အာဆင်နယ်အသင်းတွင် တားမြစ်ဆေးစစ်ဆေးမှုမခံယူခဲ့သည့် ကိစ္စနှင့် ပတ်သက်ပြီး ဆန်းချက်ဇ်အရေးယူခံရမည်မဟုတ်

အာဆင်နယ်အသင်းတွင် တားမြစ်ဆေးစစ်ဆေးမှုမခံယူခဲ့သည့် ကိစ္စနှင့် ပတ်သက်ပြီး ဆန်းချက်ဇ်အရေးယူခံရမည်မဟုတ်
Published 26 January 2018

မန်ယူအသင်း၏ ကစားသမားသစ်ဖြစ်လာသည့် အလက်ဆစ်ဆန်းချက်ဇ်သည် အာဆင်နယ်အသင်းတွင် ရှိစဉ်က တားမြစ်ဆေးစစ်ဆေးမှုမခံယူခဲ့သည့် ကိစ္စနှင့်ပတ်သက်ပြီး အရေးယူခံရမည်မဟုတ်ကြောင်း ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) က ကြေညာခဲ့သည်။

ဆန်းချက်ဇ်သည် အာဆင်နယ်ကစားသမားဘဝအဖြစ်ရှိနေစဉ် တားမြစ်ဆေးစစ်ဆေးရေး တာဝန်ရှိသူတစ်ဦးက ဆီးနမူနာယူရန်အတွက် အာဆင်နယ်အသင်း၏လေ့ကျင့်ရေးကွင်းသို့ လာရောက်မည်ဟု အသိပေးခဲ့သည်။ UEFA ၏ စည်းမျဉ်းတစ်ခုဖြစ်သည့် whereabout rules အရ တားမြစ်ဆေး စစ်ဆေးရေးတာဝန်ရှိသူများသည် ထိပ်တန်းကစားသမားများအား ဆေးစစ်ရန်အတွက် ကစားသမားရှိရာသို့ ရှောင်တခင်လာရောက်စစ်ဆေးရန် အခွင့်အာဏာရှိပြီး ကလပ်အသင်းများကို အသိပေးပြီးပါက ယင်းကလပ်အသင်းက ကစားသမား ရှိနေမည့်နေရာကို အသိပေးရမည်ဖြစ်သည်။

သို့ရာတွင် ဆန်းချက်ဇ်သည် ဆေးစစ်ဆေးမှုပြုလုပ်မည့်အချိန်တွင် မန်ယူအသင်းနှင့် စာချုပ်ချုပ်ဆိုရန် ကိစ္စများဆောင်ရွက်ရန် ပြုလုပ်နေပြီဖြစ်ပြီး အာဆင်နယ်အသင်းတွင် မရှိတော့ရာ ဆေးစစ်ဆေးမှုပြုလုပ်ရန် ကိစ္စကို ပျက်ကွက်ခဲ့သည်။ ယင်းဖြစ်ရပ်တွင် ဆန်းချက်ဇ်၏ အမှား သို့မဟုတ် အာဆင်နယ်အသင်း၏ အမှား ဆိုသည့် အခြေအနေနှင့် ပတ်သက်ပြီး သဲသဲကွဲကွဲမရှိသည့် အနေအထားဖြစ်လာပြီး ဆန်းချက်ဇ်သည် မန်ယူနောက်ခံလူဟောင်း ရီယိုဖာဒီနန်ကဲ့သို့ ကာလရှည်ပွဲပယ်ခံရနိုင်သည်ဆိုသည့် ကောလာဟလများလည်း ထွက်ပေါ်လာခဲ့သည်။ ယင်းအခြေအနေတွင် ဆန်းချက်ဇ်သည် လန်ဒန်မြို့တွင် ရှိနေသည်ဖြစ်စေ၊ အခြားတစ်နေရာရာတွင် ရှိနေသည်ဖြစ်စေ အာဆင်နယ်အသင်းက အစီရင်ခံရမည့်တာဝန်ရှိသော်လည်း အာဆင်နယ်အသင်းအနေဖြင့်မူ ဆန်းချက်ဇ်သည် ၎င်းတို့ ကစားသမားမဟုတ်တော့သည့်အခြေအနေဖြစ်သဖြင့် အကြောင်းကြားခြင်းလည်း မရှိတော့ချေ။

ယင်းကဲ့သို့အခြေအနေမျိုးတွင် ဆန်းချက်ဇ် ပွဲပယ်ခံရနိုင်သည်ဆိုသည့် ကောလာဟလများကို UEFA က ရှင်းရှင်းလင်းလင်း ငြင်းဆန်ပယ်ချခဲ့ပြီး အာဆင်နယ်အသင်းကိုအရေးယူမည်ဆိုခြင်းကိစ္စအပေါ်တွင်လည်း မည်သည့်ထုတ်ပြန်ချက်ကိုမှ မပြုလုပ်ခဲ့ရာ ဆန်းချက်ဇ်သာမက အာဆင်နယ်အသင်းပါ အရေးယူခံရမည့်အခြေအနေနှင့် ရှောင်လွဲှနိုင်ဖွယ်ရှိပြီး မထင်မှတ်ပဲ လွဲချော်သွားသည့် ကိစ္စတစ်ခုအဖြစ်သာ ရှုမြင်ဖွယ်ရှိနေသည်ဟု သတင်းများကဆိုသည်။

ယင်းကဲ့သို့ အရေးယူခံရခြင်းမျိုးကို ယခင်က မန်စီးတီးအသင်း ကြုံဖူးခဲ့ရာတွင် မန်စီးတီးအသင်းသည် ပေါင် (၃၅၀၀၀)သာ ဒဏ်ရိုက်ခံခဲ့ရပြီး အနာဂတ်အပြုအမူများအတွက် သတိပေးခြင်းခံခဲ့ရသည်။ အာဆင်နယ်အသင်းအနေဖြင့်လည်း အရေးယူခံရလျှင်ပင် သေးငယ်သည့် ပြစ်ဒဏ်တစ်ခုခု သို့မဟုတ် သတိပေးခံရခြင်းသာ ဖြစ်ဖွယ်ရှိနေကြောင်း သိရှိရသည်။

Most Read

Most Recent