UNFC အဖွဲ့ဝင်နှစ်ဖွဲ့ NCA ရေးထိုးမည်ဟုကြေညာပြီးနောက် အစိုးရသို့ အဆိုပြုထားသည့် အချက်ရှစ်ချက်ကို တရားဝင်နိဂုံးချုပ်နိုင်ရေးအဆင့် အဖွဲ့အတွင်း အကျေအလည် ဆွေးနွေးမည်ဖြစ်ကြောင်း UNFC ထုတ်ပြန်

UNFC အဖွဲ့ဝင်နှစ်ဖွဲ့ NCA ရေးထိုးမည်ဟုကြေညာပြီးနောက် အစိုးရသို့ အဆိုပြုထားသည့် အချက်ရှစ်ချက်ကို တရားဝင်နိဂုံးချုပ်နိုင်ရေးအဆင့် အဖွဲ့အတွင်း အကျေအလည် ဆွေးနွေးမည်ဖြစ်ကြောင်း UNFC ထုတ်ပြန်
Published 26 January 2018

ဇန်နဝါရီ ၂၃ ရက်က နေပြည်တော်၌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် မွန်ပြည်သစ်ပါတီဥက္ကဋ္ဌ နိုင်ထောမွန် ခေါင်းဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံစဉ် (Photo: MSCO)

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင်နှစ်ဖွဲ့ NCA  ရေးထိုးမည်ဟု ကြေညာပြီးနောက် အစိုးရသို့ အဆိုပြုထားသည့်အချက်ရှစ်ချက်ကို UNFC ၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) နှင့် ငြိမ်းချမ်းရေးကော်မရှင် (PC) တို့၏ တရားဝင်နိဂုံးချုပ်နိုင်ရေးအဆင့်ကို အဖွဲ့အတွင်း အကျေအလည်ဆွေးနွေးမည်ဖြစ်ကြောင်း UNFC က ဇန်နဝါရီ ၂၄ ရက် ရက်စွဲဖြင့် သဘောထား ထုတ်ပြန်သည်။

UNFC အဖွဲ့ဝင်လေးဖွဲ့အနက် မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံးတို့က NCA တွင် မကြာမီ ပါဝင်လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း ဇန်နဝါရီ ၂၃ ရက်တွင် နှစ်ဖွဲ့ ပူးတွဲသတင်းထုတ်ပြန်ခဲ့သည်။

UNFC ၏ သဘောထားထုတ်ပြန်ချက်တွင် UNFC အနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် အခြေခံနိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းအရ ညှိနှိုင်းအဖြေရှာရာ၌ ဦးသိန်းစိန် အစိုးရလက်ထက်တွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA) ကို ဖန်တီးတည်ဆောက်ခဲ့ကြောင်း၊ မိမိတို့ကိုယ်တိုင် အားစိုက်ပါဝင်လုပ်ဆောင်ခဲ့သော NCA မှတစ်ဆင့် တည်ငြိမ်သော နိုင်ငံရေးပတ်ဝန်းကျင်ကို တည်ဆောက်ပြီး အဓိပ္ပာယ်ပြည့်ဝ၍ အနှစ်သာရရှိသော နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲအဆင့်သို့ တက်လှမ်းရန် မျှော်မှန်းထားဟု ရေးသားထားသည်။

ထို့ပြင် ဦးသိန်းစိန် အစိုးရလက်ထက်တွင် NCA စာချုပ်မူကြမ်းကို မူချောအဖြစ် အစိုးရဘက်မှ တစ်ဖက်သတ်အတည်ပြုခဲ့သည့်အတွက် အများစုပါဝင်လက်မှတ်ရေးထိုးနိုင်သည့်အနေအထားကို မရောက်ရှိခဲ့ကြောင်း၊ NCA စာချုပ် (မူကြမ်း) တရားဝင် ဆွေးနွေးညှိနှိုင်းရာတွင် ပါဝင်ခဲ့သည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (NCCT) အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်း ၁၆ ဖွဲ့အနက် ခုနစ်ဖွဲ့နှင့် NCCT အဖွဲ့ဝင်မဟုတ်သော အဖွဲ့အစည်းတစ်ဖွဲ့ စုစုပေါင်း ရှစ်ဖွဲ့ ပါဝင်လက်မှတ်ရေးထိုးခဲ့ကြောင်း UNFC ၏ သဘောထားထုတ်ပြန်မှုတွင် ပါရှိသည်။

အဆိုပါရှစ်ဖွဲ့နှင့် အစိုးရတို့ကြား NCA အကောင်အထည်ဖော်ဆောင်မှုတွင် အားနည်းချက်များရှိနေခြင်းတို့ကြောင့် NCA ကို ပိုမိုခိုင်မာစေရန် UNFC အနေဖြင့် အဆိုပြုချက် ရှစ်ချက်ပြုလုပ်ကာ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) က ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ NLD အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင် (PC)  နှင့် DPN တို့အကြား အဆိုပြုချက်ရှစ်ချက် သဘောတူညီမှုရရှိစေရေးအတွက် ဆွေးနွေးညှိနှိုင်းခဲ့သည်မှာ ၁၇ လကျော်လွန်၍ တရားဝင် ဆွေးနွေးပွဲ ရှစ်ကြိမ်မြောက်အထိတိုင် ရောက် ရှိခဲ့ကြောင်း၊ ကိုးကြိမ်မြောက်တွေ့ဆုံမှုကို ချိန်းဆိုထားပြီးမှ ဖျက်သိမ်းခဲ့ရကာ အကြိုညှိနှိုင်းမှုပုံစံဖြင့် ဆောင်ရွက်၍ DPN နှင့် PC တို့အကြား နောက်ဆုံးတစ်ဆို့နေသည့် အဓိကအချက်တစ်ချက်ဖြစ်သော “ဖက်ဒရယ်ဒီမိုကရေစီ” ဝေါဟာရနှင့်ပတ်သက်၍ နှစ်ဖက်ထိပ်သီးခေါင်းဆောင်များအဆင့်တွင် တွေ့ဆုံညှိ နှိုင်းအဖြေရှာရန် သဘောတူခဲ့ကြကြောင်း UNFC ၏ သဘောထားထုတ်ပြန်ချက်တွင် ရှင်းလင်းထားသည်။

