ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီအား ဒုတိယဝန်ကြီးတစ်နေရာ ရယူရန် ထပ်မံကမ်းလှမ်းလာပြီး နိုင်ငံရေးသဘောတူညီချက် မဟုတ်ဘဲနေရာပေးသည့်ပုံစံမျိုးကို လက်ခံမည်မဟုတ်ဟု SNLD ပြောကြား

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီအား ဒုတိယဝန်ကြီးတစ်နေရာ ရယူရန် ထပ်မံကမ်းလှမ်းလာပြီး နိုင်ငံရေးသဘောတူညီချက် မဟုတ်ဘဲနေရာပေးသည့်ပုံစံမျိုးကို လက်ခံမည်မဟုတ်ဟု SNLD ပြောကြား
Published 26 January 2018

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီအား တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး နေရာရယူရန် ကမ်းလှမ်းလာကြောင်း SNLD တွဲဖက်အတွင်းရေးမှူး (၂) စိုင်းကျော်ညွန့်က ဇန်နဝါရီ ၂၅ ရက်တွင် ပြောကြားသည်။

ထိုသို့ ဒုတိယဝန်ကြီးနေရာ ရယူရန် ကမ်းလှမ်းမှုသည် နိုင်ငံရေးသဘောတူညီချက်မဟုတ်ဘဲ နေရာပေးသည့် ပုံစံမျိုးဖြစ်ပါက လက်ခံမည်မဟုတ်ကြောင်း စိုင်းကျော်ညွန့်က ဆိုသည်။
“အစိုးရအဖွဲ့ထဲက ကျွန်တော်တို့ကို အလွတ်သဘောပြောတာတော့ ရှိပါတယ်။ ဒီ SNLD ထဲက သင့်တော်တဲ့သူတစ်ယောက်ယောက်ပေါ့ဗျာ။ ဒုဝန်ကြီး ကမ်းလှမ်းတယ်ပေါ့ဗျာ။ အဲဒီပုံစံမျိုး ကမ်းလှမ်းတာရှိပါတယ်။ ကျွန်တော်တို့ပါတီက အရင်နဂိုကတည်းက သဘောထားအတိုင်းပဲ။ အရင်သဘောထားဆိုတာက ပါတီချင်း အတူတူလက်တွဲလုပ်ကြမယ်။ ပူးပေါင်းလုပ်ဆောင်ကြမယ်ဆိုရင်လည်း ဒါဆိုရင်ဟုတ်ပြီ။ နိုင်ငံရေးသဘောတူညီမှုတချို့လိုအပ်တာပေါ့ဗျာ။ ဒီလိုလုပ်ကြမယ်ပေါ့ဗျာ။ ဥပမာ NLD နဲ့ SNLD ကတော့ ဒီအလုပ်တွေ အတူတကွလုပ်ကြမယ်။ ပြုမယ်ပေါ့ဗျာ။ ပြောရရင်တော့ နိုင်ငံရေးသဘောတူညီချက် တချို့ပေါ့ဗျာ။ အဲဒီလိုမျိုးကို စေ့စပ်ညှိနှိုင်းရင်တစ်မျိုးပေါ့ဗျာ။ အဲဒီလိုမဟုတ်ဘူး။ သြော် SNLD တော့ ဝန်ကြီးတစ်နေရာစာ ပေးလိုက်ကွာ ဆိုတဲ့ပုံစံမျိုးပဲ စဉ်းစားတယ်ဆိုရင်တော့ဖြင့် ကျွန်တော်တို့က လက်ခံဖို့မရှိပါဘူး”ဟု စိုင်းကျော်ညွန့်က ပြောကြားသည်။

NLD ပါတီအနေဖြင့် ရွေးကောက်ပွဲ အနိုင်ရရှိပြီး အစိုးရစတင်ဖွဲ့စည်းစဉ်ကလည်း အဆိုပါတိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနေရာအား SNLD ပါတီ အထွေထွေအတွင်းရေးမှူး စိုင်းညွန့်လွင်အား တိုက်ရိုက်ကမ်းလှမ်းခဲ့ သော်လည်း ငြင်းပယ်ခဲ့ကြောင်း သိရသည်။

