ကယားပြည်နယ်၏ အမြင့်ဆုံးတောင်တစ်ခုဖြစ်သော ဒီးမော့ဆိုမြို့နယ်ရှိ လွိုင်နမ်ဖတောင်တွင် ခရီးသွားများ စည်းကမ်းမဲ့ အမှိုက်မစွန့်ရန် ဝိုင်းဝန်းလုပ်ဆောင်စေလို

ကယားပြည်နယ်၏ အမြင့်ဆုံးတောင်တစ်ခုဖြစ်သော ဒီးမော့ဆိုမြို့နယ်ရှိ လွိုင်နမ်ဖတောင်တွင် ခရီးသွားများ စည်းကမ်းမဲ့ အမှိုက်မစွန့်ရန် ဝိုင်းဝန်းလုပ်ဆောင်စေလို
Published 28 January 2018

ဒီးမော့ဆိုမြို့နယ်အတွင်းရှိ လွိုင်နမ်ဖတောင်မှ ခရီးသွားများအား တွေ့ရစဉ်

ကယားပြည်နယ်၏ အမြင့်ဆုံးတောင်တစ်ခုဖြစ်သော ဒီးမော့ဆိုမြို့နယ်အတွင်းရှိ လွိုင်နမ်ဖတောင်မှာ ခရီးသွားများမှ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ကြသောကြောင့် လူငယ်အဖွဲ့အစည်းများနှင့် အရပ်ဘက်အဖွဲ့များမှ စည်းကမ်းမဲ့ မစွန့်ပစ်ရန် ဝိုင်းဝန်းလုပ်ဆောင်စေလိုကြောင်း သိရသည် ။

“ကျွန်တော်တို့ ဒီနေ့အမှိုက်ကောက်တာဆို ဆာလာအိတ်နဲ့ ၁၀ အိတ်တောင်ရတယ်။ အိတ်အပိုပါမသွားလို့။ အမှိုက်တွေ ကျန်သေးတယ်။ ကျောက်ကြားထဲက အမှိုက်တွေဆိုလည်း အများကြီးပဲ ကောက်မရဘူး။ လျှိုလိုဖြစ်နေတာကိုး။ ဒေသခံရော ပြည်မကရော ခရီးသွားတွေလာကြတယ်။ ၂၀၁၆ တုန်းကဆို အမှိုက်မရှိဘူး။ ခုတော့ တော်တော်များများ ပစ်ထုတ်ထားတာတွေ့ရတယ်။ အမှိုက်တောင်းလည်း မရှိဘူး” ဟု လွိုင်ကော်တက္ကသိုလ် ခရစ်ယာန်လူငယ်များ မိသဟာရအသင်း မှ စောအယ်ဝါးက ဆိုသည် ။

လွိုင်ကော်မြို့မှ တောင်ခြေအထိ တစ်နာရီခန့်သာသွားရသော ဒီးမော့ဆိုမြို့နယ် အတွင်းရှိ လွိုင်နမ်ဖတောင်မှာ အမြင့်ပေ ၅၀၀၀ အထက်တွင်ရှိပြီး တောင်ပေါ်မှနေ၍ လွိုင်ကော်တစ်မြို့လုံးကို မြင်ရသည့်မြင်ကွင်းရှိသော တောင်ဖြစ်ကြောင်း သိရသည်။

တောင်တက်လမ်းမှာ ခြေလျင်ဖြင့်သာ လျှောက်နိုင်သဖြင့် တောက်တက်ခရီးသွားများ နှစ်သက်သောတောင်ဖြစ်ပြီး ၂၀၁၇ ခုနှစ်မှစ၍ ပြည်တွင်းခရီးသွားများနှင့် ဒေသခံခရီးသွား အများဆုံးလာရောက်သည်ကို တွေ့ရကြောင်း သိရသည် ။

“အများအားဖြင့်တော့အုပ်စုလိုက် လာကြတာများတယ် ။ သူတို့စားစရာသောက်စရာတွေ ယူလာကြတာပေါ့။ မြို့ပေါ်ကကလေးတွေ အများဆုံးလာကြတယ်။ တောင်ထိပ်မှာလည်း ခရစ်ယာန် လက်ဝါးကပ်တိုင်ရှိတယ်။ နောက်မြိုင်ကြီးငူဆရာတော်က အိပ်မက်အရ လာတည်ထားတဲ့ စေတီတစ်ဆူရှိတယ်။ တောင်ထိပ်ကနေရာကျဉ်းတယ် ကျောက်စွန်းကျောက်တုံးတွေနဲ့ အပြန့်မရှိဘူး။ ဒီနှစ်တော့ တော်တော်လာလည်ကြတယ်။ ပြည်မက တောင်တက်အဖွဲ့တွေလည်း မကြာမကြာလာတာ တွေ့ရတယ်” ဟု အိုကေကျေးရွာနေ ဦးစိန်ဝင်းက ပြောကြားသည် ။

လွိုင်နမ်ဖတောင်အား ကယားပြည်နယ်၏ လူထုအခြေပြုခရီးသွားလုပ်ငန်းအတွက်  တောင်တက်ခရီးစဉ် အစီအစဉ်တွင်ထည့်သွင်း သတ်မှတ်ထားပြီး ပြည်ပခရီးသွားများ စိတ်ဝင်စားမှုရှိသော ခရီးစဉ်အဖြစ်တွေ့ရကြောင်းလည်း သိရသည်။

Most Read

Most Recent