ကရင်ပြည်နယ်သို့ ၂၀၁၇ ခုနှစ်အတွင်း နိုင်ငံခြားသားခရီးသွား ယမန်နှစ်ထက် နှစ်သိန်းကျော် ပိုမိုဝင်ရောက်

ကရင်ပြည်နယ်သို့ ၂၀၁၇ ခုနှစ်အတွင်း နိုင်ငံခြားသားခရီးသွား ယမန်နှစ်ထက် နှစ်သိန်းကျော် ပိုမိုဝင်ရောက်
Published 24 January 2018

ကျောက်ကလပ်စေတီအား ဖူးတွေ့ရစဉ်

ကရင်ပြည်နယ်အတွင်း ပြည်ပခရီးသွားဧည့်သည်ဝင်ရောက်မှုမှာ၂၀၁၇ ခုနှစ်အတွင်း ဧပြီမှ ဒီဇင်ဘာ ၃၁ ရက်အထိ ၃၅၂၃၁၁ ဦးရှိပြီး ယမန်နှစ်ထက် ဦးရေနှစ်သိန်းကျော် ပိုမိုဝင်ရောက်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ကရင်ပြည်နယ်အတွင်း ပြည်ပနိုင်ငံပေါင်း ၆၉ နိုင်ငံမှ ခရီးသွားဧည့်သည်များ ဝင်ရောက်ခဲ့ပြီး ပြင်သစ်နိုင်ငံမှ အများဆုံးလာရောက်လည်ပတ်ခြင်းဖြစ်ကာ ဂျာမနီ၊ တရုတ်နိုင်ငံတို့မှလည်း အများအပြားလာရောက်ခဲ့ကြောင်း သိရသည်။

“၂၀၁၆ ခုနှစ်အတွင်းမှာ ပြည်ပခရီးသွားဧည့်သည်ဦးရေ ၁၅၃၇၄၉ ဝင်ရောက်ခဲ့ပြီး ၂၀၁၇ ခုနှစ်အတွင်းမှာ ပြည်ပခရီးသွားဧည့်သည်ဦးရေ ၃၅၂၃၁၁ ဝင်ရောက်လာတာ တွေ့ရပါတယ်။ ပြည်တွင်းခရီးသွားဧည့်သည်အနေနဲ့ ၆၀၄၄၂၉ ဝင်ရောက်လာတဲ့အတွက် ကရင်ပြည်နယ်အတွင်း ပြည်တွင်းပြည်ပ ဧည့်သည်ဝင်ရောက်မှုဟာ ၂၀၁၇ ခုနှစ်အတွင်း အတော်လေးမြင့်တက်လာတဲ့ သဘောရှိပါတယ်” ဟု ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ဘားအံရုံးခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းကျော်ကျော်က ပြောကြားသည်။

လက်ရှိအချိန်တွင် ကရင်ပြည်နယ်အတွင်း သစ်တော၊ စိမ့်စမ်း၊ ရေတံခွန်တို့မှာ သဘာဝအတိုင်း မပျက်မယွင်းတည်ရှိနေသည့်အပြင် ရှေးဟောင်းဂူ၊ ဘုရားများမှာလည်း ရှေးမူမပျက် တည်ရှိမှုများပြားသည့်အလျောက် ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များအနေဖြင့် သဘာဝအခြေခံမှုအပေါ်မူတည်ကာ လာရောက်လည်ပတ်မှုရှိကြောင်း ပြင်သစ်ဝါရင့်ဧည့်လမ်းညွှန်တစ်ဦးဖြစ်သူ ဦးသိုက်ဦးက ပြောကြားသည်။

“ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်တွေအနေနဲ့ သဘာဝအခြေခံကောင်းမွန်တဲ့ ကရင်ပြည်နယ်ဒေသကို အထူးတလည်စိတ်ဝင်စားမှု မြင့်တက်လာတာ တွေ့ရပါတယ်။ ပြင်သစ်နိုင်ငံသားအများစုက ကျွန်တော်တို့ကုမ္ပဏီကို ရောက်လာရင် ကရင်ပြည်နယ်ဒေသကိုပဲ သွားလိုကြောင်း ပြောသူများပါတယ်။ အထူးသဖြင့် ကရင်ပြည်နယ်ဒေသက ကရင်လူမျိုးဓလေ့ယဉ်ကျေးမှု၊ ရှေ့ဟောင်းဂူဘုရားနဲ့ တောတောင်စိမ့်စမ်း ရေတံခွန်တို့ကို သွားရောက်ကြတာများပါတယ်” ဟု ဦးသိုက်ဦးက ထပ်မံပြောကြားသည်။

ပြည်တွင်းပြည်ပ ခရီးသည်များအနေဖြင့် ကရင်ပြည်နယ်အတွင်း ဘားကပ်လင်းနို့ဂူ၊ ကော့ဂွန်းဂူ၊ ရသေ့ပျံဂူ၊ ကော့ကသောင်ဂူ၊ ဘုရင့်ညီဂူ၊ ဆဒ္ဒန်ဂူ၊ ဇွဲကပင်တောင်၊ ရေတံခွန်၊ ကျောက်ကလပ်၊ ဗုဒ္ဓဂယာ၊ ချစ်သူမြိုင်သို့ သွားရောက်မှု များပြားလျက်ရှိကြောင်း သိရသည်။

ကရင်ပြည်နယ် ဘားအံမြို့နယ်အတွင်း လိုင်စင်ရဟိုတယ် ၁၁ လုံး၊ တည်းခိုခန်း ခုနစ်လုံး၊ အခန်းပေါင်း ၆၁၆ ခန်း၊ မြဝတီမြို့နယ်တွင် ဟိုတယ်ခြောက်လုံး၊ အခန်းပေါင်း ၂၅၁ ခန်း၊ သံတောင်ကြီးမြို့နယ်တွင် B & B ခုနစ်လုံး၊ အခန်းပေါင်း ၃၈ ခန်းနှင့် ဆောက်လုပ်ဆဲဟိုတယ် ၁၀ လုံးရှိသော်လည်း ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်ဝင်ရောက်မှုမှာ တစ်နှစ်ထက်တစ်နှစ် ပိုမိုမြင့်မားမှုရှိလာခြင်းကြောင့် ဟိုတယ်၊ တည်းခိုခန်းတို့အား တိုးချဲ့တည်ဆောက်သင့်ကြောင်း ဝါရင့်ဧည့်လမ်းညွှန်တစ်ဦးက ဆိုသည်။

Most Read

Most Recent