ဘားအံမြို့နယ် နောင်ကမြိုင်ကျေးရွာတွင် မူးယစ်ဆေးဝါးဖမ်းဆီးစဉ် ပြန်လည်ပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ဝင်နှစ်ဦးအပါအဝင် ပူးပေါင်းဖမ်းဆီးရေးအဖွဲ့မှ လေးဦး ဒဏ်ရာရရှိ

ဘားအံမြို့နယ် နောင်ကမြိုင်ကျေးရွာတွင် မူးယစ်ဆေးဝါးဖမ်းဆီးစဉ် ပြန်လည်ပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ဝင်နှစ်ဦးအပါအဝင် ပူးပေါင်းဖမ်းဆီးရေးအဖွဲ့မှ လေးဦး ဒဏ်ရာရရှိ
Published 25 January 2018

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ နောင်ကမြိုင်ကျေးရွာရှိ နေအိမ်တစ်အိမ်အား မူးယစ်ဆေးဝါး သတင်းအရ ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးစဉ် အဆိုပါနေအိမ်အတွင်းမှ ပြန်လည်ပစ်ခတ်မှုများကြောင့် ရဲတပ်ဖွဲ့ဝင်နှစ်ဦးအပါအဝင် ပူးပေါင်းဖမ်းဆီးရေးအဖွဲ့ ဒဏ်ရာရရှိသူလေးဦးရှိခဲ့ပြီး လက်နက်၊ ခဲယမ်းများ၊ မူးယစ်ဆေးဝါးများနှင့်အတူ အမျိုးသားခုနစ်ဦး အမျိုးသမီးသုံးဦးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း ဘားအံမြို့မရဲတပ်ဖွဲ့စခန်းမှ သိရသည်။

ကရင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချနေသော သတင်းအရ ဘာအံခရိုင်ရဲတပ်ဖွဲ့မှ ရဲအုပ်သက်စိုးဦးနှင့် ရဲတပ်ဖွဲ့ဝင်များသည် နောင်ကမြိုင်ကျေးရွာရှိ ဦးစောချစ်ချုံဆိုသူ၏ နေအိမ်အား မူးယစ်ဆေးဝါးသတင်းအရ ဇန်နဝါရီ ၂၃ ရက် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်ခန့်က ဝင်ရောက်ရှာ ဖွေဖမ်းဆီးခဲ့ရာ အဝင်မခံဘဲ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခုခံသဖြင့် ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့မှ ရဲအုပ်သက်စိုးဦးအပါအဝင် လေးဦး ဒဏ်ရာရရှိခဲ့သည်။

ဘားအံခရိုင်ရဲတပ်ဖွဲ့ ဒုစရိုက်နှိမ်နင်းရေး အဖွဲ့ခေါင်းဆောင် ရဲအုပ်သက်စိုးဦးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ ကရင်မူ၊ ကူမှ ဒုရဲအုပ်အောင်ကျော်သူနှင့် ရဲတပ်ဖွဲ့ဝင်များ၊ ခမရ (၂၀၃) မှ ဗိုလ်ကြီးအောင်သူရဝင်းနှင့် တပ်စိတ်တစ်စိတ်၊ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် တပ်နယ် (၄) မှ ကွပ်ကဲအကြံပေးအဖွဲ့ဝင် ဦးချစ်ဝင်းနှင့်သက်သေများ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် နောင်ကမြိုင်ကျေးရွာနေ ဦးစောချစ်ချုံဆိုသူ၏ နေအိမ်အား မူးယစ်ဆေးဝါးသတင်းအရ သွားရောက်ရှာဖွေစဉ် နေအိမ်အတွင်းမှ ၎င်းတို့ကိုင်ဆောင်သော M-16 သေနတ်များဖြင့် ပြန်လည်ပစ်ခတ်သဖြင့် ဒုစရိုက်နှိမ်နင်းရေး အဖွဲ့ခေါင်းဆောင် ရဲအုပ်သက်စိုးဦးနှင့် ဒုရဲအုပ်ပုလဲမြတို့ ဒဏ်ရာရရှိခဲ့သည်။

