၂၀၁၈ ခုနှစ် ကားမူဝါဒအသစ်ဖြင့် ကားတင်သွင်းမှု တစ်လခန့်အတွင်း အစီးရေ ၆၀၀ နီးပါးရှိပြီး ကားအရောင်းစင်တာများမှ ဝယ်ယူမှု ၇၉ ရာခိုင်နှုန်းခန့်ရှိ

၂၀၁၈ ခုနှစ် ကားမူဝါဒအသစ်ဖြင့် ကားတင်သွင်းမှု တစ်လခန့်အတွင်း အစီးရေ ၆၀၀ နီးပါးရှိပြီး ကားအရောင်းစင်တာများမှ ဝယ်ယူမှု ၇၉ ရာခိုင်နှုန်းခန့်ရှိ
Published 28 January 2018

ရန်ကုန်မြို့အတွင်းရှိ ကားအရောင်းစင်တာတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

၂၀၁၈ ကားတင်သွင်းမှု မူဝါဒအသစ် စတင်ကျင့်သုံးသည့် တစ်လခန့်အတွင်း မူဝါဒအသစ်ဖြင့် ကားတင်သွင်းမှု အစီးရေ ၆၀၀ နီးပါးရှိပြီး တစ်ဦးချင်း ကားအရောင်းစင်တာများမှ ဝယ်ယူမှုသည် ၇၉ ရာခိုင်နှုန်းခန့်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန စာရင်းများအရ သိရသည်။

“မူဝါဒအသစ်နဲ့ လျှောက်ထားတဲ့ဟာက အဓိကလျှောက်တာတွေက အရောင်းပြခန်းနဲ့ အရောင်းစင်တာတွေက များတယ်။ တစ်ဦးချင်းဆို နိုင်ငံခြားကတင်သွင်းတာ မရှိဘူး။ စလစ်နဲ့ပတ်သက်ပြီးတော့ တစ်ဦးချင်းတင်သွင်းတာ နည်းတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားသည်။

၂၀၁၈ ခုနှစ် ကားတင်သွင်းမှု မူဝါဒအသစ်ဖြင့် ကားတင်သွင်းမှုသည် စုစုပေါင်း အရေအတွက် ၅၉၂ စီးရှိကြောင်း၊ ယာဉ်အိုယာဉ် ဟောင်းစလစ်ဖြင့် အစီးရေသုံးစီးသာရှိပြီး ရာခိုင်နှုန်း ၀ ဒသမ ၃ ရာခိုင်နှုန်း၊ ယာဉ်အို ယာဉ်ဟောင်းစလစ်ဖြင့် အရောင်းစင်တာ များမှတင်သွင်းမှု အစီးရေ ၁၂၂ စီးရှိပြီး ရာခိုင်နှုန်း ၂၀ ကျော်နှင့် လူပုဂ္ဂိုလ် တစ်ဦးချင်းအနေဖြင့် ကားအရောင်းပြခန်းနှင့် အရောင်းစင်တာများမှ ဝယ်ယူမှု အစီးရေ ၄၆၇ စီးရှိပြီး ၇၉ ရာခိုင်နှုန်းခန့်ရှိကြောင်း စီးပွား/ကူးသန်း ဝန်ကြီးဌာနမှ သိရသည်။

“ယာဉ်အိုယာဉ်ဟောင်းစလစ်နဲ့ နိုင်ငံခြားကနေ တင်သွင်းတာကတော့ သုံးစီးပဲရှိတယ်။ ယာဉ်အိုယာဉ်ဟောင်းစလစ်နဲ့ အရောင်းစင်တာတွေကနေ တင်ယူခွင့်တောင်းတာက ၁၂၂ စီး၊ နောက် လူပုဂ္ဂိုလ်တစ်ဦးချင်းကနေ ပြခန်းတွေမှာ ဝယ်တာက ၄၆၇ စီး စုစု ပေါင်း ၅၉၂ စီး” ဟု လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားသည်။

