ပညာရေးဘတ်ဂျက်မြှင့်တင်ပေးရန် ဆန္ဒပြတောင်းဆိုရာတွင် ပါဝင်ခဲ့သည့် မန္တလေးမြို့ရတနာပုံတက္ကသိုလ်ကျောင်းသားများအနက် ကျောင်းသူ ကျောင်းသား ၁၂ ဦးအား ကျောင်းမှထုတ်ပယ်

ပညာရေးဘတ်ဂျက်မြှင့်တင်ပေးရန် ဆန္ဒပြတောင်းဆိုရာတွင် ပါဝင်ခဲ့သည့် မန္တလေးမြို့ရတနာပုံတက္ကသိုလ်ကျောင်းသားများအနက် ကျောင်းသူ ကျောင်းသား ၁၂ ဦးအား ကျောင်းမှထုတ်ပယ်
Published 27 January 2018

ဇန်နဝါရီ ၂၆ ရက်က ပြုလုပ်သည့် ရတနာပုံတက္ကသိုလ် စီမံခန့်ခွဲရေးအဖွဲ့ အစည်းအဝေးကို တွေ့ရစဉ်

ရတနာပုံ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ ပညာရေး အသုံးစရိတ်တိုးမြှင့်ပေးရန် တောင်းဆိုခဲ့ကြသော ကျောင်းသားကျောင်းသူများအနက် ကျောင်းသားကျောင်းသူ ၁၂ ဦးအား ကျောင်း မှထုတ်ပယ်ကြောင်း ကြော်ညာချက်ကို ဇန်နဝါရီ ၂၆ ၇က် ညနေ ၃နာရီက ကျောင်းသားများထံပေးပို့ကာ အကြောင်းကြားခဲ့ကြောင်း သိရသည်။

အဆိုပါအသိပေးအကြောင်းကြားစာကို ၂၀၁၈ ခုနှစ်ဇန်နဝါရီ ၂၆ ရက် ညနေ ၃ နာရီက သမဂ္ဂရုံးခန်းက ကျောင်းသားများထံ ပေးပို့ခဲ့ကြောင်း၊ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန် စာအုပ်ပါ စည်းကမ်းချက်များအတိုင်း ထုတ်ပယ်ခဲ့ကြောင်း၊ ဆန္ဒပြတောင်းဆိုမှုတွင် ပါဝင်သည့် ရတနာပုံတက္ကသိုလ်မှ ကျောင်းသား ကျောင်းသူများ စုစုပေါင်း ၁၂ ဦးအား ထုတ် ပယ်ခဲ့ခြင်းဖြစ်ကြောင်း၊ ၂၂-၁-၂၀၁၈ မှ ၂၄-၁- ၂၀၁၈ အထိ ရတနာပုံတက္ကသိုလ်လေး ထပ်ဆောင်ရှေ့နှင့် တက္ကသိုလ်ကျောင်းဝင်း အတွင်း စာသင်ခန်းများတွင် ဆန္ဒဖော်ထုတ် ခဲ့သော ကျောင်းသားကျောင်းသူ ၁၄ ဦးအနက် နှစ်ဦးမှာ ကျောင်းမအပ်ရသေးသည့် ပြင်ပမှ ကျောင်းသားနှစ်ဦးဖြစ်ကြောင်း၊ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်ပါ စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များ အပိုင်း (ဃ) အပိုဒ်(၁ )၊ အကျင့်စာရိတ္တပျက်ပြားမှုဆိုင်ရာ ပြစ်မှုများအမှတ်စဉ် (၆) ၊ ကျောင်းစည်းကမ်းဖောက်ဖျက်မှုဆိုင်ရာ ပြစ်မှုများ အမှတ်စဉ် (၁) တို့ကို ဖောက်ဖျက်ကျူးလွန်သောကြောင့် (၂၆.၁.၂၀၁၈) ရက်က ကျင်းပသည့် ရတနာပုံတက္ကသိုလ် စီမံခန့်ခွဲရေးအဖွဲ့အစည်းအဝေး ဆုံးဖြတ်ချက်အရ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်မှစ၍ သင်တန်းမှရပ်စဲလိုက်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ကြောင်းသိရသည်။

