ဖားကန့်ဒေသတွင် ထွက်ရှိခဲ့သည့် အရည်အသွေးမြင့် ကျောက်စိမ်း အရိုင်းတုံးကြီးကို လွှတ်တော် ကိုယ်စားလှယ်များပင် မြင်တွေ့ရန် ခက်ခဲနေဟုဆို

ဖားကန့်ဒေသတွင် ထွက်ရှိခဲ့သည့် အရည်အသွေးမြင့် ကျောက်စိမ်း အရိုင်းတုံးကြီးကို လွှတ်တော် ကိုယ်စားလှယ်များပင် မြင်တွေ့ရန် ခက်ခဲနေဟုဆို
Published 27 January 2018

ဓာတ်ပုံ - ချစ်ကောင်း

ဖားကန့်ဒေသတွင် ထွက်ရှိခဲ့သည့် အရည်အသွေးမြင့် ကျောက်စိမ်းအရိုင်းတုံးကြီးကို လွှတ်တော် ကိုယ်စားလှယ်များပင် မြင်တွေ့ရန် ခက်ခဲနေကြောင်း ဖားကန့်မဲဆန္ဒနယ် အမှတ် (၂) မှ ကချင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဒါရှီလဆိုင်းက ဆိုသည်။

ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ဝှေခါကျေးရွာတွင် ဇန်နဝါရီ ၁၉ ရက်က ထွက်ရှိခဲ့သည့် အရည်အသွေးမြင့် ကျောက်စိမ်း အရိုင်းတုံးကြီးမှာ ယခုအခါ ကျောက်စိမ်းတူးဖော်ရေးဌာန (လုံးခင်း) တွင် ရောက်ရှိနေပြီး ၎င်းကျောက်ကြီးအား မြင်တွေ့ခွင့်ရရန် ဖားကန့်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်သည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင့်စိုးနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဒါရှီလဆိုင်းတို့ ကြိုးစားခဲ့သော်လည်း မြင်တွေ့ခွင့် မရသေးကြောင်း သိရသည်။

“ဒီကျောက်ကို ကျွန်တော်တို့ တွေ့ရဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ အခက်အခဲ ရှိတယ်ပေါ့။ အခုထိ ကျောက်ကို မတွေ့ရသေးပါဘူး။ ဒီကျောက်နဲ့ ပတ်သက်ပြီး ကျွန်တော် ို့က ကိုယ့်အကျိုးစီးပွားအတွက် ဒါမှမဟုတ် လိုက်ဖွဖို့ ကြိုးစားနေသယောင်ယောင် အချို့ပုဂ္ဂိုလ်များက မြင်ကောင်းမြင်မှာပေါ့။ ကျွန်တော်တို့ တွေ့ချင်တယ် ဆိုတာက နိုင်ငံတော်နဲ့ နိုင်ငံသားများရဲ့ အကျိုးစီးပွားအတွက်ပါ။ ဒီကျောက်နဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ က နည်းမှန်လမ်းမှန် ဆောင်ရွက်နိုင်ဖို့ ဖြစ်ပါတယ်။ ကျွန်တော်တို့ မဲဆန္ဒနယ်မြေမှာ ဖြစ်ပေါ်တဲ့ ကောင်းတာဖြစ်ဖြစ် ဆိုးတာဖြစ်ဖြစ် ကျွန်တော်တို့ သိထားဖို့ လိုပါတယ်။ ကျောက်နဲ့ပတ်သက်ပြီး နောက်ဆက်တွဲ သိရတာက  ဒီကျောက်ဟာ တွင်းဝခွန် ၂၀ ရာခိုင်နှုန်း ကောက်ခံပြီးပြီလို့တော့ သိရပါတယ်။ ဒီတွင်းဝခွန်ကို ကုမ္ပဏီက ဈေးဖြတ်ပြီး ဝယ်ခဲ့တဲ့ ကျပ်သိန်းပေါင်း ၁၂၅၀၀ မှာ ကောက်ခံတာလို့ သိရတယ်။ တွင်းဝခွန်ဆောင်ပြီးသား ကျောက်ကတော့ နေပြည်တော် ကျောက်မျက်ပြပွဲကို ရောက်လာရမှာပါ” ဟု ဦးဒါရှီလဆိုင်းက ပြောကြားသည်။

အဆိုပါ အရည်အသွေးမြင့် ကျောက်စိမ်းအရိုင်းတုံးကြီးမှာ ဇန်နဝါရီ ၁၉ ရက်က ဝှေခါကျေးရွာရှိ ကုမ္ပဏီလုပ်ကွက် တစ်ခုတွင်  ရေမဆေးကျောက် ရှာဖွေသူများက တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း၊ ရေမဆေးကျောက် ရှာဖွေသူများမှာ ကုမ္ပဏီလုပ်ငန်းနားချိန်တွင် နားလည်မှုဖြင့် လုပ်ငန်းခွင်အတွင်း ဝင်ရောက် ရှာဖွေခြင်းဖြစ်ပြီး ၎င်းတို့ဝင်ရောက် ရှာဖွေချိန်တွင်မှ ပိဿာချိန် ၂၀၀ ခန့်ရှိ အဆိုပါ အရည်အသွေးမြင့် ကျောက်စိမ်း အရိုင်းတုံးကြီးအား တွေ့ရှိခဲ့ကြောင်း၊ ရေမဆေးသမား စုစုပေါင်း ၃၄၀ မှ ကျောက်ကြီးအား လုပ်ကွက်ပြင်ပသို့ သယ်ထုတ်လာကြရာတွင် ကုမ္ပဏီမှ ကျပ်သိန်းပေါင်း ၁၂၅၀၀ ဖြင့် ရေမဆေးသမားများထံမှ ပြန်လည်ဝယ်ယူခဲ့ကြောင်း သိရသည်။

ယင်းကျောက်ကြီးမှာ ရှားပါးအဖိုးတန်သည့် ကျောက်စိမ်းအရိုင်းတုံးကြီး တစ်လုံးဖြစ်ပြီး လူမှုကွန်ရက် စာမျက်နှာများတွင် ပျံ့နှံ့နေသည့် ဗီဒီယိုဖိုင်အရ အဆိုပါကျောက်မှာ ကျပ်သိန်းပေါင်း မြောက်မြားစွာ တန်ကြေးရှိနိုင်ကြောင်း ဦးဒါရှီလဆိုင်းက ပြောကြားသည်။

“Facebook မှာ တွေ့ရတဲ့ ဗီဒီယိုဖိုင်အရဆို ဒီကျောက်ရဲ့လက်မလောက် အပွင့်တစ်ပွင့်လေး တစ်ပွင့်နဲ့တင် ကျပ်သိန်းပေါင်း တစ်သောင်းလောက် တန်နိုင်တာမျိုး တွေ့ရတယ်။ လိုင်းပေါ်မှာ မြင်တွေ့တဲ့ အနေအထား ဆိုတော့ ခန့်မှန်းရတော့ ခက်ပါတယ်။ မီးထိုးထားတဲ့ အနေအထားမျိုး အထဲမှာလည်း ဖြစ်ရင်တော့ သိန်းကို သိန်းထပ်တဲ့ ကျောက်ဖြစ်မှာပါ။ ဒါကြောင့်လည်း သူများတွေက ပြည်တန်ကျောက်လို့ ပြောနေကြတာပေါ့” ဟု ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဒါရှီလဆိုင်းက ပြောကြားသည်။

Most Read

Most Recent