မော်တော်ယာဉ်တင်သွင်းခြင်းနှင့်သက်ဆိုင်သော လုပ်ငန်းများကြီးကြပ်ရေးကော်မတီက အောက်တိုဘာ ၁၆ ရက်တွင် အမိန့် ကြော်ငြာစာအမှတ် (၁/၂၀၁၇) ဖြင့် ၂၀၁၈ ခုနှစ်အတွက် ပြည်ပမှ မော်တော်ယာဉ်တင်သွင်းခြင်းတွင် ထုတ်လုပ်သည့်ခုနှစ်သတ်မှတ်ခြင်းကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ယင်းသတ်မှတ်ချက်အရ ယာဉ်အိုယာဉ်ဟောင်း အစီအစဉ် (Consignment စနစ် အပါအဝင်) တွင် လူစီးမော်တော်ယာဉ်များ (၁၃၅၀ စီစီနှင့်အောက် လူစီးယာဉ်များ အပါအဝင်) ၂၀၁၄ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း (ဘယ်မောင်း)၊ ကုန်တင်ယာဉ်များ ၂၀၁၄ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း (ဘယ်မောင်း)၊ ခရီးသည်တင်ယာဉ်များ ၂၀၁၄ မှ ၂၀၁၈ ခု နှစ်အတွင်း (ဘယ်မောင်း) တင်သွင်းရမည် ဖြစ်သည်။

လူပုဂ္ဂိုလ်တစ်ဦးချင်း အစီအစဉ်တွင် လူစီးမော်တော်ယာဉ်များ (၁၃၅၀ စီစီနှင့် အောက် လူစီးယာဉ်များ အပါအဝင်) ၂၀၁၆ မှ ၂၀၁၈ ခုနှစ်အတွင်း (ဘယ်မောင်း)၊ ကုန်တင်ယာဉ်များ ၂၀၁၄ မှ ၂၀၁၈ ခုနှစ်အတွင်း (ဘယ်မောင်း)၊ ခရီးသည်တင်ယာဉ်များ (Mini Bus/ City Bus/ Express Bus/ ၂၀၁၄ မှ ၂၀၁၈ ခုနှစ်အတွင်း (ဘယ်မောင်း) တင်သွင်းရန် သတ်မှတ်ထားသည်။

အစိုးရသစ်လက်ထက်နှင့် ယခင်အစိုးရ ကာလနှစ်ခုပေါင်း ခုနစ်နှစ်တာကာလအတွင်း စုစုပေါင်း ၈၈၆၂၃၄ စီးနှင့် တန်ဖိုးအမေရိကန်ဒေါ်လာ ၁၀၀၀၆ သန်းခွင့်ပြုထားပြီးဖြစ်ကြောင်း စီးပွား/ကူးသန်းဝန်ကြီးဌာန မှ သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့်၂၀၁၁ ခုနှစ်မှစ၍ ပြည်ပမှ မော်တော်ယာဉ်တင်သွင်းခြင်းကို ဖြေလျော့ဆောင်ရွက်ပေးခဲ့ပြီးနောက် ၂၀၁၁- ၂၀၁၂ ဘဏ္ဍာနှစ်တွင် ၄၀၅၆၂ စီး၊ တန်ဖိုး ဒေါ်လာ ၁၀၇၆ သန်း၊ ၂၀၁၂- ၂၀၁၃ ဘဏ္ဍာ နှစ်တွင် ၁၃၅၈၂၀ စီး၊ တန်ဖိုး ဒေါ်လာ သန်း ၁၂၅၀ ၊၂၀၁၃- ၂၀၁၄ ဘဏ္ဍာနှစ်တွင် ၁၄၃၃၆၃  စီး၊ တန်ဖိုးဒေါ်လာ ၁၃၂၁ သန်း၊ ၂၀၁၄- ၂၀၁၅ ဘဏ္ဍာနှစ်တွင် ၂၂၉၄၁၇ စီး၊ တန်ဖိုး ဒေါ်လာ ၁၉၀၆ သန်း၊ ၂၀၁၅- ၂၀၁၆ ဘဏ္ဍာ နှစ်တွင် ၁၄၇၄၉၄ စီး၊ တန်ဖိုး ဒေါ်လာ သန်း ၁၇၄၀၊ ၂၀၁၆- ၂၀၁၇ ဘဏ္ဍာနှစ်တွင် ၁၃၆၉၄၃ စီး၊ တန်ဖိုး ဒေါ်လာ ၁၉၁၁ သန်း၊ ၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ် အောက်တိုဘာလအထိ ၅၂၆၃၅ စီး၊ တန်ဖိုးဒေါ်လာ ၈၀၂ သန်းရှိ ကြောင်း သိရသည်။

 

Most Read

Most Recent