တရုတ်နိုင်ငံသားတစ်ဦးအား ရွှေရိုင်းတုံးရှစ်ပိဿာနှင့်အတူ တနိုင်းဟူးကောင်းဒေသတွင် ဖမ်းမိ

တရုတ်နိုင်ငံသားတစ်ဦးအား ရွှေရိုင်းတုံးရှစ်ပိဿာနှင့်အတူ တနိုင်းဟူးကောင်းဒေသတွင် ဖမ်းမိ
Published 27 January 2018

ရွှေတုံးများနှင့်အတူ ဖမ်းဆီးရမိသည့် ရှောင်ကျန်းယန်အားတွေ့ရစဉ်

တရုတ်နိုင်ငံသား တစ်ဦးအား ရွှေရိုင်းတုံး ရှစ်ပိဿာနှင့်အတူ တနိုင်းဟူးကောင်းဒေသတွင် ဇန်နဝါရီ ၂၄ ရက်က ဖမ်းမိခဲ့ကြောင်း သတင်းရရှိသည်။

ရဲစခန်းမှတ်တမ်းများအရ တနိုင်းမြို့မှ ခြောက်မိုင်ခန့်အကွာ အောင်လော့ဒ်ကျေးရွာဘက်မှ တနိုင်းမြို့ဘက်သို့ မှောင်းနှင်လာသော ယာဉ်များကို တပ်မတော်တပ်ဖွဲ့ဝင် များက စစ်ဆေးရာ တရားမဝင် ရွှေမှော်လုပ်ငန်းများတွင် လာရောက်လုပ်ကိုင်နေသည့် ရှောင်ကျန်းယန်ကို ရွှေရိုင်းတုံး (မသန့်စင်ရသေးသော ရွှေ) ငါးထုပ်၊ ရွှေခဲပေါင်း ၇၆ တုံး၊ စုစုပေါင်းအလေးချိန် ရှစ်ပိဿာကျော် တွေ့ရှိရကြောင်း သိရသည်။

ကချင်ပြည်နယ် ရဲတပ်ဖွဲ့ဒုရဲမှူးကြီး မျိုးသူရနောင်က “တပ်က မှော်ဘက်ကထွက်လာသူတွေကို စစ်ဆေးတယ်။ မြန်မာနိုင်ငံသား ၁၅ ဦးလောက်ကို မသင်္ကာလို့ စစ်ဆေးတော့ တရုတ်နိုင်ငံသား တရားမဝင် လာရောက်နေသူတစ်ဦးကိုတွေ့တယ်။ တရုတ်နိုင်ငံသားကို စစ်ဆေးတော့ ရွှေရှစ်ပိဿာကျော်ကို တွေ့တယ်။ လဝကနဲ့ စစ်ဆေးတော့ အထောက်အထားမဲ့ ဝင်လာတာပါ။ လဝက အက်နှင့်ရယ်။ ရွှေတူးဖော်မှုနဲ့ ဆက်စပ်ပြီး သတ္တုတွင်း အက်နဲ့လည်း အရေးယူထားပါတယ်။ တရုတ်နိုင်ငံ သားဇာတိက ယူနန်ပြည်နယ် လုံကွေ့မြို့ကလို့ သိရပါတယ်။ တရုတ်နိုင်ငံသားတွေကို  အရင်နှစ်ကလည်း ဟူးကောင်းနယ်မြေမှာ တရားမဝင် ရွှေတူးဖော်မှု ဖမ်းဆီးခဲ့မှုတွေ အများကြီး ရှိခဲ့ပါတယ်” ဟု ပြောကြားသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ တရုတ် နိုင်ငံသားဖြစ်သူ ရှောင်ကျန်းယန် (ဘ) ရှောင်စန်းလျောင်အား တနိုင်းမြို့မရဲစခန်းတွင် (ပ) ၆/၂၀၁၈ ၊ လဝကအက်ဥပဒေ ၁၃ (၁) ဖြင့် လည်းကောင်း၊ (ပ) ၇/၂၀၁၈၊ သတ္တုအက်ဥပဒေ ၃၁ အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်က တပ်မတော်စစ်ကြောင်းတစ်ခုက ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် နောင်ချိန်းကျေးရွာအုပ်စု ညောင်ပင်သာကျေးရွာအနီး ဂျိန်းဖောမြေ ရွှေသတ္တုတူးဖော်ရေးကုမ္ပဏီ၏ ရွှေသတ္တု တူးဖော်ရေးဧက ၂၀ သို့ ရောက်ရှိနေသော  တရားမဝင် ရွှေတူးသည့် တရုတ်နိုင်ငံသား ၃၆ ဦးကို ဖမ်းဆီးခဲ့သည်။

၂၀၁၆ ခုနှစ် ဇူလိုင် ၂၉ ရက်နှင့် ၃၀ ရက်များတွင် ရှဒူဇွပ်ကျေးရွာအနီးတွင် ဇူလိုင် ၂၉ ရက်နှင့် ဇူလိုင် ၃၀ ရက်က တရုတ်နိုင်ငံသား ရှစ်ဦး၊ ဘက်ဟိုးခြောက်စီး၊ ရွှေဖောင်လေးစီး၊ ခေါင်းတို ၁၀ ဘီးယာဉ်တစ်စီးကို တပ်မတော်က ဖမ်းဆီးခဲ့သည်။

၂၀၁၅ နှစ်ဆန်းပိုင်းတွင် ကချင်ပြည်နယ်အတွင်း ဖမ်းမိသော သစ်ခိုးထုတ် တရုတ်နိုင်ငံသားအားလုံးကို လဝက အက်ဥပဒေ ၁၃/၁ အရ သစ်ခိုးထုတ်သူ ၁၅၅ ဦးကို ထောင်ဒဏ် ခြောက်လစီဖြင့် ဧပြီ ၂၂ ရက်က ဝိုင်းမော်မြို့နယ် တရားရုံးကချမှတ်လိုက်ပြီး မူလစွဲဆိုထားသော ပြည်သူပိုင် ၆ (၁)မှ အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်နိုင်သော အပက -၃ ဖြင့် ဧပြီ ၂၂ ရက်နောက်ပိုင်းမှ စ၍ နေ့စဉ်ခရိုင်တရားရုံးတွင် နှစ်ဖွဲ့ခွဲကာ စစ်ဆေးခဲ့သည်။ ၂၀၁၅ ခုနှစ် ဇူလိုင် ၂၂ ရက်တွင် သစ်ခိုးထုတ် တရုတ်နိုင်ငံသား ၁၅၅ ဦးအနက် ၁၅၃ ဦးကို ထောင်ဒဏ် တစ်သက်တစ်ကျွန်းနှင့် ကျန်သုံးဦးကို နှစ်ရှည်ထောင်ဒဏ်များ အသီးသီးချမှတ်ခဲ့ပြီးနောက် ရှစ်ရက်အကြာ ဇူလိုင် ၃၀ ရက်တွင် နိုင်ငံတော် လွတ်ငြိမ်းသက်သာခွင့်ဖြင့် ပြန်လည်လွှတ်ပေးခဲ့သည်။

Most Read

Most Recent