ထိုင်းနိုင်ငံအတွင်း မြန်မာအလုပ်သမားအများစု နေထိုင်သည့်ဒေသများတွင် ထိုင်းရဲများက စစ်ဆေးမှုများ စတင်ပြုလုပ်လာ

ထိုင်းနိုင်ငံအတွင်း မြန်မာအလုပ်သမားအများစု နေထိုင်သည့်ဒေသများတွင် ထိုင်းရဲများက စစ်ဆေးမှုများ စတင်ပြုလုပ်လာ
Published 25 January 2018

ထိုင်းနိုင်ငံအတွင်း မြန်မာအလုပ်သမားအများစု နေထိုင်ရာဒေသများဖြစ်သည့် ဘန်ကောက်မြို့အနီးတစ်ဝိုက် မြို့နယ်များနှင့် မဟာချိုင်ဒေသတွင် ထိုင်းရဲတပ်ဖွဲ့မှ စစ်ဆေးမှုများပြုလုပ်လာပြီး မကြာမီရက်ပိုင်းအတွင်း ဖမ်းဆီးမှုများ စတင်ပြုလုပ်လာနိုင်ဖွယ်ရှိကြောင်း ထိုင်းနိုင်ငံရှိ မြန်မာလုပ်သားများကို ကူညီဆောင်ရွက်ပေးနေသည့် အလုပ်သမားအဖွဲ့အစည်းများထံမှ သိရသည်။

ဇန်နဝါရီ ၂၃ ရက်တွင် ရွှေ့ပြောင်းအလုပ်သမားများနေထိုင်သော တိုက်ခန်းများ၊ ရပ်ကွက်များတွင် စစ်ဆေးမှုများပြုလုပ်ခြင်း၊ ဓာတ်ပုံရိုက်ယူခြင်း စသည့်လုပ်ငန်းများကို တစ်နေကုန်နီးပါး အဖွဲ့များဖြင့် လိုက်လံပြုလုပ်နေကြောင်း Raks Thai Foundation မှ ကိုရဲမင်းက ပြောကြားသည်။

“ဒီနေ့တစ်နေ့လုံး ဘန်ကောက်မြို့ အနီးတစ်ဝိုက်တွေ၊ မဟာချိုင်နယ်မြေတွေမှာ ထိုင်းအာဏာပိုင်တွေက လိုက်လံစစ်ဆေးနေတာ တွေ့ရပါတယ်။ သိပ်မကြာခင်မှာ အထောက်အထားမပြည့်စုံတဲ့သူတွေကို ဖမ်းဆီးလာနိုင်ပါတယ်။ အဓိက သူတို့အနေနဲ့ ဖမ်းမယ်ဆိုရင်ရနေပါပြီ။ သူတို့ဆိုင်းငံ့ပေးထားတဲ့ကာလက ဒီဇင်ဘာ ၃၁ က ပြည့်သွားပါပြီ။ ဒါကြောင့် ဥပဒေအရ နေထိုင်ခွင့်အထောက်အထား မပြည့်စုံသူတွေ၊ ပတ်စ်ပို့ CI ပန်းရောင်ဘတ်ကတ်မရှိသူတွေအနေနဲ့ သတိထားနေထိုင်ဖို့လိုပါတယ်” ဟု Raks Thai Foundation မှ ကိုရဲမင်းက ပြောကြားသည်။

ထိုင်းနိုင်ငံတွင်နေထိုင်သည့် ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် အထောက်အထားမပြည့်စုံပါက နိုင်ငံခြားသား အလုပ်သမားစီမံခန့်ခွဲရေးဥပဒေအရ ပြင်းထန်သည့် ထောင်ဒဏ်၊ ငွေဒဏ်များကို ချမှတ်ခံရနိုင်ကြောင်း သိရသည်။

Most Read

Most Recent