ကျောင်းအပ်လက်ခံရန်အတွက် အသနားခံစာ၊ ကတိဝန်ခံချက်များ ပေးပို့လျှင် ကျောင်းအပ်ပြန်လည် လက်ခံသွားမည်ဖြစ်ကြောင်း၊ ဥပဒေအရ အရေးယူဖမ်းဆီးတရားစွဲဆိုမှု ယခုအချိန်အထိ မရှိသေးကြောင်း၊ ကျောင်းထုတ်ခံရသည့် ကျောင်းသားများမှာလည်း အသနားခံစာ တင်လိုခြင်းမရှိဘဲ တိုက်ပွဲကော်မတီဝင်များနှင့် ညှိနှိုင်းဆွေးနွေးကာ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

“အခု ကျွန်တော်တို့ကျောင်းထုတ်ခံရတဲ့အပေါ် ဘာမှတ်ချက်မှ မပေးလိုဘူး။ ကျောင်းကလည်း ကျောင်းစည်းကမ်းအတိုင်း ပြုလုပ်တာ။ ကျွန်တော်တို့လုပ်ခဲ့တဲ့လုပ်ရပ်က ကျွန်တော်တို့ကောင်းကျိုးအတွက်လည်း မဟုတ်ဘူး။ တစ်နိုင်ငံလုံးမှာရှိတဲ့ ကျောင်းသား ကျောင်းသူတွေ၊ ဆရာ၊ ဆရာမတွေ၊ ပညာ ရေးဝန်ထမ်းတွေအားလုံးအတွက် တောင်းဆိုခဲ့တာဖြစ်တယ်။ ဒါ့ကြောင့်ကျောင်းထုတ်ခံရတဲ့အပေါ် ဘာမှလည်း မှတ်ချက်မပေးလိုပါဘူး။ ကျွန်တော်တစ်ဦးထဲ သဘောထားကတော့ ဒီကိစ္စအပေါ် အသနားခံစာတင်မှာ မဟုတ်ပါဘူး။ ဖြစ်သင့်ဖြစ်ထိုက်တဲ့အရာတစ်ခုကို တောင်းဆိုခဲ့တာဖြစ်တယ်။ အသနားခံစာတင်ပြီး ကျောင်းပြန်တတ်မှာမဟုတ်ပါဘူး။ တိုက်ပွဲကော်မတီဝင်တွေနဲ့ ဒီတိုက်ပွဲကိုဘယ်လို ဆက်လက်အကောင်အထည်ဖော်သွားမလဲဆိုတာကိုပဲ တိုင်ပင်မယ်။ မိဘတွေကတော့ ကျောင်းကကိစ္စတွေပြီးရင် အိမ်ပြန်လာခဲ့ဖို့ပဲပြောပါတယ်။ ကျွန်တော့်ကိုအခြားဘာမှတော့ မပြောပါဘူး” ဟု ရတနာပုံတက္ကသိုလ်ကျောင်း သား ကျော်သီဟရဲကျော်က ပြောသည်။

“သူတို့ရဲ့သက်ဆိုင်ရာ ပြစ်မှုအရဆိုရင် ၆ ရယ်၊ ကျောင်းစည်းကမ်းဆိုင်ရာ ပြစ်မှု ၁ ရယ် အရ ဆောင်ရွက်ရတာဖြစ်တဲ့အတွက်ကြောင့် သူတို့အပေါ်မှာမူတည်မယ်။ သူတို့ကိုသင်တန်းကနေ ရပ်စဲလိုက်တာ။ သူတို့သာ လိမ္မာမယ်ဆိုရင်၊ ပြစ်မှုကျူးလွန်မှု တွေ မရှိဘူးဆိုရင် ကျွန်တော်တို့ဘက်က ပြန်လည် လက်ခံပေးလို့ရတဲ့ အခြေအနေတစ်ခုမှာ ပြန်လည်လက်ခံမယ်။ လုံးဝကြီး ၁၀နှစ်၊  ၃နှစ် အဲလိုထုတ်ပယ်ထားတာတော့ မဟုတ်ဘူး။သူတို့အပေါ် မူတည်တယ်။ သင်တန်းက နေရပ်စဲထားတဲ့ သဘောပါ။ သူတို့ကို ကျောင်းစည်းကမ်းအရ အရေးယူတဲ့သဘောပါ။ ကျောင်းထဲမှာ အခုလိုလုပ်တယ်။ ဆရာ၊ ဆရာမတွေက မလုပ်ဖို့တားတယ်။ စကား နားမထောင်ဘူး။ ငြိမ်းချမ်းစွာ စာသင်နေတဲ့စာသင်ခန်းတွေထဲ အထိ ဝင်ရောက် နှောင့်ယှက်တယ်။ ဒါ့ကြောင့်ကျောင်းစည်းကမ်းအရပဲ အရေးယူတာပါ။” ဟု ပါမောက္ခချူပ် ဒေါက်တာမောင်မောင်နိုင်ကပြောသည်။

