ကချင်ပြည်နယ်တွင် မြစ်ကြီးနား စီးပွားရေးဖွံ့ဖြိုးရေးဇုန်နှင့် ကန်ပိုက်တီး နယ်စပ်ကုန်သွယ်ရေးစစ်ဆေးရေးစခန်း တည်ဆောက်မည်

ကချင်ပြည်နယ်တွင် မြစ်ကြီးနား စီးပွားရေးဖွံ့ဖြိုးရေးဇုန်နှင့် ကန်ပိုက်တီး နယ်စပ်ကုန်သွယ်ရေးစစ်ဆေးရေးစခန်း တည်ဆောက်မည်
Published 27 January 2018

မြစ်ကြီးနား စီးပွားရေးဖွံ့ဖြိုးရေးဇုန်တည်ဆောက်ရေးနှင့် ပတ်သက်၍ တာဝန်ရှိသူများက စီမံကိန်းတည်ရှိရာ နန်ကျင်ကျေးရွာသို့ သွားရောက်စစ်ဆေးစဉ် (Photo: DICA)

ကချင်ပြည်နယ်တွင် မြစ်ကြီးနားစီးပွားရေးဖွံ့ဖြိုးရေးဇုန်နှင့် ကန်ပိုက်တီးနယ်စပ် ကုန်သွယ်ရေး စစ်ဆေးရေးစခန်း တည်ဆောက်မည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရသည်။

မြစ်ကြီးနားစီးပွားရေးဖွံ့ဖြိုးရေးဇုန် တည်ဆောက်ရေးနှင့်ပတ်သက်၍ စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် နှင့် ပြည်နယ်ဝန်ကြီးအဖွဲ့သည် ဇန်နဝါရီ ၂၃ ရက်က စီမံကိန်းတည်ရှိရာ နန်ကျင်ကျေးရွာသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် နန်ကျင်ကျေးရွာအနီးတွင် တရုတ်နိုင်ငံအကူအညီဖြင့် စက်မှုဇုန်နှင့်စီးပွားရေးဇုန် တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် စက်မှုဇုန်နှင့် စီးပွားရေးဇုန် မြေနေရာအတွက် ဧကငါးထောင်ဝန်းကျင်ခန့်ကို တိုင်းတာနေပြီး ဒေသခံတောင်သူများ၏ စိုက်ပျိုးမြေများ၊ ဥယျာဉ်ခြံမြေများ ပါဝင်မှုကို ဥပဒေအတိုင်း ညှိနှိုင်းလုပ်ဆောင်နေကြောင်း၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြသိန်းက  ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက ပြောကြားသည်။“မြေတွေကတော့ တိုင်းပြီးပြီ။ အရင်အစိုးရက တရားဝင်ချပေးပြီး စိုက်ပျိုးထားတာတွေကို ရှင်းလင်းရဦးမယ်။ လုပ်ထုံးလုပ်နည်းအတိုင်း လျော်ကြေးတွေ ပေးရမှာ။ ဇုန်ကတော့ ဘက်စုံပေါ့။ စက်မှု၊ စီးပွားရေး အတွက်ပေါ့။နောက်တစ်ခုက ကန်ပိုက်တီးမှာ ကုန်သွယ်ဇုန်ဆောက်မှာပေါ့။ ဆောက်လုပ်မယ်ဆိုရင်တော့ နိုင်ငံတကာအနေနဲ့ဆိုရင် တရုတ်နိုင်ငံ အကူအညီယူရမယ်။ အခုက မြေယာပြဿနာတွေ ရှင်းပြီးမှ အကောင်အထည်ဖော်ဖို့လုပ်ရမှာပါ။ အခု မြေပြဿနာရှင်းဖို့ ပြည်ထောင်စုကိုတင်ပြရမယ်။သူခွင့်ပြုမှ ရမယ်။ အရင်ရှာထားတဲ့ နေရာကနှစ်ခုပေါ့။ ဝိုင်းမော်ဘက်မှာက တောင်သူတွေ တအားများတော့ ကန့်ကွက်နေတယ်။ ဘာမှလုပ်လို့ မရဘူး”ဟု  ၎င်းက ဆက်လက်ပြောကြားသည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဝိုင်းမော်-ကန်ပိုက်တီး-ချီဗွေလမ်းခွဲနေရာတွင် နယ်စပ်ကုန်သွယ်ရေး စစ်ဆေးရေး စခန်းတည်ဆောက်ရန် လျာထားသည့် မြေနေရာ၌ တာဝန်ရှိသူများက မြေယာရရှိမှု အခြေအနေနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက စီမံကိန်းဆောင်ရွက်မည့်မြေနေရာအတွင်း ဒေသခံ တောင်သူများ နစ်နာဆုံးရှုံးမှုမရှိစေရေးစီမံဆောင်ရွက်ပေးသွားရန်နှင့် စီမံကိန်းဆောင်ရွက်မည့် နေရာဒေသရှိ ကျေးရွာများမှ ပြည်သူများ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုတင်စဉ်းစားဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။

အဆိုပါစီမံကိန်းများနှင့် ပတ်သက်၍ မြေယာကို အကျိုးရှိစွာ အသုံးချရန်လိုအပ်ကြောင်း၊ မိမိတို့ရိုးရာဟန်ဖြင့် အကောင်းဆုံး နယ်စပ်ဂိတ် ဖြစ်စေရေး၊ ဒေသခံတိုင်းရင်းသားတို့၏ အကျိုးစီးပွားကို မျှော်မှန်း၍ ရေရှည်အတွက် စီမံဆောင်ရွက်သွားကြရန်၊ One Stop Service (OSS) လုပ်ငန်းများကို ကုန်သွယ်ရေးဦးစီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနတို့အနေဖြင့် မှန်ကန်မြန်ဆန်စွာဆောင်ရွက်ပေးရန်နှင့် ဌာနအချင်းချင်း ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း ပြည်ထောင်စု ဝန်ကြီးက ဆက်လက်ပြောကြားသည်။

 

Most Read

Most Recent