ဘားအံခရိုင်ရဲတပ်ဖွဲ့ ဒုစရိုက်နှိမ်နင်းရေးအဖွဲ့ခေါင်းဆောင် ရဲအုပ်သက်စိုးဦးတွင် ညာပေါင်ကျည်ဖောက်ဒဏ်ရာတစ်ချက်နှင့် ဘယ်ခြေသလုံး ရှပ်ထိဒဏ်ရာတစ်ချက်တို့ ရရှိခဲ့သလို ရဲမေဒုရဲအုပ် ပုလဲမြတွင်လည်း ညာခြေချင်းဝတ် ပွန်းပဲ့ဒဏ်ရာနှင့် ဦးချစ်ဝင်းယာရင်အုံ နှစ်ချက်ထိ (စိုးရိမ်ရ)၊ ရန်ကုန်သားဆိုသူ ဘယ်ပေါင်တစ်ချက်ထိ (မစိုးရိမ်ရ) တို့ရရှိခဲ့ကြောင်း သိရသည်။

ထို့အတူ ပူးပေါင်းအဖွဲ့မှ ပြန်လည်ပစ်ခတ်ဝိုင်းဝန်းဖမ်းဆီးခဲ့ရာ ဦးစောချစ်ချုံ (၅၈ နှစ်) (ဘ) ဦးဖားထက်အား ညာခြေကျင်းဝတ် ကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက်၊ စောလွှီညွှန့် (ခ) နဂါး (ခ) လက်ညိုး (၄၃ နှစ်) (ဘ) ဦးတင်ရွှေအား ဝဲဘက်ခြေသလုံး ကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက်၊ ဘယ်ခြေဖမိုးကျည် ဖောက်ဝင်ဒဏ်ရာတစ်ချက်၊ စိုးမင်းအောင် (၂၇ နှစ်) (ဘ) ဦးအောင်ဝင်းအား ဘယ်ပေါင်ကျည်ဖောက်ဝင်ဒဏ်ရာနှစ်ချက်တို့နှင့်အတူ စုစုပေါင်းတရားခံ ကျားခုနစ်ဦး၊ မသုံးဦးတို့အား ဖမ်းဆီးရမိခဲ့သည်။

ပူးပေါင်းဖမ်းဆီးရေးအဖွဲ့မှ အဆိုပါနေအိမ်အား စီးနင်းဝင်ရောက် ဖမ်းဆီးရှာဖွေကြရာ နေအိမ်အိပ်ခန်းအတွင်းမှ WY စာတန်းပါ မူးယစ်စိတ်ကြွရူးသွပ်ဆေးပြား ၆၁၀၀ နှင့်အတူ M-16 လေးလက် ၎င်းကျဉ်အိမ်တိုကိုးခု၊ ကျည်အိမ်ရှည် ၁၅ ခု၊ ၅ ဒသမ ၅၆ ကျည်၂၉၂ တောင့်၊ 40 MM ဗုံးပစ်လောင်ချာ တစ်လက်၊ ၎င်းဗုံးသီး ၂၄ လုံး၊ ပွိုင့် ၂၂ ပြောင်းရှည်တစ်လက်၊ ၎င်းကျည်အိမ်တစ်ခု၊ ကျည်ငါးတောင့်၊ ပွိုင့် ၃၀ ကာဘိုင်ကျည် ၁၂၇ တောင့်၊ ကာဘိုင်ကျည်အိမ်တိုလေးခု၊ ကျည်အိမ်ရှည်သုံးခုတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးဝါး ရောင်းချသည်ဟု သတင်းရသော လက်နက်ကိုင်အဖွဲ့မှ ပြန်လည်ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သည့် ရဲအုပ်သက်စိုးဦးပါ လေးဦး၊ တရားခံစောလွှီညွှန့် (ခ) နဂါး (ခ) လက်ညိုးပါသုံးဦးတို့အား ဘားအံမြို့ ပြည်နယ်ပြည်သူ့ဆေးရုံးကြီးသို့ပို့ကာ ကုသမှုခံယူလျက်ရှိပြီး ဆရာဝန်ကြီး၏ ညွှန်ကြားချက်အရ ဦးချစ်ဝင်းအား ဆေးကုသမှုခံယူရန် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ဆက်လက်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချသော သတင်းအရ သက်ဆိုင်ရာမှ ဝင်ရောက်ဖမ်းဆီးစဉ် ပြန်လည်ပစ်ခတ်သဖြင့် ထိပ်တိုက်ပစ်ခတ်မှုဖြစ်ပွားကာ ရဲတပ်ဖွဲ့ဝင်များဒဏ်ရာရရှိခဲ့ပြီး ကရင်ပြည်နယ်ငြိမ်းချမ်းရေးအတွက် ၂၀၁၅ ခုနှစ် အောင်တိုဘာ ၁၅ ရက်တွင် NCA လက်မှတ်ထိုးထားသည့်အဖွဲ့မှ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဝင်များအား ဘားအံရဲတပ်ဖွဲ့စခန်းမှ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရန် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent