ရန်ကုန်မြို့ရှိ စက်မှုဇုန်များ ဧပြီ ၂ ရက်အထိ လျှပ်စစ်မီးပြတ်တောက်မည်

ရတနာ ကမ်းလွန်ဓာတ်ငွေ့သုံးစက်ရုံများ ထုတ်လုပ်မှု လျော့နည်းသွားခြင်းကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များတွင် မတ် ၂၇ ရက်မှ ဧပြီ ၂ ရက်အထိ ယာယီဓာတ်အား ပိတ်ထားမည်ဖြစ်ကြောင်း ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (YESC) ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

“ကံပေါက်ဘက်က ကောင်းသွားပါပြီ။ ဒီနေ့ (မတ် ၂၇ ရက်) ညနေ စက်ပြန်ပြီးဖွင့်မှာပါ။ ရတနာကမ်းလွန် သဘာဝဓာတ်ငွေ့ပိုက်လိုင်းက Shut Down လို့ ကြေညာထားတာပါ။ ကံပေါက်က ကြားထဲက ၀င်ထောက်လိုက်တာပါ။ ရတနာဂက်စ်လျော့လို့ ကန်ပေါက်ကပိုပေးတာ။ ပိုပေးရင်းနဲ့ ဖြစ်သွားတာပါ။ ကြေညာထားတဲ့အတိုင် ဗို့အားလျှော့ဖို့ မရှိတော့ပါဘူး။ အခုလောလောဆယ် စက်မှုဇုန်တွေကို လျှော့ထားတယ်။ စက်မှုဇုန် လျှော့တဲ့အတွက်ကြောင့် ရပ်ကွက်တွေမှာ လျှော့ဖို့ မရှိသေးပါဘူး။ စက်မှုဇုန်က မဖြစ်မနေပြန်ပေးရမယ်ဆိုရင် ရပ်ကွက်တွေ ပြန်လျှော့ရမှာပေါ့။ လောလောဆယ် စက်မှုဇုန်တွေ လျှော့ရတဲ့အတွက် စိတ်မကောင်းပါဘူး”  ဟု ရန်ကုန်လျှပ်စစ်ဓာတ်အာပေးရေး ကော်ပိုရေးရှင်းမှ အထွေထွေမန်နေဂျာ၊ အင်ဂျင်နီယာ (ဓာတ်၊ ဖြန့်) ဦးစောဝင်းမောင်က ပြောကြားသည်။

ရတနာကမ်းလွန် သဘာဝဓာတ်ငွေ့ပိုက်လိုင်း Shut Down လုပ်ငန်းအား မတ် ၂၅ ရက်မှ ဧပြီ ၂ ရက်အထိ ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရတနာကမ်းလွန် ဓာတ်ငွေ့သုံး စက်ရုံများမှ ထုတ်လုပ်မှုများ လျော့နည်းသွားပါသဖြင့် ဇောတိက သဘာဝဓာတ်ငွေ့နှင့် ကုန်းတွင်းဓာတ်ငွေ့ ရသမျှနှင့် အချို့စက်များအား လည်ပတ်ဓာတ်အားပေးလျက် ရှိသော်လည်း ရန်ကုန်တိုင်းဒေသကြီးအတွင်း (၄၀-၈၀) မဂ္ဂါဝပ်ခန့် အလှည့်ကျ ၀န်အား လျှော့ချမှုများ ဆောင်ရွက်ရလျက်ရှိကြောင်း ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက သတင်းထုတ်ပြန်ထားသည်။

ရန်ကုန်ဓာတ်အားဖြန့်ဖြူးမှုစနစ်တည် ငြိမ်စေရေးအတွက် ဓာတ်အားဖြန့်ဖြူးပေးထားသော ဖီဒါအချို့အား ၀န်အားလျှော့ချခဲ့ရသဖြင့် ယာယီဓာတ်အား ပြတ်တောက်မှုများ ပေါ်ပေါက်ခဲ့ရမှုအပေါ် နားလည်ခွင့်လွှတ်ပေးပါရန် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ အများပြည်သူများထံသို့ လေးစားစွာ အသိပေးပန်ကြားခဲ့ပြီး ဖြစ်ပါသည်။

