<

YBS (၂၀) တွင် စီးနင်းလိုက်ပါလာသည့် အမျိုးသားတစ်ဦးက ကုမ္ပဏီ၏ ဂုဏ်သိက္ခာ ကျဆင်းအောင် ရည်ရွယ်ချက်ရှိရှိ ပြောဆိုခဲ့သည် ဟုဆိုကာ ရဲစခန်းတွင် အမှုဖွင့်တိုင်တန်း

YBS (၂၀) မှ ထုတ်ပြန်ထားသည့် ကုမ္ပဏီ၏ ဂုဏ်သိက္ခာ ကျဆင်းအောင် ရည်ရွယ်ချက်ရှိရှိ ပြောခဲ့သည်ဆိုသည့် အမျိုးသားအား တွေ့ရစဉ်

YBS (၂၀) တွင် စီးနင်းလိုက်ပါလာသည့် အမျိုးသားတစ်ဦးက ကုမ္ပဏီ၏ ဂုဏ်သိက္ခာ ကျဆင်းအောင် ရည်ရွယ်ချက်ရှိရှိ ပြောခဲ့သည် ဟုဆိုကာ အမှုဖွင့် တိုင်တန်းခဲ့ကြောင်း Omni Focus General Services Public Co.,Ltd ၏ ဇန်န၀ါရီ  ၂၆ ရက်က သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ဇန်န၀ါရီ ၂၅ ရက်က YBS (၂၀) ယာဉ်ပေါ်ပါ ခရီးသည် အချင်းချင်း ပြဿနာ ဖြစ်ပွားမှုတွင် ခရီးသည် အမျိုးသမီးများအပေါ် ကြမ်းတမ်းစွာ ပြောဆိုဆက်ဆံခဲ့သော အမျိုးသားအား ကုမ္ပဏီ၏ ဂုဏ်သိက္ခာ ကျဆင်းအောင် ရည်ရွယ်ချက်ရှိရှိ ပြောဆိုခဲ့မှုအတွက် သက်ဆိုင်ရာ နယ်မြေရဲစခန်းနှင့် ပူးပေါင်းကာ တိုင်ချက်ဖွင့် ဆောင်ရွက်ခဲ့ကြောင်း ဖော်ပြထားသည်။

ထို့ပြင် ကာယကံရှင် အမျိုးသမီးများ အနေဖြင့် အမှုဖွင့်လိုပါက မိမိတို့ဘက်မှ လိုက်ပါ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်းနှင့် ယာဉ်မောင်းဝန်ထမ်းနှင့် သက်ဆိုင်ရာ ဂိတ်အရာရှိများအား စစ်ဆေးပြီး အချိန်မီ သတင်းပို့ခြင်း ရှိ၊မရှိမှုအပေါ် မူတည်ပြီး ဆက်လက် အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

Omni Focus General Services Public Co.,Ltd က ဗိုလ်တထောင်မြို့မ ရဲစခန်းသို့ တိုင်ကြားခဲ့သည့် အကြောင်းအရာတွင် ၎င်းတို့ ကုမ္ပဏီ၏ ဂုဏ်သိက္ခာ ညှိုးနွမ်းကျဆင်းအောင် မမှန်မကန် လိမ်လည်ပြောဆို ပြုမူသူအား ဥပဒေအရ အရေးယူပေးပါရန် ဖော်ပြထားသည်။

ဇန်န၀ါရီ ၂၅ ရက် ညနေ ၃ နာရီ ၁၀ မိနစ်က ကုမ္ပဏီပိုင် YBS (၂၀) ယာဉ်ပေါ်တွင် လှိုင်သာယာဂိတ်ရင်းမှ ဗိုလ်တထောင် ဂိတ်ဖျားယာဉ် လမ်းကြောင်းအတိုင်း မောင်းနှင်လာစဉ် တာမွေဈေးမှတ်တိုင် အရောက်တွင် အမည်မသိ အသက်ကြီး အမျိုးသား တစ်ဦးနှင့် အမျိုးသမီးနှစ်ဦးတို့ တက်ရောက် စီးနင်းခဲ့ပြီး ဗိုလ်တထောင်မြို့နယ် ဗိုလ်တထောင်ဘုရားလမ်းပေါ်ရှိ အမျိုးသား စီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ်ရှေ့ အရောက်တွင် စတင်စကားများခဲ့ပြီး ဗိုလ်တထောင် ဘုရားဝင်း ဂိတ်ဆုံးမှတ်တိုင်အထိ စကားများသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

၎င်းဖြစ်စဉ်တွင် အမည်မသိ အမျိုးသား တစ်ဦးက Omni Focus General Services Public Co.,Ltd ၏ ဂုဏ်သိက္ခာ ညှိုးနွမ်းစေရန်အတွက် ရည်ရွယ်ချက်ရှိရှိ မမှန်မကန် လုပ်ကြံလိမ်လည် ပြောဆိုခြင်းများ ပြုလုပ်ခဲ့သောကြောင့် အဆိုပါ အမျိုးသားအား ဥပဒေအရ အရေးယူပေးရန် တိုင်ကြားခဲ့သည်။

January 26, 2018














Copy Protected by Chetan's WP-Copyprotect.