ပဲခူးရိုးမဒေသ တစ်ခုလုံးကို သစ်တောစီမံအုပ်ချုပ် လုပ်ကိုင်မှုစီမံကိန်း တစ်ကြိမ်စာ ၁၀ နှစ်အထိ ကျွန်းနှင့်သစ်မာ ထုတ်လုပ်ခြင်းမပြုဘဲ ထိန်းသိမ်းကာကွယ်ရန် ဆောင်ရွက်လျက်ရှိ

ပဲခူးရိုးမဒေသ တစ်ခုလုံးကို သစ်တောစီမံအုပ်ချုပ် လုပ်ကိုင်မှုစီမံကိန်း တစ်ကြိမ်စာ ၁၀ နှစ်အထိ ကျွန်းနှင့်သစ်မာ ထုတ်လုပ်ခြင်းမပြုဘဲ ထိန်းသိမ်းကာကွယ်ရန် ဆောင်ရွက်လျက်ရှိ
Published 27 January 2018

ပဲခူးရိုးမအတွင်းရှိ သစ်တောများကို တွေ့ရစဉ်(ဓာတ်ပုံ-ဆန်းထူးအောင်)

မြန်မာ့ကျွန်းသစ် မူရင်းဒေသဖြစ်သော ပဲခူးရိုးမတစ်ခုလုံးကို သစ်တောစီမံအုပ်ချုပ် လုပ်ကိုင်မှုစီမံကိန်း တစ်ကြိမ်စာ ၁၀ နှစ်အထိ ကျွန်းနှင့် သစ်မာထုတ်လုပ်ခြင်း မပြုဘဲ ထိန်းသိမ်းကာကွယ်သွားရန် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်က ပြောကြားသည်။

မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုသည် ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) ၏ ၂၀၁၅ ခုနှစ် သစ်တောသယံဇာတ အကဲဖြတ်ဆန်းစစ်မှု အစီရင်ခံစာအရ နိုင်ငံဧရိယာ၏ ၄၂ ဒသမ ၉၂ ရာခိုင်နှုန်းသာ သစ်တောများ ဖုံးလွှမ်းလျက်ရှိပြီး ကမ္ဘာတွင် သစ်တောပြုန်းတီးမှုနှုန်း တတိယအများဆုံးနိုင်ငံ တစ်နိုင်ငံ ဖြစ်လာခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ အကြောင်းများကြောင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ လမ်းညွှန်မှုဖြင့် သစ်တောဦးစီးဌာန အနေဖြင့် သစ်တောများ ပြန်လည်တည်ထောင်ရေး စီမံကိန်း MRRP (၂၀၁၇-၂၀၁၈ မှ ၂၀၂၆-၂၀၂၇ အထိ) ကို ၂၀၁၇ ခုနှစ်မှ စတင်၍ နိုင်ငံတစ်ဝန်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ကျွန်းနှင့်သစ်မာ ထုတ်လုပ်ခြင်းကို လုံးဝရပ်နားခဲ့ပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှစ၍ သတ်မှတ်နှစ်စဉ် တောထွက်ပမာဏအောက် သိသိသာသာ လျှော့ချထုတ်လုပ်သွားရန်နှင့် မြန်မာ့ကျွန်းသစ် မူရင်းဒေသဖြစ်သော ပဲခူးရိုးမဒေသ တစ်ခုလုံးကို သစ်တောစီမံအုပ်ချုပ် လုပ်ကိုင်မှု စီမံကိန်း တစ်ကြိမ်စာ ၁၀ နှစ်အထိ ကျွန်းနှင့် သစ်မာထုတ်လုပ်ခြင်း မပြုဘဲ အနားပေးခြင်း၊ ပြုစုထိန်းသိမ်း ကာကွယ်ခြင်းများ ဆောင်ရွက်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ဒေါက်တာညီညီကျော်က ပြောကြားသည်။

MRRP စီမံကိန်းတွင် စိုက်ခင်းမူဝါဒ ရေးဆွဲခြင်း၊ သဘာဝတောတန်ဖိုးမြှင့် ထိန်းသိမ်းခြင်း၊ အစိုးရပိုင်နှင့် ပုဂ္ဂလိက သစ်တောစိုက်ခင်းများ တည်ထောင်ခြင်း၊ ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောတည်ထောင်ခြင်း၊ သီးနှံသစ်တော ရောနှောစိုက်ခင်းများ တည်ထောင်ခြင်း၊ ပျိုးပင်များဖြန့်ဝေခြင်း၊ သစ်စေ့နှင့် ပျိုးပင်ဌာနများ တည်ထောင်ခြင်း၊ ငါးနှစ်ပြည့်ပြီး စိုက်ခင်းဟောင်းများ ပြန်လည်ပြုစုခြင်း၊ သစ်စေ့ထုတ်ဧရိယာနှင့် မျိုးသန့်ဥယျာဉ် တည်ထောင်ခြင်း၊  ကြိုးဝိုင်းနှင့် ကြိုးပြင်ကာကွယ်တောများ တိုးချဲ့ဖွဲ့စည်းခြင်း၊ ရေရှိရေး ဆောင်ရွက်ခြင်း၊ အထူးစိမ်းလန်း စိုပြည်ရေး စိုက်ပျိုးခြင်း၊ ထင်းအစား အခြားလောင်စာ တိုးမြှင့်အသုံးချခြင်း၊ သင်တန်းပို့ချခြင်း၊ အသုံးချ သုတေသနများ ဆောင်ရွက်ခြင်းနှင့် တိုးချဲ့ပညာပေးခြင်း လုပ်ငန်းများပါဝင်ပြီး စီမံကိန်းတွင် သစ်တောစိုက်ခင်းပေါင်း ဧရိယာဧက ၃၅၀,၀၀၀ ကျော်ကို တည်ထောင်သွားမည် ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent