့အတူ UNFC ၏ပထမအကြိမ် ဗဟိုအလုပ် အမှုဆောင်ကော်မတီအစည်းအဝေး ဆုံးဖြတ်ချက်အမှတ် ၁၃ အရ UNFC ၏တတိယအကြိမ် ကောင်စီသက်တမ်းအတွင်း ပြောရေးဆိုခွင့်ရှိသူများအဖြစ် ခူဦးရယ်၊ နိုင်အောင်မငေး၊ ဦးထွန်းဇော်တို့ကို တရားဝင် တာဝန်ပေးအပ်ထားကြောင်း၊ တရားဝင်တာ ဝန်အပ်နှင်းထားချက်အရ ထုတ်ပြန်ချက်တွင် ပြောရေးဆိုခွင့်ရှိသူများ၏ အမည်နာမဖော်ပြမှုကို သီးခြားခွင့်ပြုချက်တောင်း၍ လုပ်ဆောင်ရန် မလိုအပ်ဟုနားလည်ပြီး ကြိုတင်ခွင့်ပြုချက် တောင်းခံရမည်ဟု လုပ်ထုံးလုပ်နည်းလည်းမရှိကြောင်း၊ UNFC မှ ပေးအပ်ထားသော တာဝန်နှင့်ဝတ္တရားများအရ လက်ရှိတွင်  (နိုင်အောင်မငေးအားရည်ညွှန်း) DPN ဒုတိယအဖွဲ့ခေါင်းဆောင်၊ ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ဝင်၊ ပြောရေးဆိုခွင့်ရှိသူတစ်ဦး ဖြစ်နေသည့်အတွက်ကြောင့် UNFC ၏ ထုတ်ပြန်ချက်အပေါ်တွင် အမည်နာမဖော်ပြချက်မှာ လုပ်နည်းလုပ်ဟန်အရဖြစ်စေ၊ မူဝါဒပိုင်းဆိုင်ရာ အရဖြစ်စေ မှားယွင်းမှုတစ်စုံတစ်ရာ မရှိသည့်အတွက် ထုတ်ပြန်ပြီးသားထုတ်ပြန်ချက်မှ ပယ်ဖျက်ပေးရန် မိမိအနေဖြင့် မည်သို့မျှမဖြစ်နိုင်ကြောင်း ဦးထွန်းဇော်က ရေးသားထားသည်။

Most Read

Most Recent