ထိုကဲ့သို့ ဓာတ်အားပေးနေရာမှ ဇောတိကမှ ပို့လွှတ်လျှက်ရှိသော ဓာတ်ငွေ့ပိုက်လိုင်းမှာ ရေးနှင့်ကန်ပေါက်ကြား (ရှင်ပြန်ရွာ) အနီး၌ ပိုက်လိုင်းကွဲအက်မှု ဖြစ်ပေါ်ခဲ့၍ ဇောတိကမှ ပို့လွှတ်လျက်ရှိသော သဘာဝဓာတ်ငွေ့မှာ မတ် ၂၆ ရက် ၉ နာရီ မိနစ် ၃၀ မှစတင်၍ ရပ်ဆိုင်းခဲ့သဖြင့် မော်လမြိုင်၊ သထုံ၊ သီလ၀ါ၊ သာကေတနှင့် လှော်ကားစက်များ ရပ်တန့်ခဲ့ရ ပြီး ကုန်းတွင်းဓာတ်ငွေ့ဖြင့် ရွာမနှင့်လှော်ကားရှိ စက်အချို့သာ ဓာတ်အားထုတ်လုပ်နိုင်ခဲ့ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ရန်ကုန်တိုင်းဒေကြီးအတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု မဂ္ဂါဝပ် ၄၅၀ ခန့် လျော့ နည်းသွားခဲ့သဖြင့် မီးသုံးသူပြည်သူများ လျှပ်စစ်ဓာတ်အားသုံးစွဲမှု အဆင်ပြေစေရန် စက်မှုဇုန်များအား မတ် ၂၇ ရက်မှ ဧပြီ ၂ ရက်အထိ ယာယီဓာတ်အား ပိတ်ထားမည်ဖြစ်ကြောင်း YESC က အသိပေးပန်ကြားထားသည်။

“ဒီနွေမှာ ဓာတ်အားမလုံလောက်ဘူးဆိုတာ အားလုံးကသိပြီးပါပြီ။ ဓာတ်အား  မလုံလောက်တဲ့အတွက်ကြောင့် ဘီလျံ ၃၀ နိုင်ငံတော် သမ္မတဆီက နိုင်ငံတော်ရန်ပုံငွေနဲ့ မီးစက်တွေ ၀ယ်ရတယ်။ အကယ်၍သာ ရန်ကုန်တင်မကပဲနဲ့ တစ်နိုင်လုံးက ပြည်သူအားလုံးမှာ ပိုသုံးနေတဲ့ ဓာတ်အားကို လျှော့သုံးမယ်ဆိုရင် ၁၅ ရာခိုင်နှုန်းလောက် လျှော့သုံးမယ်ဆိုရင် ဘယ်သူမှ မီးလျှော့သုံးစရာ မလိုတော့ဘူး။ မီးပိတ်ပြီးနေဖို့ကို ဆိုလိုတာ မဟုတ်ပါဘူး။ သုံးသင့်တဲ့ဓာတ်အားကို စနစ်တကျသုံးဖို့။ အဲကွန်းတွေဆိုလည်း ၁၈၊ ၂၀ တို့ထားမယ့် အစား ၂၅ လောက်ထားလိုက်ရင် အလိုလိုနေရင်း လျှပ်စစ်ဓာတ်အား လျှော့ပြီးသား ဖြစ်ပါတယ်။ ၂၅ ဆိုတာလည်း နေလို့ထိုင်လို့ရတဲ့ အပူချိန်ပါ။ မီမဖြတ်ရတော့ဘူး။ အဲဒါဆို လူဦးရေ အကုန်လုံး အဆင်ပြေတယ်လေ။ မနိုင်ရင်တော့ ဓာတ်အားလိုင်းအကုန်လုံး မီးပျက်မယ့်အစား ဗို့အား လျှော့ရတော့တာပေါ့”  ဟု အထွေ ထွေမန်နေဂျာ၊ အင်ဂျင်နီယာ (ဓာတ်၊ ဖြန့်)ဦးစောဝင်းမောင်က ပြောကြားသည်။

“ဗို့အားလျှော့တာ ကျွန်တော်တို့ မလုပ်ချင်ဆုံးအလုပ်ပါ။ ဗို့အားလျှော့လိုက်ရင် ပြည်သူတွေလည်း အဆင်မပြေဘူး။ ပစ္စည်းတွေလည်း နာတယ်။ ပြည်သူတွေအနေနဲ့ ၀န်အား လျှော့သုံးဖို့ပါ။ မီး ၁၀ ပွင့်ရှိတယ်ဆိုရင် နှစ်ပွင့်လောက် မသုံးနဲ့ပေါ့။ ကိုယ်မသုံးတော့ရင် ပြန်ပိတ်ပေါ့”  ဟု ၎င်းက ပြောကြားသည်။

Writer: 
ထက်ရှိုင်း