ဧရာဝတီတိုင်းအတွင်း တောင်သူများအား စိုက်ပျိုးစရိတ် ချေးငွေချေးပေးမည်၊ ဆိုလာပြားများ တပ်ဆင်ပေးမည်ဟုဆိုကာ ဝန်ဆောင်ခငွေကြေး တောင်းခံနေသည့် ကုမ္ပဏီများအနက် ကုမ္ပဏီအချို့မှာ တရားမဝင်အဖွဲ့များသာ ဖြစ်ဟုဆို

ဧရာဝတီတိုင်းအတွင်း တောင်သူများအား စိုက်ပျိုးစရိတ် ချေးငွေချေးပေးမည်၊ ဆိုလာပြားများ တပ်ဆင်ပေးမည်ဟုဆိုကာ ဝန်ဆောင်ခငွေကြေး တောင်းခံနေသည့် ကုမ္ပဏီများအနက် ကုမ္ပဏီအချို့မှာ တရားမဝင်အဖွဲ့များသာ ဖြစ်ဟုဆို
Published 26 January 2018

ဧရာဝတီတိုင်းဒေသကြီးအတွင်း တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေများ ချေးပေးမည်၊ ဆိုလာပြားများ တပ်ဆင်ပေးမည်ဟုဆိုကာ တောင်သူများပိုင် လယ်ယာမြေပိုင်ဆိုင်ခွင့်လက်မှတ်ပုံစံ(၇)အား တောင်းယူ၍ ဝန်ဆောင်ခငွေကြေးများ တောင်းခံနေသည့် ကုမ္ပဏီများအနက် ရတနာအောင်အမည်ရှိ ကုမ္ပဏီအဖွဲ့အစည်း၊ ဓနတိုးအမည်ရှိ ကုမ္ပဏီအဖွဲ့အစည်း၊ ဓနတိုးဝင်အောင်အမည်ရှိ  ကုမ္ပဏီအဖွဲ့အစည်းများမှာ တရားမဝင်အ ဖွဲ့အစည်းများသာဖြစ်ပြီး တောင်သူများထံမှ ငွေကြေးများ လိမ်လည်တောင်းခံနေခြင်းသာ ဖြစ်သည်ဟု ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဌေးဝင်းက ပြောကြားသည်။

တိုင်းဒေသကြီးအတွင်းရှိ ဒေသခံတောင်သူလယ်သမားများအား ပုံစံ(၇)အား အပေါင်ထားနိုင်လျှင် လယ်တစ်ဧကလျှင် စိုက်ပျိုးစရိတ်ချေးငွေအား ကျပ်ငါးသိန်းအထိ ချေးပေးမည်ဟုဆိုကာ ဝန်ဆောင်ခအဖြစ်  တစ်ဦးလျှင် ကျပ်ငါးထောင်ခန့် တောင်းခံနေသည့် အဖွဲ့အစည်းအချို့ရှိနေကြောင်း၊ ဒေသခံ ပြည်သူများကိုလည်း ကျေးရွာတွင် ဆိုလာမီးများ တပ်ဆင်ပေးမည် ဂျပန်ချေးငွေများ ချထားပေးမည်ဟုဆိုကာ ဝန်ဆောင်ခများ တောင်းခံနေသည့် အဖွဲ့အစည်းအချို့ရှိနေကြောင်း ယင်းအဖွဲ့အစည်းများအနက် ရတနာအောင်ကုမ္ပဏီ၊ ဓနတိုးကုမ္ပဏီ၊ ဓနတိုးဝင်အောင် ကုမ္ပဏီများမှာ တိုင်းဒေသကြီးအစိုးရ အဖွဲ့ထံ ဥပဒေနည်းဥပဒေများနှင့်အညီ မှတ်ပုံတင်ထားခြင်းမရှိသည့် တရားမဝင်အဖွဲ့များသာဖြစ်နေကြောင်း၊ တိုင်းဒေသကြီးအတွင်း အသေးစားငွေကြေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန်အတွက် ခွင့်ပြုပေးထားသည့် တရားဝင်အဖွဲ့အစည်းမှာ ၃၄ ဖွဲ့သာရှိပြီး INGO နှစ်ဖွဲ့၊ NGO လေးဖွဲ့၊ ပြည်တွင်းကုမ္ပဏီ ၂၂ ဖွဲ့၊ ပြည်ပကုမ္ပဏီငါးဖွဲ့၊ အစုအစပ် ကုမ္ပဏီတစ်ဖွဲ့သာရှိကြောင်း၊ တရားဝင်အသေးစား ငွေကြေးလုပ်ငန်းအဖွဲ့အစည်း အမည်စာရင်းများကိုလည်း တိုင်းဒေသကြီးအတွင်းရှိ  ကျေးရွာအုပ်ချုပ်ရေးမှူးများထံကိုပါ ဖြန့်ဝေပေးသွားနိုင်ရန် လုပ်ဆောင်နေပြီး အမည်စာရင်းတွင် မပါဝင်သည့်  အဖွဲ့အစည်းများမှ ချေးငွေများထုတ်ပေးမည်ဟု ပြောကြားလိမ်လည်လာပါက တားမြစ်ရန်နှင့် ဥပဒေအရ အရေးယူဆောင်ရွက်သွားရန်အတွက်ပါ တိုင်းဒေသကြီးအစိုးရမှ ညွှန်ကြားထားကြောင်း သိရသည်။