“နောက်ဖြစ်စေချင်တာတစ်ခုကတော့ ကျွန်တော်တို့က နိုင်ငံကိုအတူတကွပူးပေါင်း တည်ဆောက်တယ်ဆိုတော့ကာ ပါတီကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေဗျာ။ ကြီးကြီးသေးသေး တန်းတူဆက်ဆံတဲ့ ပုံစံမျိုးပေါ့ဗျာ။ ကျွန်တော်တို့ SNLD နဲ့ တကယ်ပူးပေါင်း၊ ကျွန်တော်တို့ကို တကယ်ပူးပေါင်းဆောင်ရွက်စေချင်ရင်တော့ဖြင့် နိုင်ငံတော်အတိုင်ပင်ခံလည်းရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ပေါ့လေ။ ကျွန်တော်တို့ ပါတီခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီးတော့ နွေးနွေးထွေးထွေးပေါ့ဗျာ။ နွေးနွေးထွေးထွေး တွေ့ဆုံမယ်။ ပြီးရင် စကားပြောကြမယ်။ ပြီးရင် ဘယ်လို၊ ဘယ်လိုလုပ်မယ်။ ဘယ်လိုပူးပေါင်း အလုပ်လုပ်ကြမယ်ဆိုတဲ့ပုံစံမျိုးကို စဉ်းစားရင်တော့ ပိုကောင်းတာပေါ့ဗျာ။ အဲဒီလိုမှမဟုတ်ဘဲ SNLD တော့ ဝန်ကြီးတစ်နေရာစာယူဗျာ။ ဒီလိုမျိုးပဲဆိုရင်တော့ လက်ခံလို့မရပါဘူး” ဟု စိုင်းကျော်ညွန့်က ပြောကြားသည်။

SNLD ပါတီဥက္ကဋ္ဌ ခွန်ထွန်းဦး အပါအဝင် တိုင်းရင်းသားပါတီခေါင်းဆောင်အချို့ ပါဝင်သည့် ပြည်သူ့လွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPP) နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့သည် ရင်းနှီးသည့် မဟာမိတ်ဆက်ဆံရေးရှိခဲ့ပြီး ယခင်က မကြာခဏတွေ့ဆုံမှုများ ရှိခဲ့သည်။ သို့ရာတွင် နောက်ပိုင်းကာလများတွင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ယခင်ကဲ့သို့ တွေ့ဆုံမှုများ မရှိတော့ပေ။
ယခင် CRPP အဖွဲ့ဝင်ပါတီများအား အခြေခံကာ ပြန်လည်ဖွဲ့စည်းသည့် စည်းလုံးညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့ (UNA) ဝင်ပါတီများအနက် လက်ရှိ NLD အစိုးရလက်ထက်တွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးနေရာအား နိုင်သက်လွင် (မွန်အမျိုး သားပါတီဒုတိယဥက္ကဋ္ဌ-၁)၊ NLD လွှတ်တော် ကိုယ်စားလှယ်အများစု ကြီးစိုးထားသည့် အမျိုးသားလွှတ်တော်တွင် ဒုတိယဥက္ကဋ္ဌတာဝန်အား ဦးအေးသာအောင် (ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌဟောင်း)တို့က ရရှိထားသည်။

SNLD (ကျားခေါင်း) ပါတီသည် ၁၉၈၈ တွင် စတင်တည်ထောင်ခဲ့သည့်ပါတီဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲကာလက ပါတီခေါင်းဆောင်အချို့ ဖမ်းဆီးထိန်းသိမ်း ခံထားရသောကြောင့် ပါတီအားပြန်လည်မှတ်ပုံတင်နိုင်ခြင်း မရှိဘဲ ၂၀၁၂ ခုနှစ်တွင် ပါတီအား ပြန်လည်မှတ်ပုံတင်ခဲ့သည်။

၂၀၁၅ ရွေးကောက်ပွဲတွင် SNLD ပါတီသည် ရှမ်းပြည်နယ်ရှိ မဲဆန္ဒနယ်များတွင် ပြည်သူ့လွှတ်တော် ၁၂ နေရာ၊ အမျိုးသား လွှတ်တော်သုံးနေရာ၊ ပြည်နယ်လွှတ်တော် ၂၄ နေရာနှင့် ကချင်ပြည်နယ်တွင် ပြည်နယ် လွှတ်တော် တစ်နေရာ စုစုပေါင်း နေရာ ၄၀ အနိုင်ရရှိခဲ့ပြီး ရှမ်းပြည်နယ်လွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ် ဒုတိယအများဆုံးဖြစ်သည်။

ထို့ပြင် ၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် SNLD ပါတီသည် ရှမ်းပြည်နယ်ရှိ လစ်လပ်မဲဆန္ဒနယ် ရှစ်နေရာအနက် ခုနစ်နေရာဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ခြောက်နေရာ အနိုင်ရရှိခဲ့သည်။

Most Read

Most Recent