လှည်းကူးအမြန်လမ်းနံဘေးတွင် အကောင်အထည်ဖော်မည့် Eco Green City စီမံကိန်းအား ပြည်ထောင်စုအဆင့်မှ ဆောင်ရွက်ခြင်းဖြစ်ကာ တိုင်းဒေသကြီးနှင့် ပြည်ထောင်စု လွှတ်တော်သို့ တင်ပြခဲ့ခြင်း မရှိဟုဆို

လှည်းကူးအမြန်လမ်းနံဘေးတွင် အကောင်အထည်ဖော်မည့် Eco Green City စီမံကိန်းအား ပြည်ထောင်စုအဆင့်မှ ဆောင်ရွက်ခြင်းဖြစ်ကာ တိုင်းဒေသကြီးနှင့် ပြည်ထောင်စု လွှတ်တော်သို့ တင်ပြခဲ့ခြင်း မရှိဟုဆို
Published 24 January 2018

Eco Green City စီမံကိန်းနှင့် ပတ်သက်ပြီး ပြည်ထောင်စုအဆင့်မှ ဆောင်ရွက်ခြင်းဖြစ်ကာ တိုင်းဒေသကြီးနှင့် ပြည်ထောင်စု လွှတ်တော်သို့ တင်ပြခဲ့ခြင်း မရှိကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်နိုင်က ဇန်နဝါရီ ၂၃ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

“ဒီစီမံကိန်းက ကျွန်တော်တို့ ခုနက ပြောခဲ့သလိုမျိုး အရင်အစိုးရ လက်ထက်က စတင်ခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ခုနက လွှတ်တော်မှာ ဆွေးနွေးတာ၊ တင်ပြတာက ကျွန်တော်တို့ဝန်ကြီးဌာနက ဒါကို သက်ဆိုင်ရာ ကက်ဘိနက်ကို တင်ပြတယ်။ ကက်ဘိနက်က ဒီဟာကိုမူတည်ပြီးတော့မှ လွှတ်တော်နဲ့ အစိုးရက ဒီဟာကို ပြည်ထောင်စုအဆင့်ချင်း ဆောင်ရွက်တာ ဖြစ်ပါတယ်။ ဝန်ကြီးဌာနကတော့ လွှတ်တော်ကို တိုက်ရိုက်ပြောတာမျိုး မရှိပါဘူး။ တကယ်လို့ လွှတ်တော်အနေနဲ့ မေးမြန်းလာရင် ဖြေကြားပါတယ်။ ရန်ကုန်တိုင်း လွှတ်တော်မှာ တင်ပြခဲ့တာ မရှိပါဘူး။ ဒါက ပြည်ထောင်စုက ဆောင်ရွက်တဲ့ စီမံကိန်းဖြစ်လို့ပါ။ ဒါမြေလွတ်မြေရိုင်းကို ဧကပေါင်း စီမံကိန်းဧရိယာ စုစုပေါင်းဆို ၁၆၂၀ ရှိတယ်။ ဒါပေမဲ့ ခုနကလို ရေနုတ်မြောင်းတွေ၊ ရေသွင်းမြောင်းတွေ ဖယ်လိုက်မယ်ဆိုရင် Net ဧရိယာက ၁၄၂၀ လောက်ရှိပါမယ်။ ပြည်ထောင်စု လွှတ်တော်မှာ ဝန်ကြီးဌာနအနေနဲ့ကတော့ တိုက်ရိုက်ဆွေးနွေးခြင်း မရှိပါဘူး။ အစိုးရအဖွဲ့ အနေနဲ့တော့ အမှတ်မဲ့ သတိမထားလိုက်ပါဘူး” ဟု ဦးမြင့်နိုင်က ဆိုသည်။