“ဧရာဝတီတိုင်းအနေနဲ့ ဘာတွေရှိလဲဆိုတော့ တရားဝင်အဖွဲ့အစည်းပေါ့လေ။ အသေးစားငွေကြေးလုပ်ငန်းကို ဆောင်ရွက်နိုင်ဖို့အတွက် တရားဝင်အဖွဲ့အစည်း ၃၄ ဖွဲ့ ကို မြို့နယ် ၂၆ မြို့နယ်ရပ်ကွက် ၂၃၈ ခု ကျေးရွာ ၆၂၄၉ ရွာမှာ ဆောင်ရွက်နေတာ ရှိပါတယ်။ ဒါကို တရားဝင်ဆောင်ရွက်တာပေါ့နော်။ သို့သော်လည်း အခုရက်ပိုင်းအတွင်းမှာပေါ့။ ကုမ္ပဏီအဖွဲ့အစည်းအမည်ခံ အချို့ကနေပြီးတော့ တောင်သူလယ်သမားတွေကို ချေးငွေရမယ်ဆိုပြီးတော့ ပုံစံ(၇) ရှိတဲ့သူတွေကို စိုက်ပျိုးစရိတ်ချေးငွေ ငါးသိန်းရမယ်ဆိုပြီးတော့ လှည့်လည်ပြီးတော့ လိမ်လည်မှုတွေ ရှိနေပါတယ်။ ဖြစ်စဉ်မှာတော့ ရေကြည်မြို့နယ်မှာဆိုရင် ကျွန်တော်တို့ ရတနာအောင်နဲ့ ဓနတိုးကုမ္ပဏီ ဒီကုမ္ပဏီတွေက ပုံစံ(၇) ရှိ လို့ရှိရင် စိုက်ပျိုးစရိတ်ချေးငွေ ရမယ်ဆိုပြီးတော့ လိမ်လည်ပြီး တောင်သူတွေကနေပြီးတော့ ဝန်ဆောင်ခဆိုပြီး တောင်းတာတွေလည်း ရှိပါတယ်။ ဒါတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့က တားဆီးကာကွယ်ဖို့ဆိုပြီး သက်ဆိုင်ရာ ခရိုင်မြို့နယ် ရပ်ကွက်ကျေးရွာ အုပ်စုတွေကို တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ စာထုတ်ထားတာ ရှိပါတယ်။ နောက်ဖြစ်စဉ်တစ်ခုက ဘာလဲဆိုတော့  ကျွန်တော်တို့ ကျောင်းကုန်းရယ်၊ မအူပင်ရယ်၊ မော်လမြိုင်ကျွန်းပေါ့ ဒီမြို့နယ်တွေမှာ ဓနတိုးဝင်းအောင်ဆိုတဲ့  ကုမ္ပဏီတစ်ခုကနေပြီးတော့ လယ်သမားတွေကို ပုံစံ(၇)အမှန်ရှိလို့ရှိရင် ချေးမယ်ဆိုပြီးတော့ လိမ်လည်လှည့်ဖြားတာတွေ ရှိပါတယ်။ ဒါတွေတင်ပြလာလို့ တိုင်းဒေသကြီး အစိုးရအနေနဲ့လည်း တရားမဝင်အဖွဲ့အစည်းတွေဖြစ်ကြောင်း စိစစ်တွေ့ရှိရတဲ့အတွက် လုပ်ငန်းတွေကို ဆက်လက်မဆောင်ရွက်ဖို့၊ နောက်တောင်သူတွေ နစ်နာမှုမရှိစေဖို့၊ တားဆီးဖို့၊ ကာကွယ်ဖို့ ခေါ်ယူမေးမြန်းဖို့အတွက် ဆက်လက်ပြီးတော့  ဆောင်ရွက်နေမယ်ဆိုရင် ဥပဒေအရအရေးယူဖို့ဆိုပြီးတော့ ကျွန်တော်တို့ တိုင်းဒေသကြီးအစိုးရအနေနဲ့ ခရိုင်မြို့နယ် ရပ်ကျေးအထိ ညွှန်ကြားချက်တွေ ထုတ်ထားတာရှိပါတယ်” ဟု ဘဏ္ဍာရေးနှင့် စီမံကိန်းဝန်ကြီး  ဦးဌေးဝင်းက ပြောကြားသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်းတွင် တရားဝင်မှတ်ပုံတင် လုပ်ငန်းလိုင်စင်များမရှိဘဲ အသေးစားငွေချေးလုပ်ငန်းများ လုပ်ဆောင်ပေးမည်ဟုဆိုကာ ကျေးရွာများတွင် လိုက်လံလိမ်လည်ကာ ဒေသခံပြည်သူများထံမှ ငွေကြေးများတောင်းခံနေသည့် အဖွဲ့အစည်းများစွာ ရှိနေသေးကြောင်း သိရသည်။

Most Read

Most Recent