ထိုသို့ နှစ်ဖက်ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံ၍ ညှိနှိုင်းအဖြေရှာရန် DPN နှင့် PC တို့အကြား နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းနေချိန်အတွင်း အစိုးရ၊ တပ်မတော်ဘက်က အကျပ်ကိုင် အဖြေရှာသည့်နည်းလမ်းဟောင်းဖြင့်  လုပ်ဆောင်လာခဲ့သောကြောင့် အနှစ်သာရ နှင့် အဓိပ္ပာယ်ရှိသော တွေ့ဆုံဆွေးနွေးမှုတို့ မှာ ပျောက်ကွယ်သွားခဲ့ရကြောင်း UNFC ၏ သဘောထားကြေညာချက်တွင် ပါရှိသည်။

ထိုကဲ့သို့ UNFC အဖွဲ့ဝင်နှစ်ဖွဲ့ NCA တွင် ပါဝင်လက်မှတ်ရေးထိုးမည်ဖြစ်သဖြင့် UNFC ၏ အဆိုပြုချက်ရှစ်ချက်အပေါ် ဆက်လက်ဆွေးနွေးရာတွင် အစုအဖွဲ့ဖြင့် ဆွေးနွေးမည်မဟုတ်ဘဲ မွန်ပြည်သစ်ပါတီနှင့် လားဟူ ဒီမိုကရက်တစ်အစည်းအရုံး တစ်ဖွဲ့ချင်းစီဖြင့် ဆက်လက်ဆွေးနွေးမည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားထားသည်။

“အဲဒီအခြေအနေအောက်မှာ ဒီလိုလုပ်လိုက်ကြတယ်ဆိုတဲ့အခါကျတော့ DPN နဲ့ PC ၁၇ လကျော်ဆွေးနွေးမှုရဲ့ နိဂုံးချုပ်ချက်က ဘယ်ရောက်သွားသလဲ။ အဲဒါပျောက်နေတယ်။ အဲဒါကို ဘယ်လိုလုပ်ကြမလဲ။ ပြီးရင် တစ်ဖက်က ထောက်ပြစရာရှိတာက DPN နဲ့ ၁၇ လ ကျော် ဆွေးနွေးလာခဲ့တဲ့ Multilateral ဆွေးနွေးမှုရလဒ်ကို ကျွန်တော်တို့ဘက် နှစ်ဖက်ကြားမှာပဲ Bilateral လုပ်လို့ရသလား။ အဲဒီလိုလုပ်ရင်တော့ ကျွန်တော်တို့မြင်တာက  လုပ်နည်းလုပ်ဟန်အရ လွဲတယ်လို့မြင်ပါတယ်။ အဲဒါကြောင့် ဒီအချက်တွေကို ကျွန်တော်တို့အတွင်းမှာ အကျေအလည်ဆွေးနွေးမယ်။ ပြီးရင်တော့ နောက်တစ်ဆင့်ပေါ့။ အစိုးရဘက်က လိုလားမှုရှိလည်းသူတို့ ဆက်ပြီးဆွေး နွေးရမှာပေါ့။ အဲဒီအခြေအနေအောက်မှာ ဒီလိုဖြစ်ပေါ်အောင်လုပ်တာကတော့ ဘ် နှစ်ဖက်လုံးမှာ တာဝန်ရှိတာပေါ့။ အစိုးရရော၊  ကာယကံရှင်အဖွဲ့အစည်းနှစ်ဖွဲ့ရော” ဟု UNFC ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်၊ ရခိုင် ပြည် အမျိုးသားကောင်စီ (ANC) အထွေထွေ အတွင်းရေးမှူး ဦးထွန်းဇော်က ပြောကြားသည်။

ထို့ပြင် UNFC ၏ သဘောထားကြေညာချက်တွင် အကျပ်ကိုင်အဖြေရှာသည့်နည်းဖြင့် ရေရှည်တည်တံ့ခိုင်မြဲသော ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မည် မဟုတ်ကြောင်း၊ ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်မှုနှင့်ပတ်သက်၍ NCA လမ်းကြောင်း တစ်ခုတည်းကို အသေဆုပ်ကိုင်ရပ်တည်ပြီး  နည်းလမ်းဟောင်းများအတိုင်း ဖိအားပေး လျှောက်လှမ်းနေမည်ဆိုပါက ဆိုးကျိုးသံသရာတွင် လည်နေဦးမည်ဖြစ်ကြောင်း၊ ဖက်ဒရယ်နှင့် ဒီမိုကရေစီစနစ်ကိုအခြေခံသော ပြည်ထောင်စုကို အနှစ်သာရပြည့်ဝပြီး အဓိပ္ပာယ် ရှိသည့်နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများဖြင့်သာ တည်ဆောက်နိုင်မည်ဖြစ်ကြောင်းနှင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိရန် အရင်းခံဖြစ်သော  နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် အဖြေ ရှာရေးမူအပေါ် အခိုင်အမာရပ်တည်လျက်  ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးအတွက် ဆက်လက်ကြိုးပမ်းမည်ဟု ရေးသားထားသည်။

 

 

Most Read

Most Recent