အဆိုပါ စီမံကိန်းသည် ရန်ကုန်မြို့ အပြင်ပတ်လမ်းနှင့် ဆက်စပ်ပြီး စီမံကိန်းများ ဖော်ထုတ်ရန် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ အပြင်ပတ်လမ်းတွင် JICA ၏ ပရိုပိုဆယ်အရ ဖွံ့ဖြိုးမှုစင်တာ အနေဖြင့် ခုနစ်နေရာ သတ်မှတ်ထားပြီး လှည်းကူးမြို့နယ်သည် တစ်ခုအပါအဝင် ဖြစ်ကြောင်း၊ သတ်မှတ်ထားသည့် နေရာများသည် လှည်းကူး၊ မှော်ဘီ၊ ထန်းတပင်၊ တွံတေး၊ ဒလ၊ ကော့မှူး၊ သန်လျင်တို့ဖြစ်ပြီး ယခုစီမံကိန်းသည် ဇုန်ခုနစ်ခုအနက် မြောက်ပိုင်းဖွံ့ဖြိုးမှုဇုန်ထဲတွင် ပါဝင်သည့် စီမံကိန်းဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်ဇော်အေးက ပြောကြားသည်။

“စီမံကိန်းဟာဆိုရင် ဟံသာဝတီ လေယာဉ်ကွင်းကနေ မျဉ်းတစ်ဖြောင့်တည်း တိုင်းမယ်ဆိုရင် ၁၀ မိုင်ပဲ ဝေးပါတယ်။ ရန်ကုန်ကနေဆို သုံးမိုင်အကွာအဝေးမှာ တည်ရှိပါတယ်။ စီမံကိန်းပုံစံက နှစ်ပိုင်းရှိပါတယ်။ လမ်းရဲ့ အရှေ့ဘက်အခြမ်းနဲ့ လမ်းရဲ့ အနောက်ဘက်အခြမ်း ဖြစ်ပါတယ်။ လမ်းမရဲ့ အနောက်ဘက် အခြမ်းမှာဆိုရင် တန်ဖိုးနည်းနဲ့ တန်ဖိုးမျှတ အိမ်ရာတွေပါပါ့မယ်။ နောက်တစ်ခါ ကျွန်တော်တို့ လူဦးရေ အသင့်အတင့် ထူထပ်တဲ့ Housing စီမံကိန်းတွေ ပါမှာဖြစ်ပါတယ်။ မဲခေါင်မြစ်ဝှမ်းဒေသမှာရှိတဲ့ ရှားပါးတဲ့ ပန်းမျိုးစိတ်တွေပြသမယ့် အစီအစဉ်တွေ နောက်ပြီးတော့ ဒေသတွင်းမှာ စိုက်ပျိုးတဲ့ ရာသီစာတွေ၊ စိုက်ပျိုးပြီးတော့ ပြည်သူတွေ ရောင်းချပေးသွားမယ့် အစီအစဉ်တွေ ပါပါတယ်။ စိုက်ပျိုးရေးဆိုင်ရာ သုတေသန စင်တာတွေလုပ်ဖို့ကိုလည်း ထည့်သွင်းရေးဆွဲ ထားပါတယ်။ ဒီဟာက အိမ်ရာစီမံကိန်း မဟုတ် ပါဘူး။ မြို့တစ်မြို့အနေနဲ့ ဖော်ထုတ်မှာဖြစ်ပါတယ်။ ဒါကြောင့်မို့ မြို့အင်္ဂါရပ်နဲ့ညီညွတ်ရမယ့် အထက်တန်းကျောင်း၊ အလယ်တန်းကျောင်း၊ နေ့ကလေးထိန်းကျောင်း ဒါတွေလည်း ထည့်သွင်းထားပါတယ်။ လှည်းကူးမြို့နယ် အတွက် အကျိုးရှိမယ့် အထွေထွေရောဂါကု ဆေးရုံကြီးတစ်ရုံကိုလည်း စီမံကိန်းဧရိယာထဲမှာ အဆိုပြုထားပါတယ်။ သက်ဆိုင်တဲ့ ရဲစခန်းတို့၊ မီးသတ်တို့၊ ရုံးဌာနဆိုင်ရာ အဆောက်အအုံတွေကိုလည်း အဆိုပြု ရေးဆွဲထားပါတယ်။ နောက်တစ်ခုကတော့ စီမံကိန်းရဲ့ အရှေ့ဘက်အခြမ်းမှာဆိုရင် ဂေါက်ကွင်းပါပါမယ်။ အဆင့်မြင့်အိမ်ရာ စီမံကိန်းပါပါမယ်။ ကွန်ဒိုမီနီယံအထပ်မြင့် တိုက်ခန်းတွေပါပါမယ်။ Media Village ပါပါမယ်။ ပြင်ပ Outdoor တွေ ရိုက်တော့မယ်ဆိုရင် ဒီမှာလာပြီးတော့ စက်တင်တွေ ရိုက်လို့ရတဲ့ဟာမျိုးလည်း ပါမှာပါ။ နောက်တစ်ခုက အရှေ့ဘက်မှာရော အနောက်ဘက်မှာပါ အဝေးပြေး ယာဉ်ရပ်နား စခန်းကိုလည်း လျာထားပါတယ်။ ဒါနဲ့ဆက်စပ်ပြီး ဟိုတယ်ဇုန်တွေလည်း ထည့်သွင်းရေးဆွဲ ထားပါတယ်။ မြို့ပြင်မှာ အသုံးလိုတဲ့ ပစ္စည်းတွေ ဝယ်လို့ရတဲ့နေရာလည်း ထည့်သွင်းရေးဆွဲ ထားပါတယ်။ ဒါ့အပြင် ရုပ်ရှင်ရုံတွေ၊ ပြည်သူတွေ အပန်းဖြေမယ့် နေရာတွေလည်း ထည့်သွင်းရေးဆွဲ ထားပါတယ်။ ဒီစီမံကိန်းက အဝေးပြေးလမ်းရဲ့ ဝဲ၊ ယာမှာ ရှိတဲ့အတွက် ကားတွေ အမြန်မောင်းသွားရင် အသံဆူညံမှု သက်ရောက်နိုင်တဲ့အတွက် အမြန်လမ်းရဲ့ဘေး ဝဲ၊ ယာ ပေ ၁၀၀၀ အတွင်းမှာ လုံးဝလူနေမထည့်ဖို့ Plan မရေးဆွဲခင်မှာ ကြိုပြီးတော့ ချထားပေးထားပါတယ်” ဟု ဦးဇော်ဇော်အေးက ဆိုသည်။

