ဆန်ကွဲဝယ်လက်များနေသောကြောင့် အချိန်အတန်ကြာ အရောင်းအဝယ်အေးနေသည့် မြောင်းမြဆန်စပါးဈေးကွက်အတွင်း စပါးဈေးနှင့်ဆန်ဈေး ပြန်လည်မြင့်တက်

ဆန်ကွဲဝယ်လက်များနေသောကြောင့် အချိန်အတန်ကြာ အရောင်းအဝယ်အေးနေသည့် မြောင်းမြဆန်စပါးဈေးကွက်အတွင်း စပါးဈေးနှင့်ဆန်ဈေး ပြန်လည်မြင့်တက်
Published 28 January 2018

မြောင်းမြမြို့မှ ဆန်စပါးသိုလှောင်ရုံတစ်ခုအား တွေ့ရစဉ်

ဆန်ကွဲဝယ်လက်များပြားနေသောကြောင့် ဆန်ဈေးကွက်အတွင်း ငါးဘီလျံကျော် လိမ်လည်မှုဖြစ်ပွားပြီးနောက် အချိန်အတန်ကြာ အရောင်းအဝယ်အေးနေသည့် မြောင်းမြ ဆန်စပါးဈေးကွက်အတွင်း စပါးဈေးနှင့် ဆန်ဈေးများ ပြန်လည်မြင့်တက်လာကာ အရောင်းအဝယ်များပြန်လည် လည်ပတ်နေလျက်ရှိကြောင်း သတင်းရရှိသည်။

Export ဈေးကွက်ရှိနေသော ဆန်ကွဲအမှာဝယ်လိုသည်များ ပြန်လည်ရရှိလာသောကြောင့် မြောင်းမြမြို့ရှိ အချိန်အတန်ကြာ ဈေးနှုန်းငြိမ်သက်၍ အရောင်းအဝယ်အေးစက်နေသော ဆန်စပါးဈေးကွက်မှာ ပြန်လည်လှုပ်ရှားလာပြီး ဆန်ကွဲဈေးမှာ ၁၀၅ ပေါင် တစ်အိတ်လျှင် ကျပ် ၁၆၅၀၀ မှ ကျပ် ၁၇၀၀၀  အထိဈေးနှုန်းများ မြင့်တက်ခဲ့ကြောင်း၊ ဆန်ကွဲဈေးမြင့်တက်မှုကြောင့် ဈေးကွက်အတွင်း ဝင်ရောက်မှုနည်းပါးလာနေပြီဖြစ်သော စပါးဈေးနှုန်းများမှာလည်း ပြန်လည်မြင့်တက်လာပြီး မနောသုခကဲ့သို့ စပါးမျိုးမှာ တင်း ၁၀၀ လျှင် ကျပ် ၅၈၀၀၀၀ မှ ကျပ်  ၅၉၀၀၀၀ အထိ ဈေးနှုန်းများရရှိနေကြောင်း၊ ပေါ်ဆန်းကဲ့သို့သော စပါးမျိုးများမှာ တင်း ၁၀၀ လျှင် ၈၅၀၀၀၀ ကျပ်မှ ကျပ် ၈၈၀၀၀၀ အထိ ဈေးနှုန်းများ ရရှိနေကြောင်း၊ ဆန်ကွဲမြင့်တက်သည်နှင့်အမျှ ဆန်ဈေးမှာလည်း အနည်းငယ်ပြန်လည်မြင့်တက်ခဲ့ပြီး မနောသုခကဲ့သို့သော ဆန်များမှာ ၁၀၅ ပေါင် တစ်အိတ်လျှင် ကျပ် ၂၂၀၀၀ ခန့်အထိ ပေါ်ဆန်းကဲ့သို့သော ဆန်များမှာ ၁၀၈ ပေါင် တစ်အိတ်လျှင် ကျပ် ၃၅၀၀၀ ခန့်အထိ မြင့်တက်လာခဲ့ကြောင်း သိရသည်။

“အရောင်းအဝယ်က ပုံမှန်လို့ပဲပြောရမယ်။ ဒီအချိန်က အရောင်းအေးတဲ့ အချိန်ဆိုတော့ အခုဈေးပြန်တက်လာပြီး လုပ်ငန်းနည်းနည်း ပြန်လည်လာတယ်ဆိုတာကလည်း ဆန်ကွဲက Export ရှိနေလို့သာ ၊ ဒီဘက်ကဆန်ဈေးကမြင့်တော့ တကယ်ဆို Export သမားတွေက သိပ်မကိုက်ဘူး။ အမှာရှိနေလို့သာ၊ ကုန်မပြည့်သေးလို့သာ ဖြည့်ဝယ်နေရတဲ့သဘော တရုတ်ဘက်ကလည်း ဒီဘက်က မိုးဆန်ကြမ်းကို သိပ်မကြိုက်ဘူး။ ပေါ်ဆန်းကတော့ ပြည်တွင်းဈေးကွက်ကရှိနေတော့ လည်ပတ်နေသေးတာပေါ့။ ဈေးက ဆက်တက်မလား၊ ပြန်ကျမလားဆိုတာ ဘယ်သူမှမမှန်းရဲဘူး” ဟု ဆန်လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးမျိုးတင့်က ပြောကြားသည်။

ဆန်စပါးဈေးကွက်အတွင်း ငါးဘီလျံကျော် ငွေကြေးလိမ်လည်မှုတစ်ခု ဖြစ်ပွားခဲ့ပြီးနောက် ကုန်သည်အများစုမှာ စက်ပိုင်များ ဒေသခံဆန်ကုန်များထံ တိုက်ရိုက်ချိတ်ဆက် ဝယ်ယူမှုများပြားနေသောကြောင့် နယ်ဆန်ဈေးကွက်များမှာ ယခုရက်ပိုင်းအတွင်း အရောင်းအဝယ်အနည်းငယ် ပြန်လည်မြင့်တက်လာနေကြောင်း သိရသည်။  မင်းသူဝင်းထွဋ်

Most Read

Most Recent