ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကားကို ကျပ်သိန်းပေါင်း ၁၅၀၀၀ ကျော်ဖြင့် ၂၀၁၉ ခုနှစ်တွင် စတင်ရိုက်ကူးမည်

ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကားကို ကျပ်သိန်းပေါင်း ၁၅၀၀၀ ကျော်ဖြင့် ၂၀၁၉ ခုနှစ်တွင် စတင်ရိုက်ကူးမည်
Published 26 January 2018

ဇန်နဝါရီ ၂၅ ရက်က သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနတွင် ပြုလုပ်သော လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို တွေ့ရစဉ်

ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင်ဇာတ်ကားကို ကျပ်သိန်းပေါင်း ၁၅၀၀၀ ကျော်ဖြင့် ၂၀၁၉ ခုနှစ်တွင် စတင်ရိုက်ကူးမည်ဖြစ်ကြောင်း ဇန်နဝါရီ ၂၅ ရက်က သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနတွင် ပြုလုပ်သည့်  ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ရိုက်ကူး ထုတ်လုပ်နိုင်ရေးလုပ်ငန်းကော်မတီ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက “ကျွန်တော်တို့အားလုံးက ဗိုလ်ချုပ်ရုပ်ရှင် ဇာတ်ကားသိက္ခာရှိရှိ ပေါ်ထွန်းလာဖို့ကို ဝိုင်းဝန်းကူညီပံ့ပိုးတဲ့အလုပ်ကိုပဲ လုပ်မှာဖြစ်ပါတယ်။ နောက်ထပ်အလှူငွေ ကျပ်သိန်းခုနစ်ထောင်ရအောင် အလှူခံသွားပေးပါမယ်။ သိန်း ၁၅၀၀၀ လောက်နဲ့ ကျွန်တော်တို့ ရိုက်ကူးနိုင်ဖို့အတွက်ကို ပထမအကြိမ် အစည်းအဝေးမှာတော့ အကြမ်းဖျင်းညှိနှိုင်းခဲ့ပါတယ်။ ရုံးခန်းဖွင့်ပွဲမှာ ပထမအကြိမ် အလှူငွေပေးအပ်ပွဲကို တစ်ဆက်တည်းကျင်းပသွားမှာ ဖြစ်ပါတယ်။ အလှူရှင်တချို့တော့ ကမ်းလှမ်းထားပါတယ်။ တိကျတဲ့ကတိတော့ မရသေးပါဘူး။ ကျပ်သိန်း ၇၀၀၀ ရဖို့ ကျွန်တော် တာဝန်ယူပါတယ်” ဟု ပြောကြားသည်။

ယင်း ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ရိုက်ကူးမည်ဖြစ်ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနမှ လိုအပ်ချက်များအား ထောက်ပံ့မည်ဖြစ်ကြောင်း သိရသည်။

ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က “ဒီဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင်နဲ့အတူ မြန်မာ့တပ်မတော်ရဲ့ သမိုင်းကလည်း ယှဉ်တွဲပြီးပါလာတဲ့အတွက်ကြောင့် သမိုင်းကြောင်းအထောက်အထားက ခိုင်မာဖို့လိုတယ်လို့ ကျွန်တော်တို့ မှတ်ယူပါတယ်။ ကျွန်တော်တို့ဘက်ကလည်း သမိုင်းပိုင်းဆိုင်ရာ အထောက်အထားနဲ့ ပတ်သက်ပြီးတော့လည်း ဆက်လက်စစ်ဆေးပြီးတော့ ကူညီဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အသုံးအဆောင်ပစ္စည်းတွေ၊ ရုပ်ပိုင်းဆိုင်ရာ ပစ္စည်းအကြောင်းအရာတွေ ကျွန်တော်တို့ မော်ကွန်းတိုက်မှာ ရှိပါတယ်။ သမိုင်းအထောက်အထားနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့စစ်ဆေးသွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိ ရုပ်ရှင်ရိုက်ကူး ထုတ်လုပ်ရေးလုပ်ငန်း၏ ရည်ရွယ်ချက်သည် အမျိုးသားခေါင်းဆောင်ကြီး၏ ဂုဏ်သိက္ခာနှင့်ထိုက်တန်စွာ၊ ပြည်ထောင်စု မြန်မာနိုင်ငံသားအားလုံး၏ ဂုဏ်သိက္ခာနှင့် ထိုက်တန်စွာ အောင်အောင်မြင်မြင် ဆောင်ရွက်ရန်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးသူရ ဦးအောင်ကိုက ပြောကြားသည်။

ဇန်နဝါရီ ၂၅ ရက်က သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနတွင် ပြုလုပ်သည့် ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိ ရုပ်ရှင်ရိုက်ကူး ထုတ်လုပ်နိုင်ရေးလုပ်ငန်းကော်မတီ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ရိုက်ကူး ထုတ်လုပ်ရေးလုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီအသီးသီးတွင် တာဝန်ယူထားသည့် ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူများ၊ ရုပ်ရှင်သရုပ်ဆောင်လူမင်းနှင့် ဦးမင်းထင်ကိုကိုကြီးတို့ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

Most Read

Most Recent