FDA ဒုကြီးကြပ်ရေးမှူး အမျိုးသမီးကို သားမယားအဖြစ် ပြုကျင့်သတ်ဖြတ်ခဲ့သည့် တက္ကစီယာဉ်မောင်းအား မင်္ဂလာဈေးတွင် ဖမ်းဆီးရမိကြောင်း ရဲတပ်ဖွဲ့ ထုတ်ပြန်

FDA ဒုကြီးကြပ်ရေးမှူး အမျိုးသမီးကို သားမယားအဖြစ် ပြုကျင့်သတ်ဖြတ်ခဲ့သည့် တက္ကစီယာဉ်မောင်းအား မင်္ဂလာဈေးတွင် ဖမ်းဆီးရမိကြောင်း ရဲတပ်ဖွဲ့ ထုတ်ပြန်
Published 25 January 2018

FDA ဒုကြီးကြပ်ရေးမှူး အမျိုးသမီးအား သတ်ဖြတ်ခဲ့သည့် တက္ကစီယာဉ်မောင်းအား မင်္ဂလာဈေးအတွင်း ဖမ်းဆီးရမိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဇန်နဝါရီ ၂၄ ရက် ညနေတွင် သတင်းထုတ်ပြန်ချက်အရ သိရသည်။

အသတ်ခံရသည့် ဒုကြီးကြပ်ရေးမှူး အမျိုးသမီး၏အလောင်းအား ဇန်နဝါရီ ၂၁ ရက်က ဒဂုံမြို့သစ်မြောက်ပိုင်း (၃၃) တိုးချဲ့ရပ်ကွက် ငမိုးရိပ်ချောင်းကူးတံတားဘေး ကုလားမန်ကျည်းပင်အောက်၌ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ထိုသို့ တွေ့ရှိခဲ့မှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးခဲ့ခြင်းဖြစ်ကာ ဇန်နဝါရီ ၂၄ ရက်တွင် အဆိုပါ အမျိုးသမီးကို သတ်ဖြတ်ခဲ့သည့် တက္ကစီယာဉ်မောင်းအား ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ၂၀၁၈ ဇန်နဝါရီ ၂၁ ရက် နံနက် ၇ နာရီခွဲတွင် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် (၃၃) တိုးချဲ့ရပ်ကွက် ငမိုးရိပ်ချောင်းကူးတံတားဘေး ကုလားမန်ကျည်းပင်အောက်၌ အမျိုးသမီးတစ်ဦး ဒဏ်ရာများရရှိကာ လဲကျ သေဆုံးနေကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ ဝဲပါး၊ လည်ပင်းဖူးရောင် ညိုမဲ၊ လည်ပင်းရှေ့ ထိုးသွင်းဒဏ်ရာ တစ်ချက်၊ မိန်းမအင်္ဂါ သွေးထွက်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုတွေ့ရှိ၍ မြောက်ဥက္ကလာပပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း ဖော်ပြထားသည်။

ဖြစ်စဉ်နှင့် ပတ်သက်ပြီး မြောက်ဒဂုံမြို့မ ရဲစခန်းက (ပ) ၈၃/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်စုံစမ်းခဲ့ရာ သေဆုံးသူမှာ ဦးဝိစာရရပ်ကွက် ဒဂုံမြို့နယ်နေ အစားအသောက်နှင့် ဆေးဝါးဦးစီးဌာန (နေပြည်တော်) တွင် ဒုကြီးကြပ်ရေးမှူး တာဝန်ထမ်းဆောင်လျက်ရှိသည့် မရွှေရည်ဝင်း (ခ) ရွှေရည် (၂၅ နှစ်) ဖြစ်ပြီး ဇန်နဝါရီ ၁၉ ရက်တွင် နေပြည်တော်မှ ရန်ကုန်အိမ်သို့ ပြန်လာခဲ့ကြောင်း၊ ဇန်နဝါရီ ၂၀ ရက် နံနက် ၇ နာရီတွင် အိမ်မှ အလုပ်ကိစ္စဖြင့် ထွက်သွားခဲ့ကြောင်း၊ ည ၈ နာရီအထိ နေအိမ်သို့ ပြန်လည်ရောက်ရှိခြင်း မရှိ၍ ဖခင်ဖြစ်သူမှ လူပျောက် တိုင်တန်းခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့က မရွှေရည်ဝင်းအမှုနှင့် ပတ်သက်၍ အထူးအမှုစစ်အဖွဲ့ ဖွဲ့စည်းပြီး စုံစမ်းစစ်ဆေးခဲ့ရာ မရွှေရည်ဝင်း မသေဆုံးမီ သွားလာသော နေရာများ၏ CCTV မှတ်တမ်းများ၊ လူထု၏ သတင်းပေးပို့ချက်များကို စုံစမ်းခဲ့ရာ Toyota Vitz ငွေမင်ရောင် အငှားယာဉ်အား မောင်းနှင်သည့် ဒဂုံမြို့သစ် (မြောက်ပိုင်း) (၃၃) ရပ်ကွက် ပတ္တမြားလမ်းတွင် နေထိုင်သူ မျိုးဇော်ဦးဆိုသူအား ဖော်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးချက်များအရ မျိုးဇော်ဦးအား ဇန်နဝါရီ ၂၄ ရက် မွန်းလွဲ ၂ နာရီတွင် အမှုမှ သက်သေခံပစ္စည်း ဆမ်ဆောင်း လက်ကိုင်ဖုန်းနှင့်အတူ မင်္ဂလာဈေးအတွင်း မင်္ဂလာတောင်ညွန့်ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

