အကြမ်းဖက်သမားများကိုလက်မခံရန် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသဘောတူထားပြီး လက်ရှိတွင် အကြမ်းဖက်သမားနှစ်ဦးကို ဘင်္ဂလားဒေ့ရှ်ဘက်မှ မြန်မာဘက်သို့ လွှဲပြောင်းပေးပို့ထား

အကြမ်းဖက်သမားများကိုလက်မခံရန် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသဘောတူထားပြီး လက်ရှိတွင် အကြမ်းဖက်သမားနှစ်ဦးကို ဘင်္ဂလားဒေ့ရှ်ဘက်မှ မြန်မာဘက်သို့ လွှဲပြောင်းပေးပို့ထား
Published 25 January 2018

အကြမ်းဖက်သမားများကို လက်မခံရန် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသဘောတူထားပြီး လက်ရှိအချိန်ထိ ဘင်္ဂလားဒေ့ရှ်ဘက်မှ မြန်မာဘက်သို့ အကြမ်းဖက်သမားနှစ်ဦးကို လွှဲပြောင်းပေးပို့ထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိချက်အရ သိရသည်။

ဇန်နဝါရီ ၂၃ ရက်တွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပသည့် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေးနှင့်စပ်လျဉ်း၍ သတင်းစာရှင်းလင်းပွဲတွင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ပြောကြားခဲ့ခြင်းဖြစ်သည်။

တစ်ဖက်နိုင်ငံမှ အကြမ်းဖက်သမားများအား ဖမ်းဆီးရမိပြီး လွှဲပြောင်းပေးမှုရှိ၊ မရှိ သတင်းထောက်တစ်ဦး၏ မေးခွန်းနှင့်စပ်လျဉ်းပြီး ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က “ကျွန်တော်တို့ဘက်ကတော့ အကြမ်းဖက်သမားတွေနဲ့ပတ်သက်ပြီး စာရင်းတွေကို ပေးထားပါတယ်။ အားလုံးလည်းသိအောင် ကြေညာထားပါတယ်။ သူတို့ဘက်ကတော့ အခုချိန်မှာ ကျွန်တော်သိသလောက် ဒါတွေနဲ့ပတ်သက်ပြီး လွဲပြောင်းပေးတာမရှိသေးပါဘူး။ စဖြစ်ဖြစ်ချင်း အောက်တိုဘာ ၉ ရက် တုန်းကတော့ နှစ်ယောက်လွှဲပြောင်းပေးခဲ့ဖူးတဲ့ သာဓကတော့ရှိပါတယ်။ သူတို့ကိုယ်တိုင်ကလည်း မူအားဖြင့်တော့ အကြမ်းဖက်ဝါဒကို အားမပေးဘူးဆိုတာမျိုးတော့ ပြောထားပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဒီဟာနဲ့ပတ်သက်ပြီး ပို့လိုက်တဲ့လူတွေနဲ့ ပတ်သက်ပြီးတော့ သူတို့ဆီကပြန်ကြားချက် တစ်စုံတစ်ရာ မရရှိသေးပါဘူး” ဟုပြောကြားသည်။

ARSA အကြမ်းဖက်အဖွဲ့ဝင် ၁၃၀၀ ကျော်၏ အမည်စာရင်းကို မြန်မာဘက်မှ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ပေးပို့ထားပြီး မြန်မာအစိုးရဘက်မှလည်း အကြမ်းဖက်သမားများ၏ နာမည်နှင့် ဓာတ်ပုံတို့ကို နိုင်ငံပိုင်သတင်းစာမှတစ်ဆင့် သတင်းထုတ်ပြန်ထားသည်။ ထို့ပြင် အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့ အင်တာပိုသို့လည်း ပေးပို့ထားကြောင်း သိရသည်။

အကြမ်းဖက်သမားများနှင့်စပ်လျဉ်းပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုအခြေအနေနှင့် ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မြင့်က “အကြမ်းဖက်သမားကို လက်မခံဘူးဆိုတာ နှစ်နိုင်ငံသဘောတူညီပြီးသားပါ။ ဘင်္ဂလားဒေ့ရှ်ဘက်ကလည်း သူတို့မြေပေါ်မှာ လက်မခံဘူး။ မြန်မာနိုင်ငံအနေနဲ့ကလည်း အကြမ်းဖက်သမားတွေကို လက်မခံဘူး။ အကြမ်းဖက်သမားဆိုတာမျိုးက ချိုပါတာမဟုတ်ဘူးလေ။ အဲဒီစခန်းတွေထဲမှာ ရှိနိုင်သလို အခြားမမြင်ရတဲ့နေရာတွေမှာလည်း ရှိနိုင်တာပဲ။ ဒါတွေကို နှစ်နိုင်ငံပေါင်းပြီး ဖမ်းပေးမယ်ဆိုပြီး ပြည်ထဲရေးဝန်ကြီးဌာနချင်းလည်း ညှိနှိုင်းသဘောတူညီပြီးသားဖြစ်တယ်။ မြန်မာနိုင်ငံကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြည်ထဲရေးဝန်ကြီးနဲ့ အဖွဲ့ကိုယ်တိုင်လည်း ပြီးခဲ့တဲ့ နိုဝင်ဘာလက လာရောက်ခဲ့ပြီး ဖြစ်ပါတယ်။ ကျွန်တော်တို့ ပြည်ထဲရေးဝန်ကြီးအဆင့်လည်း လာမယ့်လမှာ သွားရောက်ပြီး နှစ်နိုင်ငံနယ်နိမိတ်မှာ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်သမားတွေကို ဖော်ထုတ်ဖမ်းဆီးဖို့ သဘောတူညီပြီးသားဖြစ်ပါတယ်” ဟုပြောကြားသည်။

Most Read

Most Recent