ယင်းစီမံကိန်းတွင် လူလေးသောင်းမှ ငါးသောင်းအထိ လာရောက်နေထိုင်မည်ဟု မျှော်မှန်းထားပြီး လူတစ်သောင်းခန့် အလုပ်အကိုင် ရရှိနိုင်မည်ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

“ပြီးခဲ့တဲ့ အစိုးရအဖွဲ့ရဲ့ သဘောတူညီချက်နဲ့ နိုင်ငံတော်မြေအဖြစ် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ပြန်အပ်တဲ့အချိန်မှာ ပြီးခဲ့တဲ့အစိုးရအဖွဲ့ရဲ့ သဘောတူညီချက်ဖြင့် မြို့ဖော်ထုတ်ဖို့ ပြောင်းလဲပြီးတော့ သုံးတာဖြစ်ပါတယ်။ ဒါကို ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိုးအိမ်က တာဝန်ခံပြီးတော့ ဒါကို မြို့ပြဖွံ့ဖြိုးရေးအတွက် လိုအပ်သလို စီမံကိန်းချပြီး ဆောင်ရွက်တာ ဖြစ်ပါတယ်” ဟု ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်နိုင်က ပြောကြားသည်။

စီမံကိန်း၏ Master Developer ဖြစ်သည့် Alliance Star ကုမ္ပဏီသည် စီမံကိန်းနှင့် ပတ်သက်ပြီး Master Plan ရေးဆွဲမှု မပြီးသေးသဖြင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် အကျိုးအမြတ် ခွဲယူရေးကို မသတ်မှတ်ရသေးကြောင်း သိရသည်။