<

အမြန်လမ်းမကြီး ၂၇၆ မိုင်အနီးတွင် ခရီးသည်တင် Express ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားပြီး ယာဉ်တစ်စီးလုံး မီးလောင်ဆုံးရှုံး

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ဇန်န၀ါရီ ၂၃ ရက် မွန်းလွဲပိုင်းက နေပြည်တော်ဘက်မှ မန္တလေးဘက်သို့ မောင်းနှင်လာသော ‘စည်းစိမ်ရှင်’ ခရီးသည်တင် Express ယာဉ်တစ်စီး အင်ဂျင်ခန်းအပူလွန်ကဲရာမှ မီးလောင်ကျွမ်းမှုဖြစ်ပွား၍ ယာဉ်တစ်စီးလုံး မီးလောင်ဆုံးရှုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခြင်းမရှိကြောင်း သိရသည်။

“မိုင်တိုင် ၂၇၆ မိုင်မှာပါဗျ၊ လူတော့ ထိခိုက်မှုဘာမှမရှိပါဘူးခင်ဗျ၊ အပူလွန်ကဲပြီးတော့ဖြစ်တာပါ၊ မီးလောင်တာက ၁၄ နာရီ ၄၅ မိနစ်မှာ ကျွန်တော်တို့သတင်းရတယ်ဗျ၊ ၁၅ နာရီ မိနစ် ၂၀ မှာ မီးငြိမ်းသွားတယ်၊ မီးသတ်ကားက ခုနစ်စီးခင်ဗျ၊ မီးသတ်အင်အားက ၃၅ ယောက်နဲ့ ငြှိမ်းတာပါ” ဟု ပေပင်လေး အမြန်လမ်း မီးသတ်စခန်းတာဝန်ခံ လ/ထဦးစီးမှူး အောင်ချမ်းက မီးလောင်ကျွမ်းမှုဖြစ်စဉ်အား ပြောကြားသည်။

ဖြစ်စဉ်မှာ ဇန်န၀ါရီ ၂၃ ရက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်က ပျော်ဘွယ်မြို့နယ် ပေပင်လေး အမြန်လမ်းမကြီး ရဲစခန်းအပိုင် အမြန်လမ်းမကြီးပေါ်တွင် နေပြည်တော်ဘက်မှ မန္တလေးဘက်သို့ ယာဉ်မောင်းအောင်မင်းနိုင် (၃၄ နှစ်) (ဘ)ဦးတိုးလွင်၊ ပုလဲမြို့သစ်၊ မင်္ဂလာဒုံမြို့နယ်နေသူ မောင်းနှင်လာသော ယာဉ်အမှတ် 3N/—- ‘စည်းစိမ်ရှင်’ ခရီးသည်တင် Express (အနီရောင်) မော်တော်ယာဉ်မှာ လမ်းမကြီးမိုင်တိုင်အမှတ် ၂၇၆ မိုင် ၀ ဖာလုံအနီးသို့အရောက်တွင် ယာဉ်၏အင်ဂျင်ခန်း အပူလွန်ကဲရာမှ ၀ိုင်ယာရှော့ဖြစ်ကာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယာဉ်မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ ပေပင်လေး အမြန်လမ်းမကြီး ရဲစခန်းမှူး ရဲအုပ်ကျော်မင်းစိုးပါ တပ်ဖွဲ့ဝင်များ၊ ပေပင်လေး အမြန်လမ်းမီးသတ်စခန်းမှ လ/ထဦးစီးမှူး အောင်ချမ်းပါ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မီးငြှိမ်းသတ်ယာဉ်များမှ မီးလောင်ကျွမ်းမှု ဖြစ်ပွားရာသို့သွားရောက်၍ ၀ိုင်းဝန်းကူညီငြှိမ်းသတ်ခဲ့ရာ ညနေ ၃ နာရီခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း၊ ယာဉ်ပေါ်လိုက်ပါသူ ယာဉ်မောင်းပါ အမျိုးသားသုံးဦးတို့တွင် ထိခိုက်ဒဏ်ရာရရှိခြင်းမရှိသော်လည်း စည်းစိမ်ရှင်ခရီးသည်တင် Express ယာဉ်မှာ တစ်စီးလုံးမီးလောင်ဆုံးရှုံးသွားခဲ့ကြောင်း အမြန်လမ်းမကြီး ရဲမှတ်တမ်းများအရ သိရသည်။

ယာဉ်မောင်း အောင်မင်းနိုင်အား ပေပင်လေး အမြန်လမ်းမကြီးရဲစခန်းက ယာဉ် (ပ)၄/၂၀၁၈၊ ပြစ်မှုပုဒ်မ ၂၇၉/၂၈၅ အရ အမှုဖွင့်အရေးယူထားသည်။

January 23, 2018














Copy Protected by Chetan's WP-Copyprotect.