မန္တလေးအဆင့်မြင့် ဈေးချိုတော်ကို ဖောက်ထွင်းရန် နှစ်လအတွင်း လေးကြိမ် ကြိုးစားခံရသဖြင့် ဈေးလုံခြုံရေး တိုးမြှင့်ဆောင်ရွက်မည်

မန္တလေးအဆင့်မြင့် ဈေးချိုတော်ကို ဖောက်ထွင်းရန် နှစ်လအတွင်း လေးကြိမ် ကြိုးစားခံရသဖြင့် ဈေးလုံခြုံရေး တိုးမြှင့်ဆောင်ရွက်မည်
Published 27 January 2018

ဖောက်ထွင်းခံရမှုကြောင့် ပျက်စီးသွားသော နှင်းဆီရုံ ပထမထပ်ရှိ မှန်ဘီရိုများ၊ တံခါးများကို တွေ့ရစဉ်

မန္တလေးမြို့ အဆင့်မြင့် ဈေးချိုတော်အား နှစ်လအတွင်း လေးကြိမ်မြောက် ဖောက်ထွင်းရန် ကြိုးစားခံရပြီး နောက်ဆုံးအကြိမ်ဖြစ်သော ဇန်နဝါရီ ၂၅ ရက် ညပိုင်းက ဖောက်ထွင်းမှုတွင်မူ ဈေးချိုတော် ပထမထပ်၊ နှင်းဆီရုံ၊ ဆိုင်အမှတ် (၇၀) မှ ကောင်တာအတွင်း သိမ်းထားသော ကျပ်သုံးသိန်းကျော် ပါသွားခဲ့ပြီး အဆိုပါ ဖြစ်စဉ်များကြောင့် ဈေးချိုတော် လုံခြုံရေးကို တိုးမြှင့်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

“ပြီးခဲ့တဲ့ ၂၀၁၇ ဒီဇင်ဘာလနဲ့ ၂၀၁၈ ဇန်နဝါရီလအတွင်း အချိန်နှစ်လ အတွင်းမှာ ဈေးချိုတော်ရဲ့ ညပိုင်းလုံခြုံရေး ထိပါးခံရမှု လေးကြိမ်ရှိခဲ့ပါတယ်။ အခုတစ်ခါကတော့ ဈေးအတွင်း ဝင်ရောက်နိုင်သည်အထိ ဖြစ်ပွားခဲ့ပါတယ်။ ဈေးအကျိုးတော်ဆောင် အဖွဲ့အနေနဲ့ ဈေးရုံများပိတ်ချိန်လူကျန်မှုများ မရှိရန် စိစစ်ဖို့ ရုံကိုယ်စားလှယ်များကို နှိုးဆော်ထားပါပြီ။ သက်ဆိုင်ရာ စည်ပင်သာယာဈေး ဝန်ထမ်းများ စေ့စပ်သေချာစွာ ဆောင်ရွက်ပေးဖို့လည်း ဈေးနဲ့ သားသတ်ဌာနမှူးသို့ တင်ပြထားပါတယ်။ ဈေးဌာနမှူးကလည်း အလေးထား ဆောင်ရွက်ပေးမယ်လို့ အကြောင်းပြန်ထားပါတယ်” ဟု ဈေးအကျိုးဆောင်အဖွဲ့မှ ဦးမြကျော်ဦးက ပြောကြားသည်။

ဇန်နဝါရီ ၂၅ ရက်ညပိုင်းက ဈေးချိုတော်အတွင်းထဲအထိ ဖောက်ထွင်းခံရမှုကြောင့် ဆိုင်တချို့၏ မှန်ဘီရိုများ ပျက်စီးခြင်း၊ တံခါးများ ပျက်စီးခြင်းတို့ ဖြစ်ပေါ်ခဲ့ပြီး အဆိုပါ ဖောက်ထွင်းခံရမှုအား အမှတ် (၆) ရဲစခန်းတွင် တိုင်ချက်ဖွင့်ထားကြောင်း သိရသည်။

လက်ရှိ ဈေးချိုတော်လုံခြုံရေး အခြေအနေများအား မည်သို့မည်ပုံ လုပ်ဆောင်သွားမည့် ကိစ္စရပ်များကို မေးမြန်းရန် ဈေးချိုတော် ကြီးကြပ်ရေးမှူး ဦးကြည်ဝင်း၏ လက်ကိုင်ဖုန်းအား ခေါ်ဆိုသော်လည်း ပြန်လည် ဖြေကြားခြင်း မရှိခဲ့ပါ။

 

Most Read

Most Recent