လက်ရှိဘဏ္ဍာနှစ် ၁၀ လကျော်အတွင်း ဆန်တန်ချိန် ၂ ဒသမ ၈ သန်းကျော် တင်ပို့ထားပြီး ယခင်နှစ်ကာလတူထက် တန်ဖိုးဒေါ်လာ သန်း ၅၀၀ ကျော် ပိုမိုရရှိထား

လက်ရှိဘဏ္ဍာနှစ် ၁၀ လကျော်အတွင်း ဆန်တန်ချိန် ၂ ဒသမ ၈ သန်းကျော် တင်ပို့ထားပြီး ယခင်နှစ်ကာလတူထက် တန်ဖိုးဒေါ်လာ သန်း ၅၀၀ ကျော် ပိုမိုရရှိထား
Published 27 January 2018

ယခုဘဏ္ဍာနှစ် ၁၀ လကျော်အတွင်း ဆန်တန်ချိန် ၂ ဒသမ ၈ သန်းကျော် တင်ပို့ ထားပြီး ယခင်နှစ်ကာလတူထက် တန်ချိန် ၁ ဒသမ ၇ သန်း တန်ဖိုးဒေါ်လာ သန်း ၅၀၀ ကျော် ပိုမိုရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

“ဆန်က တန်ချိန် ၁ ဒသမ ၆၈၉ သန်း ပိုပို့ထားတယ်။ တန်ဖိုးငွေက ဒေါ်လာ ၈၇၆ သန်းကျော်ရထားတယ်။ ဒီနှစ်မှာဆို ဒေါ်လာ ၅၀၄ သန်း ပိုပြီးရထားတယ်” ဟု စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဇန်နဝါရီ ၁၉ ရက်အထိ ဆန်တန်ချိန် ၂ ဒသမ ၈၁၉ သန်း တင်ပို့ထားပြီး တန်ဖိုး ဒေါ်လာ ၈၇၆ သန်း ကျော်ရ ရှိထားကြောင်း၊ ပြီးခဲ့သည့် ဘဏ္ဍာ နှစ် ကာလတူအချိန်တွင် ဆန်တန်ချိန် ၁ ဒသမ ၁၃၀ သန်းသာ တင်ပို့ထားပြီး တန်ဖိုး ဒေါ်လာ  ၃၇၂  သန်းကျော်သာ ရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှ သိရသည်။

ယခုနှစ်တွင် ဆန်တင်ပို့နေသည့် အိမ်နီးချင်းနိုင်ငံများဖြစ်ကြသည့် ထိုင်း၊ ဗီယက်နမ်၊ ပါကစ္စတန် စသည့်နိုင်ငံများ၌ ဆန်အဟောင်း လက်ကျန်နည်းနေသည့်အတွက် ဆန်လိုအပ်ချက်ရှိနေသည့် နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံမှ ဆန်ကို ပိုမိုဝယ်ယူလာကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ဗြိတိသျှကိုလိုနီခေတ် ၁၉၂၀ မှ ၁၉၄၁ ခုနှစ်ကာများအတွင်း ပြည်ပသို့ ဆန်တန်ချိန် သုံးသန်းအထိ အများဆုံး တင်ပို့နိုင်ခဲ့ကြောင်း၊ လွတ်လပ်ရေးခေတ် နှင့် လွတ်လပ်ရေးနှောင်းပိုင်းများကာလများ အတွင်း ပြည်ပသို့ ဆန်တန်ချိန် အများဆုံး တင်ပို့မှုအဖြစ် ၁၉၅၆၊ ၁၉၅၇၊ ၁၉၅၉ နှင့် ၁၉၆၀ ခုနှစ်များတွင် ဆန်တန်ချိန် တစ်သန်း တင်ပို့ခဲ့ခြင်းသာရှိခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ပြည်ပ သို့ ဆန်တန်ချိန် နှစ်သန်း တင်ပို့ရန် ရည်မှန်းချက်ထား ဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ လက်ရှိ ကာလတွင် အဆိုပါလျာထားချက် ကျော်လွန် တင်ပို့ထားပြီဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေဖြင့် ဆန်စပါးဈေးကွက် ပုံမှန်လည်ပတ်ရေးနှင့် ရေရှည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ပကုန်သည် (International Buyer) များကို ရောင်းချပေးသကဲ့သို့ နှစ်နိုင်ငံအစိုးရအချင်းချင်း ဆက်သွယ်ညှိ နှိုင်းရောင်းချသည့် G to G အစီအစဉ်ကိုပါ ဆောင်ရွက်ရန် နိုင်ငံတော်အစိုးရနှင့် ပူးပေါင်း လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ၂၀၀၈-၂၀၀၉ ဘဏ္ဍာနှစ်မှ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ကိုးနှစ်တာ ကာလအတွင်း ပြည်ပသို့ ဆန်တန်ချိန်အများဆုံးအနေဖြင့် ၁ ဒသမ ၈ သန်းကျော်သာ အများဆုံး တင်ပို့ထားခြင်းဖြစ်သည်။

လာမည့် ၂၀၂၀ ပြည့်နှစ်တွင် ပြည်ပသို့ ဆန်တန်ချိန် သုံးသန်းအထိ တင်ပို့နိုင်ရန်အတွက်ကိုလည်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က စီစဉ်ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။

ဥရောပသမဂ္ဂနိုင်ငံများသို့ မြန်မာနိုင်ငံက သတ်မှတ်အရည်အချင်းမီဆန်များ၊ ပေါ်ဆန်းမွှေးနှင့် ပေါင်းဆန်အပြင် ဆန်ပိုမို တင်ပို့ နိုင်ရေး အစီအစဉ်များအတွက် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် European Commission EU  ကော်မရှင်တို့  ဆွေးနွေးလျက် ရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သတင်းထုတ်ပြန်ထားသည်။

Most Read

Most Recent