ပဲခူးတိုင်းဒေသကြီး သယံဇာတ၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးနေရာနှင့် စည်ပင်သာယာနှင့် လူမှုရေးဝန်ကြီးနေရာအား ခန့်အပ်

ပဲခူးတိုင်းဒေသကြီး သယံဇာတ၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးနေရာနှင့် စည်ပင်သာယာနှင့် လူမှုရေးဝန်ကြီးနေရာအား ခန့်အပ်
Published 26 January 2018

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တွင် လစ်လပ်သွားသော သယံဇာတ၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးနေရာနှင့် စည်ပင်သာယာနှင့် လူမှုရေးဝန်ကြီး နှစ်နေရာတို့အား သနပ်ပင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစောညိုဝင်းနှင့် သာယာဝတီခရိုင် အုတ်ဖိုမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ညွန့်ညွန့်ဌေးတို့အား ဇန်နဝါရီ ၂၅ ရက်နံနက် ၁၀ မှ စတင်ကျင်းပသော ပဲခူးတိုင်းဒေသကြီးလွှတ်တော်၏ ဒုတိယအကြိမ် အရေးပေါ်အထူးအစည်းအဝေး ၁/၂၀၁၈ ပထမနေ့တွင် လွှတ်တော်ဆုံးဖြတ်ချက်ဖြင့် အတည်ပြု ခန့်အပ်ခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ ပဲခူးတိုင်းဒေသကြီး လွှတ်တော်၏ ဒုတိယအကြိမ် အထူးအစည်းအဝေး ကျင်းပပြီး ဝန်ကြီးနှစ်နေရာအတွက် အစားထိုးခန့်အပ်ရခြင်းမှာ ဇန်နဝါရီ ၁၀ ရက် ညနေပိုင်းတွင် သယံဇာတ၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဦးကျော်မင်းစံနှင့် စည်ပင်သာယာနှင့် လူမှုရေးဝန်ကြီး ဦးမောင်မောင်လွင်တို့မှာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ နုတ်ထွက်စာတင်ခဲ့ပြီး ဇန်နဝါရီ ၁၁ ရက်တွင် နိုင်ငံတော်သမ္မတမှ တရားဝင် နုတ်ထွက်ခွင့်ပြုလိုက်၍ ဝန်ကြီး နှစ်နေရာအတွက် လစ်လပ်သွားသောကြောင့် ဖြစ်ကြောင်း သိရသည်။

လွှတ်တော် အထူးအစည်းအဝေးတွင် လစ်လပ်သွားသော သယံဇာတ၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးနေရာအတွက် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစောညိုဝင်းအားလည်းကောင်း ၊စည်ပင်သာယာနှင့် လူမှုရေးဝန်ကြီးနေရာအတွက် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ညွန့်ညွန့်ဌေးအားလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဝင်းသိန်းက အဆိုတင်သွင်းရာ ပန်းတောင်းမြို့နယ် မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်မိုးထိုက်နှင့် ကြို့ပင်ကောက်မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးစန်းမြင့်တို့က ထောက်ခံဆွေးနွေးခဲ့ပြီး ကန့်ကွက်သူမရှိ၍အတည်ပြု ခန့်အပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အခုရတာက တာဝန်ပါ။ လွှတ်တော်ကိုယ်စားလှယ် လုပ်ပြီဆိုကတည်းက ပြည်သူ့အတွက်ပဲ ကြိုးစားလုပ်ဆောင်ဖို့ပဲ။ ဒီနေရာကို အခုမှခန့်တာဆိုတော့ အားနည်းချက်က ဘာတွေရှိတယ်ဆိုတာ မသိသေးဘူးလေ့လာရဦးမယ်။ဘာတွေလုပ်မယ်ဆိုတာတော့ မပြောနိုင်သေးဘူးပေါ့။ ပြည်သူ့အတွက်ကြိုးစား လုပ်ဆောင်ပါ့မယ်” ဟု စည်ပင်သာယာနှင့် လူမှုရေးဝန်ကြီးအဖြစ် အစားထိုးခန့်အပ်ခံရသော လွှတ်တော်ကိုယ်စားလှယ် ဒေါ်ညွန့်ညွန့်ဌေးက ပြောကြားသည်။

Most Read

Most Recent