အဆိုပါဆန္ဒပြမှုတွင် တက္ကသိုလ်ပေါင်းစုံမှ စုစုပေါင်း ကျောင်းသူကျောင်းသား ၁၀၀ ကျော်ပါဝင်ပြီး ကျောင်းတွင်းမှ ဖယ်ထုတ်ကာ မိဘများထံ ပြန်လည်အပ်နှံသည့် ဇန်နဝါရီ ၂၅ ရက်နံနက်တွင် ၇၂ ဦး ပါဝင်ခဲ့ကြောင်း၊ ကျောင်းသား ၅၉ ဦး ၊ ကျောင်းသူ ၁၄ ဦး ပါဝင် ကြောင်း၊ ဆန္ဒပြတောင်းဆိုမှုကို ဇန်နဝါရီ ၂၂ ရက် နံနက် ၉ နာရီမှ စတင်ပြုလုပ်ခဲ့ပြီး ကျောင်းဝင်းအတွင်း ညအိပ်စောင့်ဆိုင်းကာ  ဇန်နဝါရီ ၂၃ ရက်တွင် ကျောင်းဝင်းအတွင်း လှည့်လည်ခြင်း၊ စာသင်ခန်းများအတွင်း ဝင်ရောက်ဆွေးနွေးခြင်းများပြုလုပ်ပြီး ထပ်မံ ညအိပ်စောင့်ဆိုင်းခဲ့ကြောင်း၊ ဇန်နဝါရီ ၂၄ ရက် နံနက်မှ စတင်ကာ ပဲခူးနှင့် မြင်းခြံမှ ကျောင်းသားများ ထပ်မံလာရောက်ပူးပေါင်းခဲ့ပြီး ကျောင်းဝင်းအတွင်း ဆန္ဒပြနေမှုများ ထပ်မံ ပြုလုပ်ခဲ့ကြောင်း၊ ၂၅ ရက် နံနက် ၄ နာရီ ၁၅ မိနစ်တွင် ကျောင်းဝင်းအတွင်းမှ ခေါ်ထုတ်ကာ မိဘများထံပြန်လည်အပ်နှံပြီး နေရပ်သို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း၊ အဆိုပါဆန္ဒပြမှုတွင် တက္ကသိုလ်ပေါင်းစုံမှ ကျောင်းသူ ကျောင်းသားများသည် ပညာရေးအသုံးစရိတ်တိုးမြှင့်ရေး၊ ကျောင်းတွင်းအဆောင်များ တည်ဆောက်ရေး၊ သင်ထောက်ကူပစ္စည်းလုံလောက်ရေးတို့အတွက် တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့က ဒီနေရာမှာတည်ငြိမ်အေးချမ်းမှု ရှိစေဖို့အတွက် သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့အတူကျောင်းသားတွေကိုခေါ်သွားပြီး မန္တလာသီရိအားကစားကွင်းထဲမှာ မိဘတွေထံပြန်လည်အပ်နှံပြီးသက်ဆိုင်ရာ နေရပ်ကိုပို့ဆောင်ပေးခဲ့ပါတယ်။ ဥပဒေဆိုတာက တစ်ဖက်က တိုင်ကြားလာတဲ့အခါ ကျွန်တော်တို့ဘက်က အမှုဖွင့်ရတာရှိပါတယ်။ လက်ရှိအခြေအနေမှာ အခုထိ အမှုဖွင့်တိုင်တန်းထားတာ မရှိသေးတဲ့အတွက် လတ်တလောတော့အရေးယူမှုမရှိပါဘူး” ဟု မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲမှုးကြီး မြင့်ဦးကပြောသည်။

Most Read

Most Recent