<

မြောက်ဦးဖြစ်စဉ်အတွင်း ဒဏ်ရာရရှိပြီး ဆေးရုံတက်ကုသခံရသူလေးဦး မြောက်ဦးဆေးရုံမှ ထွက်ပြေးသဖြင့် ရဲတပ်ဖွဲ့ဝင်နှစ်ဦးအား အရေးယူ

ရခိုင်ပြည်နယ် မြောက်ဦးမြို့၌ ဖြစ်ပွားခဲ့သော ဆန္ဒထုတ်ဖော်ရာမှတစ်ဆင့် ထွေအုပ်ရုံး ခြံဝင်းသို့ ၀င်ရောက်ခြင်းအပေါ် သေနတ် ပစ်ဖောက်ခဲ့သည့်အတွက် အသက်သေဆုံးသည့်အပြင် ၁၂ ဦးဒဏ်ရာရရှိရာ စစ်တွေဆေးရုံသို့ ရှစ်ဦးပို့ဆောင်ခဲ့ပြီး မြောက်ဦးဆေးရုံတွင် လေးဦးဆေးကုသမှုခံယူခဲ့ရာ ယင်းတို့မှာ ဇန်န၀ါရီ ၂၃ ရက် ညက ထွက်ပြေးသွားသည့်အတွက် ဆေးရုံ၌တာဝန်ကျနေသော ရဲတပ်ဖွဲ့ဝင်နှစ်ဦးကို အရေးယူထားကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးအောင်မြတ်မိုးက “ဆေးရုံက လူနာတွေ ထွက်ပြေးသွားတာ မှန်ပါတယ်။ ရဲတပ်ဖွဲ့ဝင်အရာရှိတစ်ယောက်နဲ့ အခြားအဆင့်တစ်ယောက်ကိုလည်း အရေးယူထားပါတယ်။ တခြား အချုပ်သားပြေးရင်လည်း ရဲတပ်ဖွဲ့မှာ အရေးယူရပါတယ်။ ပြည်သူပိုင် ပစ္စည်းဖျက်ဆီးမှုနဲ့ ဆေးရုံတက်ကုသခံနေရသူတွေကို အမှုဖွင့်ထားပါတယ်။ တရားဥပဒေအတိုင်း ရဲတပ်ဖွဲ့က ဆောင်ရွက်နေပါတယ်။ ဖမ်းဆီးတယ်ဆိုတာကလည်း လူအင်အား တစ်သောင်းကျော်မှာ အဖြစ်မှန်ကုန်  ဖော်ထုတ်ဖို့အတွက် စစ်ဆေးဖော်ထုတ်ဖို့အတွက် ရမ်းဖမ်းလို့လည်း မရဘူး။ ဒဏ်ရာရတဲ့လူတွေကတော့ အခင်းဖြစ်တာကို ရောက်ခဲ့တယ်ဆိုတဲ့ အထောက်အထားဖြစ်နေတယ်။ ငြင်းလို့မရဘူး။ ကျွန်တော်တို့က တရားရုံးကနေ စိစစ်ပြီး ပြစ်မှုအတိမ်အနက်ကို တရားရုံး အဆုံးအဖြတ်ကိုသာ ခံယူဖို့လိုတယ်လို့ အသိပေးလိုပါတယ်”ဟု ပြောကြားသည်။

ယင်းသို့ထွက်ပြေးသည့်နေ့၌ပင် စစ်တွေဆေးရုံသို့ တက်ရောက်ကုသမှုခံယူနေရသူများကိုလည်း ဆေးရုံအခန်းသို့ ပို့ဆောင်ထားလိုက်ကြောင်းနှင့် ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှု ဥပဒေပုဒ်မ ၆ (၁) ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

 

 

January 26, 2018














Copy Protected by Chetan's WP-Copyprotect.