မင်္ဂလာဒုံမြို့နယ် စမ်းကြီးဝရပ်ကွက်အတွင်းရှိ ရေမြောင်းအတွင်း အမျိုးသမီးအလောင်း တွေ့ရှိ

မင်္ဂလာဒုံမြို့နယ် စမ်းကြီးဝရပ်ကွက်အတွင်းရှိ ရေမြောင်းအတွင်း အမျိုးသမီးအလောင်း တွေ့ရှိ
Published 25 January 2018

ဓာတ်ပုံ- ပုလဲအရန်မီးသတ်တပ်ဖွဲ့

မင်္ဂလာဒုံမြို့နယ် စမ်းကြီးဝရပ်ကွက်အတွင်းရှိ ရေမြောင်းတစ်ခုတွင် အမျိုးသမီးတစ်ဦး၏ အလောင်းအား ဇန်နဝါရီ ၂၄ ရက်နံနက်က တွေ့ရှိခဲ့ကြောင်း ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ သိရသည်။ ဇန်နဝါရီ ၂၄ ရက် နံနက် ၁၁ နာရီခွဲခန့်တွင် မင်္ဂလာဒုံမြို့နယ် ခရေပင်လမ်းမကြီး စမ်းကြီးဝရပ်ကွက်အတွင်းရှိ လယ်ကွက်တစ်ခု၏ ရေမြောင်းအတွင်းတွင် အမျိုးသမီးတစ်ဦး၏ အလောင်းအားတွေ့ရှိကြောင်း သတင်းရသဖြင့် သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များ၊ ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူများမှ သွားရောက်စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

“လယ်ကွက်ထဲမှာ အနက်နှစ်ပေရှိတဲ့ မြောင်းထဲကနေ အမျိုးသမီးအလောင်းကို မှောက်ခုံအနေနဲ့တွေ့တာပါ။ အသားတွေက နည်းနည်းရိနေပြီ။ အရပ်ပုပု မျက်နှာပြဲပြဲပုံစံပါ။ မြောင်းကရေမစီးပါဘူး။ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ကတော့ လာရောက်စစ်ဆေးသွားပါတယ်” ဟု ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

သေဆုံးနေသည့် အမျိုးသမီးမှာအသက် ၃၀ ခန့်ရှိပြီး ခန္ဓာကိုယ်အောက်ပိုင်းတွင် အဝတ်မရှိသည်ကိုတွေ့ရကြောင်း၊ ယင်းအပြင် အမျိုးသမီးတွင်ဝတ်ဆင်ထားသည့် ရွှေထည်ပစ္စည်းအချို့ တွေ့ရှိရကြောင်း ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အလောင်းအား မြောက်ဥက္ကလာပမြို့နယ်ရှိ မေဓာဝီဆေးရုံသို့ ပို့ဆောင်ထားပြီး ဆက်လက်စစ်ဆေးနေကြောင်း သိရသည်။

“ဖြစ်စဉ်ကို သေမှုသေခင်းနဲ့ ဖွင့်ထားတယ်။ ပြင်ပဒဏ်ရာတော့ မတွေ့ရှိရပါဘူး” ဟု မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။ ဖြစ်စဉ်အား မင်္ဂလာဒုံမြို့မရဲစခန်းမှ အမှုဖွင့်ရန် ဆောင်ရွက်နေကြောင်း သိရသည်။

Most Read

Most Recent