ရန်ကုန်တိုင်းဒေသကြီးတွင် အမေရိကန်ဒေါ်လာ သန်း ၉၀ ခန့် တန်ဖိုးရှိ ခေတ်မီနည်းပညာသုံး ကုန်စည်ထောက်ပံ့ ပို့ဆောင်ရေးဗဟိုစခန်း တည်ဆောက်မည်

ရန်ကုန်တိုင်းဒေသကြီးတွင် အမေရိကန်ဒေါ်လာ သန်း ၉၀ ခန့် တန်ဖိုးရှိ ခေတ်မီနည်းပညာသုံး ကုန်စည်ထောက်ပံ့ ပို့ဆောင်ရေးဗဟိုစခန်း တည်ဆောက်မည်
Published 25 January 2018

ပြည်ပသို့ တင်ပို့မည့် လယ်ယာထွက်ကုန်များ အရည်အသွေး ထိန်းသိမ်းသိုလှောင်ရန် ရန်ကုန်တိုင်းဒေသကြီးတွင် အမေရိကန်ဒေါ်လာ သန်း ၉၀ ခန့် တန်ဖိုးရှိ ခေတ်မီနည်းပညာသုံး ကုန်စည်ထောက်ပံ့ပို့ဆောင်ရေး ဗဟိုစခန်း Logistics Hub ကို ကိုရီးယား HUBS MKCo.,Ltd နှင့် ပူးပေါင်း တည်ဆောက်မည် ဖြစ်ကြောင်း သိရသည်။

ပို့ကုန်အရည်အသွေး ထိန်းသိမ်းနိုင်ရန် နှင့် ကုန်ကျစရိတ်များ လျှော့ချယှဉ်ပြိုင်နိုင်ရန်အတွက် နိုင်ငံတကာအဆင့်မီ ကုန်စည်ထောက်ပံ့ ပို့ဆောင်ရေးဗဟိုစခန်း Logistics Hub များ လိုအပ်လျက်ရှိကြောင်း၊ ထို့အတွက် Logistics Hub တစ်ခုကို ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနပိုင် မြေ ၅၉ ဧကပေါ်တွင် တည်ထောင်နိုင်ရန်အတွက် ကနဦးလေ့လာ ဆန်းစစ်မှုများ စတင်ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကုန်စည်ထောက်ပံ့ ပို့ဆောင်ရေး ဗဟိုစခန်း (Logistics Hub) တည်ထောင်ရေးဆိုင်ရာ သဘောတူညီချက်စာချွန်လွှာ Memorandum of Agreement - MOA လက်မှတ်ရေးထိုးခြင်းကို ဇန်နဝါရီ ၂၄ ရက်က နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရုံးတွင် ပြုလုပ်ခဲ့သည်။

အဆိုပါစခန်း တည်ဆောက်ခြင်းအတွက် ဒေါ်လာသန်း ၉၀ ခန့် ကုန်ကျမည်ဟု ခန့်မှန်းထားပြီး ကနဦးလေ့လာ ဆန်းစစ်မှုဆောင်ရွက်ပြီးစီးမှ MIC သို့တင်ပြခြင်း၊ စာချုပ်ချုပ်ဆိုခြင်း၊ အကျိုးအမြတ်ခွဲေ၀ သတ်မှတ်ခြင်းကို ဆက်လက် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ မဆုံးဖြတ်ရသေးပါဘူး။ JV လည်းဖြစ်နိုင်တယ်။ Joint Operating လည်း ဖြစ်နိုင်တယ်။ ဒါကတော့ လေ့လာပြီးမှပါ။ အဓိကကတော့ ကျွန်တော်တို့က ဘာမှ မစိုက်ပါဘူး။ မြေပဲပေးမယ်။ သူတို့က အရင်းအနှီးအကုန်လုံး စိုက်မယ်။ ပြီးတော့မှ အကျိုးအမြတ်ကို သင့်တင့်လျောက်ပတ်စွာ ခွဲဝေယူမယ့် အစီအစဉ်ဖြစ်ပါတယ်။ စာချုပ်ချုပ်တဲ့အချိန်မှပဲ ဆွေးနွေးညှိနှိုင်း ဆုံးဖြတ်ကြမှာ ဖြစ်ပါတယ်”ဟု ဦးအောင်စိုးက ပြောကြားသည်။

အဆိုပါစခန်း တည်ဆောက်ပြီး လယ်ယာ ထွက်ကုန်များကို အရည်အသွေးထိန်းသိမ်းကာ ဈေးကွက်အနေအထားအလိုက် တင်ပို့နိုင်ခြင်းဖြင့် အရည်အသွေး တည်ငြိမ်မှု၊ ဈေးနှုန်းတည်ငြိမ်မှု၊ ဈေးကွက်တည်ငြိမ်မှု
ထုတ်လုပ်သူ တောင်သူလယ်သမားများ၏ ဝင်ငွေတည်ငြိမ်မှု စသည်များရရှိပြီး လေလွင့် ပြုန်းတီးမှုများ လျော့ကျသွားမည်ဖြစ်သည့်အတွက် ပို့ကုန်ဝင်ငွေ တိုးလာမည်ဖြစ်ကြောင်း ပြောကြားသည်။

“လယ်ယာထွက်ကုန်ရော၊ သားငါးရော မည်သည့်ပစ္စည်းမဆို လုပ်လို့ရပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံက လယ်ယာထွက်ကုန် အဓိကဆိုတော့ သီးနှံတွေက အများကြီးထွက်တဲ့အတွက် နံပါတ် (၁) သစ်သီးတွေ၊ ကောက်ပဲသီးနှံတွေကို အရည်အသွေး ထိန်းသိမ်းပြီး တင်ပို့နိုင်အောင် မတော်လို့ သင်္ဘောကကြာနေရင်လည်း မပျက်စီးအောင် ဒါမျိုးကို အဓိကထားပြီး ဆောင်ရွက်မှာဖြစ်ပါတယ်”ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးက ပြော ကြားသည်။

ကုန်စည်ထောက်ပံ့ပို့ဆောင်ရေးဗဟိုစခန်း Logistics Hub တည်ထောင်ခြင်းကို ပြည်ပပို့ကုန်တင်ပို့မှုတွင် အချက်အချာအကျဆုံးဖြစ်သည့် ရန်ကုန်မြို့တွင် စတင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ဆက်လက်ပြီး နယ်စပ် ကုန်သွယ်စခန်းများ၊ လယ်ယာထွက်ကုန် ထွက်ရှိသည့် ဒေသတွေများ၌လည်း ဆက်လက် တည်ထောင်မည်ဖြစ်သည်။

Most Read

Most Recent