မောင်တောနယ်စပ်ကုန်သွယ်ရေးမှ ဆန်တင်ပို့မှုအားကောင်းလာပြီး ဇန်နဝါရီလသုံးပတ်အတွင်း ဆန်အပါအဝင် ပို့ကုန် ဒေါ်လာတစ်သန်းခွဲဖိုးခန့် တင်ပို့နိုင်ခဲ့

မောင်တောနယ်စပ်ကုန်သွယ်ရေးမှ ဆန်တင်ပို့မှုအားကောင်းလာပြီး ဇန်နဝါရီလသုံးပတ်အတွင်း ဆန်အပါအဝင် ပို့ကုန် ဒေါ်လာတစ်သန်းခွဲဖိုးခန့် တင်ပို့နိုင်ခဲ့
Published 27 January 2018

မောင်တောနယ်စပ်ကုန်သွယ်ရေးဖြင့် ဆန်များကို ဘင်္ဂလားဒေ့ရှ်သို့ တင်ပို့ရန် စက်လှေပေါ်တင်ဆောင်နေစဉ်

မောင်တောနယ်စပ်ကုန်သွယ်ရေးမှ ဆန်တင်ပို့မှုအားကောင်းလာနေပြီး ဇန်နဝါရီလ သုံးပတ်အတွင်း ဆန်အပါအဝင် ပို့ကုန် အမေရိကန်ဒေါ်လာ တစ်သန်းခွဲဖိုးခန့် တင်ပို့နိုင်ခဲ့ကြောင်း မောင်တောနယ်စပ်ကုန်သွယ်ရေး ညွှန်ကြားရေးမှူးရုံးမှ သိရသည်။

ဇန်နဝါရီလအတွင်း ပို့ကုန်ပမာဏ တိုးမြှင့်တင်ပို့လာနိုင်ခဲ့သဖြင့် ဇန်နဝါရီ ၁ ရက်မှ ဇန်နဝါရီ ၂၄ ရက်အထိ မောင်တောနယ်စပ် ကုန်သွယ်ရေးမှ ပို့ကုန်တန်ဖိုး ဒေါ်လာ ၁ ဒသမ ၅၅၀ သန်းခန့် ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာလတစ်လလုံး ပို့ကုန်တန်ဖိုးထက် ပိုမို ကုန်သွယ်လာနိုင်ခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း မောင်တောနယ်စပ်ကုန်သွယ်ရေးဖြင့် ပို့ကုန်သီးသန့် ဒေါ်လာ ၁ ဒသမ ၃၂၁ သန်း ဆောင်ရွက်နိုင်ခဲ့ကြောင်းနှင့် ပြီးခဲ့သည့် နိုဝင်ဘာလထဲတွင် ပို့ကုန်ပမာဏ စုစုပေါင်း ဒေါ်လာ ၁ ဒသမ ၄၇၉ သန်း ဆောင်ရွက်နိုင်ခဲ့ကြောင်း မောင် တောနယ်စပ်ကုန်သွယ်ရေးစခန်းမှ သိရသည်။ လက်ရှိတွင် မောင်တောနယ်စပ်မှ ဆန်၊ ငါး ခြောက်၊ ချင်းတို့ကို တင်ပို့လျက်ရှိကြောင်း နှင့် ဘင်္ဂလားဒေ့ရှ်မှ ဆန်ဝယ်လိုအား ကောင်းနေသဖြင့် ဆန်ကို တစ်နေ့လျှင် စက်လှေငါးစင်းခန့်အထိ တင်ပို့နေရကြောင်း သိရသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကုန်သွယ်မှုတွင် မောင်တောနယ်စပ်ကုန်သွယ်ရေးမှ ပို့ကုန်တစ်ခုတည်းကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး သွင်းကုန်လုံးဝမရှိကြောင်းနှင့် အများဆုံး ပို့ကုန်များတွင် ဆန်၊ ငါးခြောက်နှင့် အခြားကုန်များဖြစ်ကြောင်း မောင်တောနယ်စပ်ကုန် သွယ်ရေး ညွှန်ကြားရေးမှူးရုံးမှ သိရသည်။

အကြမ်းဖက်ဖြစ်စဉ်ကြောင့် ရပ်နားခဲ့သည့် မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှ အောက်တိုဘာ ၁၄ ရက်မှစ၍ ပြန်လည် ကုန်သွယ်မှုပြုနေခြင်းဖြစ်ပြီး အောက်တိုဘာ ၁၄ ရက်မှ အောက်တိုဘာ ၃၁ ရက်အထိ ပို့ ကုန် ဒေါ်လာသုံးသိန်းကျော် တင်ပို့ခဲ့သည်။

Most Read

Most Recent