မျိုးဇော်ဦးအား စစ်ဆေးချက်အရ ဇန်နဝါရီ ၂၀ ရက် ည ၇ နာရီ မိနစ် ၄၀ ခန့်တွင် လှည်းတန်းလမ်းဆုံအနီး အင်းစိန်လမ်းမပေါ် ၌ အမျိုးသမီးတစ်ဦးမှ ဒဂုံမြို့နယ်သို့ ပြန်ရန် ၎င်း၏ကားအား ငှားရမ်းခဲ့ကြောင်း၊ ကားပေါ်၌ စီးနင်းလိုက်ပါစဉ် ကားငှားရမ်းခနှင့် ပတ်သက်၍ ဈေးဆစ်ရာမှ စကားများခဲ့ပြီး အမျိုးသမီး၏ လည်ပင်းအားညှစ်ရာ သတိလစ်သွားခဲ့ကြောင်း၊ အမျိုးသမီးအား ၎င်းနေထိုင်ရာ မြောက်ဒဂုံမြို့နယ်သို့ ခေါ်ဆောင်လာခဲ့ပြီး လမ်းဘေးအမှောင်ရိပ်တွင် အမျိုးသမီး၏ လည်ပင်းအား ဝက်အူလှည့်ဖြင့် တစ်ချက်ထိုးခဲ့ကြောင်း၊ အမျိုးသမီးသေဆုံးခြင်းမပြုမီ သားမယားအဖြစ် ပြုကျင့်ခဲ့ပြီး အလောင်းအား ငမိုးရိပ်ချောင်း ချောင်းကူးတံတားဘေး သစ်ပင်အောက်တွင် စွန့်ပစ်ခဲ့ကြောင်း ဝန်ခံ ထွက်ဆိုခဲ့သည်။

အမှုမှ ဖမ်းဆီးရမိသူအား ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးသို့ လွှဲပြောင်းအပ်နှံပေးခဲ့ပြီး အမှုနှင့်ပတ်သက်၍ သက်သေခံ ပစ္စည်းများဖြစ်သော တက္ကစီအငှားယာဉ်၊ မရွှေရည်ဝင်း၏ ဆမ်ဆောင်း လက်ကိုင်ဖုန်း တစ်လုံး၊ ပလက်တီနမ် ဆွဲကြိုးတစ်ကုံး၊ အရည်ကြိုထားသော ရွှေအခဲငယ်တစ်ခု၊ အပြာရောင် မိန်းမစီး ကတ္တီပါဖိနပ် တစ်ရံ၊ နိုင်ငံသားစိစစ်ရေးကတ် တစ်ကတ်၊ ပန်းရောင် ပိုက်ဆံအိတ်တစ်အိတ်တို့အား ကနဦး သိမ်းဆည်းရမိခဲ့ကြောင်း၊ ကျန်ရှိနေသည့် သက်သေခံပစ္စည်းများကိုလည်း လိုက်လံသိမ်းဆည်းလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ဖမ်းဆီးရမိသည့် တရားခံမျိုးဇော်ဦးအား ကျူးလွန်ခဲ့သည့် ပြစ်မှုဖြစ်စဉ်များအလိုက် ထပ်မံအရေးယူသွားရန် စီစဉ်လျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

သတ်ဖြတ်ခံခဲ့ရသည့် FDA ဒုကြီးကြပ်ရေးမှူး အမျိုးသမီး၏ အသုဘအား ဇန်နဝါရီ ၂၃ ရက်က ရေဝေးသုသာန်တွင် ပြုလုပ်ခဲ့ပြီး လူအများအပြား လိုက်ပါပို့ဆောင်ခဲ့ကြောင်း သိရသည်။ မျိုးထက်ပိုင်

Most Read

Most Recent