FDA ဒုကြီးကြပ်ရေးမှူး အမျိုးသမီးကို သတ်ဖြတ်ခဲ့သည်ဟု ယူဆရသူအား မင်္ဂလာဈေးတွင် ဖမ်းဆီးရမိကြောင်း ရဲတပ်ဖွဲ့ ထုတ်ပြန်

FDA ဒုကြီးကြပ်ရေးမှူး အမျိုးသမီးကို သတ်ဖြတ်ခဲ့သည်ဟု ယူဆရသူအား မင်္ဂလာဈေးတွင် ဖမ်းဆီးရမိကြောင်း ရဲတပ်ဖွဲ့ ထုတ်ပြန်
Published 25 January 2018

FDA ဒုကြီးကြပ်ရေးမှူး အမျိုးသမီးအား သတ်ဖြတ်သူဟု ယူဆရသူအား မင်္ဂလာဈေးအတွင်း ဖမ်းဆီးရမိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဇန်နဝါရီ ၂၄ ရက်ညနေတွင် သတင်းထုတ်ပြန်ချက်အရ သိရသည်။

အသတ်ခံရသည့် ဒုကြီးကြပ်ရေးမှူး အမျိုးသမီး၏ အလောင်းအား ဇန်နဝါရီ ၂၁ ရက်က ဒဂုံမြို့သစ်မြောက်ပိုင်း (၃၃) တိုးချဲ့ရပ်ကွက် ငမိုးရိပ်ချောင်းကူးတံတားဘေး ကုလားမန်ကျည်းပင်အောက်၌ တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ထိုသို့တွေ့ရှိခဲ့မှုနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးခဲ့ခြင်းဖြစ်ကာ ဇန်နဝါရီ ၂၄ ရက်တွင် အဆိုပါအမျိုးသမီးကို သတ်ဖြတ်ခဲ့သည်ဟု ယူဆရသူအား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၁ ရက် နံနက် ၇ နာရီခွဲတွင် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် (၃၃) တိုးချဲ့ရပ်ကွက် ငမိုးရိပ်ချောင်းကူးတံတားဘေး ကုလားမန်ကျည်းပင်အောက်၌ အမျိုးသမီးတစ်ဦး ဒဏ်ရာများရရှိကာ လဲကျသေဆုံးနေကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ ဝဲပါး၊ လည်ပင်းဖူးရောင်ညိုမဲ၊ လည်ပင်းရှေ့ထိုးသွင်းဒဏ်ရာ တစ်ချက်၊ မိန်းမအင်္ဂါ သွေးထွက်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုတွေ့ရှိ၍ မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း ဖော်ပြထားသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး မြောက်ဒဂုံမြို့မရဲစခန်းက (ပ) ၈၃/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်စုံစမ်းခဲ့ရာ သေဆုံးသူမှာ ဦးဝိစာရရပ်ကွက် ဒဂုံမြို့နယ်နေ အစားအသောက်နှင့် ဆေးဝါးဦးစီးဌာန (နေပြည်တော်) တွင် ဒုကြီးကြပ်ရေးမှူး တာဝန်ထမ်းဆောင်လျက်ရှိသည့် မရွှေရည်ဝင်း (ခ) ရွှေရည် (၂၅ နှစ်) ဖြစ်ပြီး ဇန်နဝါရီ ၁၉ ရက်တွင် နေပြည်တော်မှ ရန်ကုန်အိမ်သို့ ပြန်လာခဲ့ကြောင်း၊ ဇန်နဝါရီ ၂၀ ရက် နံနက် ၇ နာရီတွင် အိမ်မှအလုပ်ကိစ္စဖြင့် ထွက်သွားခဲ့ကြောင်း၊ ည ၈ နာရီအထိ နေအိမ်သို့ ပြန်လည်ရောက်ရှိခြင်းမရှိ၍ ဖခင်ဖြစ်သူမှ လူပျောက်တိုင်တန်းခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးချက်များအရ ဒုကြီးကြပ်ရေးမှူး အမျိုးသမီးအား သတ်ဖြတ်ခဲ့သည်ဟု ယူဆရသူအား ဇန်နဝါရီ ၂၄ ရက်တွင် မွန်းလွဲ ၂ နာရီတွင် ဖမ်းဆီးရမိခဲ့ကြောင်း၊ သတ်ဖြတ်ခဲ့သည်ဟု ယူဆရသူမှာ ဒဂုံမြို့သစ် (မြောက်ပိုင်း) (၃၃) ရပ်ကွက် ပတ္တမြားလမ်းတွင်နေထိုင်ပြီး ယာဉ်မောင်းအလုပ်လုပ်ကိုင်သူ မျိုးဇော်ဦး (၂၇ နှစ်) ဖြစ်ကြောင်း၊ ၎င်းအား အမှုမှ သက်သေခံပစ္စည်း ဆမ်ဆောင်းလက်ကိုင်ဖုန်းနှင့်အတူ မင်္ဂလာဈေးအတွင်း မင်္ဂလာတောင်ညွန့်ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

အမှုမှ ဖမ်းဆီးရမိသူအား ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးသို့ လွှဲပြောင်းအပ်နှံပေးခဲ့ပြီး အမှုနှင့်ပတ်သက်၍ သက်သေခံပစ္စည်းများကို လိုက်လံသိမ်းဆည်လျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

သတ်ဖြတ်ခံခဲ့ရသည့် FDA ဒုကြီးကြပ်ရေးမှူး အမျိုးသမီး၏အသုဘအား ဇန်နဝါရီ ၂၃ ရက်က ရေဝေးသုသာန်တွင်ပြုလုပ်ခဲ့ပြီး လူအများအပြား လိုက်ပါပို့ဆောင်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent