<

တပ်မတော်က မလိခမြစ်ကြောင်းတွင် တရားမ၀င် ရွှေ၊ သတ္တုတူးဖော်သည့်လုပ်ငန်းများကို ရှင်းလင်းမှုကြောင့် ကေအိုင်အေစိုးမိုးနယ်မြေမှ လူပေါင်းရာနှင့်ချီ တိမ်းရှောင်နေ

တပ်မတော်က မလိခမြစ်ကြောင်းတွင် တရားမ၀င် ရွှေ၊ သတ္တုတူးဖော်သည့်လုပ်ငန်းများ ရှင်းလင်းနေမှုကြောင့် ကေအိုင်အေ စိုးမိုးနယ်မြေမှ လူပေါင်းရာနှင့်ချီ တိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။

တပ်မတော်က နယ်မြေရှင်းလင်းမှုကို မလိခမြစ်ကြောင်း တီယန်ဇွပ်အထက်ပိုင်းတွင် ဇန်န၀ါရီ ၁၇ ရက်ကတည်းက လုပ်ဆောင်နေခြင်းဖြစ်ပြီး ကေအိုင်အေလက်နက်ကိုင်အဖွဲ့များနှင့် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်းသိရသည်။

မလိခမြစ်အရှေ့ဘက်ကမ်းဒေသသည် ကေအိုင်အေ တပ်မဟာ (၁) ဒေသအတွင်း ပါဝင်ပြီး တပ်မတော်က လက်နက်ကြီးများပစ်ခတ်မှုကြောင့် လမိုင်ယန်၊ အင်ထန်းဇွပ်၊ ဆွတ်မာဘွမ်၊ ဆွတ်ပရာ ကျေးရွာမှ အိမ်ထောင်စု ၁၃၁ စု (လူဦးရေ ၇၄၅ ဦး) မှာ ယင်းရွာမှ မြောက်ဘက် တစ်မိုင်ဝန်းကျင်ခန့်အကွာ လျှိုမြောင်အတွင်း ဇန်န၀ါရီ ၂၁ ရက်မှစ၍ ပုန်းအောင်းနေရကြောင်း ဒေသခံရွာသားများက ပြောကြားသည်။

ပုန်းအောင်းရာတွင်ရှိနေသည့် သင်းအုပ်ဓမ္မဆရာ ဦးဘန်ဆိုင်းက “စဖြစ်တာ ၁၇ ရက် ကတည်းက။ ကျွန်တော်တို့ရွာမှာ လက်နက်ကြီးကျတာက ၂၁ ရက်မှ ကျတာ။ တပ်ဘက်က မြစ်အနောက်ကမ်း မလိယန်ကနေ ပစ်တာ။  မြစ်အရှေ့ကမ်းဘက်ကို။ ကျွန်တော်တို့က ခြံဝင်းကျယ်ကျယ်နေတော့ လက်နက်ကြီးကျတာ လူတော့မထိခိုက်ဘူး။ ကျွန်တော်တို့က လွန်ခဲ့တဲ့သုံးနှစ်ကတည်းက စစ်တွေဖြစ်လို့ တောင်ပေါ်ကနေဆင်းလာတဲ့ စစ်ရှောင်တွေပေါ့။ အခုရွာနဲ့ တစ်မိုင်လောက်က လျှိုထဲမှာ ပုန်းပြီးနေကြတယ်။  စားသောက်ရေးကတော့ အခက်အခဲရှိနေတယ်။ ဆန်၊ ဆီ၊ ဆား အဓိက လိုတာပေါ့။ ဘယ်သူမှကူညီဖို့မလာနိုင်ဘူး။ တပ်မတော်က ပိတ်ထားတယ်။ ရွာလေးရွာက အိမ်ထောင်စု ၁၃၁ စု၊လူဦးရေ ၇၄၅ ဦးရှိတယ်။ တပ်မတော်ကတော့ မလိခမြစ်အနောက်ကမ်းဘက်မှာ အရှေ့ဘက်ကမ်းကို ကူးလာတာမရှိသေးဘူး။ မနေ့က တစ်နေ့က တစ်နေကုန် ပစ်နေကြတာ။ ဒီနေ့တော့ ပစ်ခတ်သံမကြားရဘူး။ ပြန်တော့ မပြန်ရဲသေးဘူး။ စားစရာလေး တော့ နည်းနည်းကျန်သေးတယ်။ ရက်ကြာရင် စားစရာမရှိ ဖြစ်မှာပါ” ဟုပြောကြားသည်။

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်က ယင်းဒေသသို့ သွားရောက်အကူအညီပေးရန် အစည်းအဝေးများ လုပ်ဆောင်နေကြောင်း ၎င်းက ပြောကြားသည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသူရမျိုးတင်က တပ်မတော်က နယ်မြေသတင်းနှင့် ကောင်းကင်ဓာတ်ပုံများအရ တရားမ၀င် ရွှေသတ္တု တူးဖော်နေသည်ကို တွေ့ရသဖြင့် နယ် မြေရှင်းလင်းရေးလုပ်ဆောင်မှုကို ဇန်န၀ါရီတတိယပတ်မှ စတင်လုပ်ဆောင်ခဲ့ကြောင်း၊ တရားမ၀င်ယာဉ်၊ ယန္တရားများကို သိမ်းပိုက်နိုင်ခြင်းများ ရှိခဲ့ပြီး နယ်မြေရှင်းလင်းမှုကို ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်ကြောင်း၊ ပစ်ခတ်မှုအချို့ရှိနေကြောင်း ပြောကြားသည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံ ရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသူရမျိုးတင်က “မလိခမြစ်ကြောင်းနဲ့ မေခမြစ်ကြောင်းပေါ်မှာ တရားမ၀င် ရွှေသတ္တု တူးဖော်နေတယ်လို့ မြေပြင်သတင်း၊ ကောင်းကင်ဓာတ်ပုံ မှတ်တမ်းတွေရရှိပါတယ်။ အဲဒီအပေါ်မှာ တပ်မတော်ကနေ နယ်မြေရှင်းလင်းရေးတွေ ဆောင်ရွက်ရတာရှိပါတယ်။ ဇန်န၀ါရီ တတိယပတ်ကနေစတာပါ။ ရှင်းလင်းနေတာက မြစ်ကြီးနား-ပူတာအို ပြည်ထောင်စုလမ်းမကြီး အရှေ့ဘက်၊ မလိခမြစ်ကြောင်းတစ်လျှောက်မှာ ဖြစ်ပါတယ်။ ခုအထိလည်း နယ်မြေရှင်းလင်းမှုတွေရှိနေတယ်လို့ သိရပါတယ်။ တရားမ၀င် ရွှေသံဖောင် ၁၂ ဖောင်သိမ်းဆည်းမိ တယ်။  အနောက်ဘက်ကမ်းမှာ ဘက်ဟိုး သုံးစီး၊ မြေသယ်ယာဉ် ခြောက်စီး၊ လုပ်ဒါ နှစ်စီး ရရှိပြီလို့ သိရတယ်။ အသေးစိတ်ကို မသိရသေးဘူး။ မြစ်အရှေ့ကမ်းမှာလည်း အလားတူယာဉ်တွေ တွေ့ရတယ်။လောလောဆယ်တော့ ထိန်းသိမ်းနိုင်ခြင်း မရှိသေးပါဘူး။ တီယန်ဇွပ်အထိက (တပ်မတော်)လုံခြုံရေးစခန်းငယ်တွေ ရှိပါတယ်။မလိခမြစ် အနောက်ကမ်းနဲ့ မေခမြစ်အနောက်ကမ်းဒေသကို NGC  (အစိုးရ ထိန်းချုပ်နိုင်ခြင်းမရှိသည့် ဧရိယာ) ဖြစ်ပါတယ်” ဟုဇန်န၀ါရီ ၂၅ ရက်က  ပြောကြားသည်။

မေခ၊ မလိခ မြစ်ကြောင်းများတွင် ယခင် အစိုးရကာလများက တရားဝင် ခွင့်ပြုချက်များပေးခဲ့ပြီး မြစ်ကြောင်းများတွင် တရားဝင်ရွှေတူးဖော်ခွင့်များကို ပိတ်သိမ်းပြီးနောက်ပိုင်း တရားမ၀င် ရွှေဖောင်များအဖြစ် ကျန်ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြစ်ဆုံအထက်ပိုင်းသည် မေခမြစ်ကြောင်းကို ကားလမ်းကပ်လျက် တည်ရှိခြင်းကြောင့် ယခင်ကတည်းက စက်လှေများအသုံးပြုခွင့်ကို တားမြစ်ထားကြောင်း၊ မလိခမြစ် ကြောင်းကို တီယန်ဇွပ်ကျေးရွာအထိသာ အသုံးပြုခွင့်ပေးထားပြီး ယင်းအထက်ပိုင်းဒေသများမှာ တရားမ၀င်ရွှေနှင့် အခြားသတ္တုတူး ဖော်နေသည့် အချက်များကြောင့် စက်လှေအသုံးပြုခွင့်ကို လိုအပ်ချက်အရ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီးက ဆိုသည်။

တပ်မတော်နှင့်ကေအိုင်အေ ကချင်တိုင်းရင်းသား  လက်နက်ကိုင်အဖွဲ့သည် တနိုင်းဒေသ၊ ဆွမ်ပရာဘွမ်မြို့နယ်အတွင်းရှိ  မလိခ မြစ်ကြောင်းဒေသများ၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်းဒေသများတွင် တရားမ၀င် ပယင်း၊ ရွှေ၊ သစ် စသည့် သယံဇာတ များနှင့် ပတ်သက်၍ ပစ်ခတ်တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

January 26, 2018














Copy Protected by Chetan's WP-Copyprotect.