ဇန်နဝါရီ ၂၃ ရက်တွင် ပြန်လည်လက်ခံရေးအတွက် မြန်မာနိုင်ငံမှ အသင့်ပြင်ဆင်ထားသော်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်ဝင်လာသူမရှိသေး

ဇန်နဝါရီ ၂၃ ရက်တွင် ပြန်လည်လက်ခံရေးအတွက် မြန်မာနိုင်ငံမှ အသင့်ပြင်ဆင်ထားသော်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်ဝင်လာသူမရှိသေး
Published 24 January 2018

ဘင်္ဂလားဒေ့ရှ်ဘက်မှ ပြန်ဝင်လာသူများအတွက် တောင်ပြိုလက်ဝဲနယ်စပ်တွင် ပြန်လည်လက်ခံရေး ပြင်ဆင်ထားမှုများ တာဝန်ရှိသူတို့ စစ်ဆေးစဉ်

ဇန်နဝါရီ ၂၃ ရက်တွင် ပြန်လည်လက်ခံရေးအတွက် မြန်မာနိုင်ငံမှ အသင့်ပြင်ဆင်ထားသော်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်ဝင်လာသူမရှိသေးကြောင်း သိရသည်။

တောင်ပြိုလက်ဝဲနယ်စပ်တွင် ပြန်လည်လက်ခံရေးအတွက် ကြိုတင်ပြင်ဆင်ထားမှု အခြေအနေနှင့်ပတ်သက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဆိုင်ရာ ညွှန်ကြားရေးမှူး ဦးကိုကိုသော်က “ကျွန်တော်တို့ဘက်ကတော့ ရောက်နေတာလည်း ၁၇ ရက်ကဆိုတော့ လိုအပ်တဲ့ကြိုတင်ပြင်ဆင်မှုတွေ ဆောင်ရွက်ပြီးဖြစ်ပါတယ်။ ဒီကနေ့မှာ ပြန်လည်လက်ခံဖို့ ကျွန်တော်တို့ဌာနအနေနဲ့ အကုန်လုံးအဆင်သင့်ဖြစ်နေပါပြီ။ ကျွန်တော်တို့ဌာနအနေနဲ့သာမက ကျန်တဲ့မိတ်ဖက်ဌာနတွေ အကုန်လုံးလည်း အဆင်သင့်ဖြစ်နေတာ တွေ့ရှိရပါတယ်။ ပြန်ဝင်လာမယ့် အခြေအနေကတော့ ကျွန်တော်တို့ဘက်ကတော့ ၂၃ ရက်က စလက်ခံနိုင်အောင် ကျွန်တော်တို့ဌာနရော၊ ကျန်ဌာနတွေပါ အဆင်သင့်ဖြစ်နေပါတယ်” ဟုပြောကြားသည်။

ဘင်္ဂလားဒေ့ရှ်မှ ပြန်ဝင်လာမည့် ဘင်္ဂါလီများကို စိစစ်လက်ခံရန် လဝကအပါအဝင် သက်ဆိုင်ရာဌာနများမှ ဝန်ထမ်းများ တောင်ပြိုလက်ဝဲနယ်စပ်တွင် အဆင်သင့်ရောက်ရှိနေပြီး ဇန်နဝါရီ ၂၃ ရက်မှစ၍ လက်ခံရေးလုပ်ငန်းများ အသင့်ဖြစ်နေပြီဖြစ်ကြောင်း သိရသည်။

ဇန်နဝါရီ ၂၃ ရက် နံနက် ၉ နာရီခွဲတွင် တောင်ပြိုလက်ဝဲနယ်စပ်ရှိ လက်ခံရေးစခန်းများရှေ့၌ လက်ခံရေးလုပ်ငန်းစတင်သည့် အခမ်းအနားပြုလုပ်ခဲ့ပြီး သက်ဆိုင်ရာဌာနအလိုက် မှတ်တမ်းဓာတ်ပုံများ ရိုက်ယူခဲ့ကြသည်။ အလားတူ ပြန်လာသူများအား အဆင့်ဆင့်စိစစ်ရေး အဆောက်အအုံများ၊ Biometric လုပ်ငန်းဆောင်ရွက်မည့် အစီအစဉ်များ ပြင်ဆင်ထားပြီးဖြစ်သည်။

အကြမ်းဖက်မှုဖြစ်စဉ်ကြောင့် ထွက်ပြေးတိမ်းရှောင်သွားသည့် ဘင်္ဂါလီများကို ပြန်လည်လက်ခံရန် တောင်ပြိုလက်ဝဲစခန်းနှင့် ငါးခူရစခန်းအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဝန်ထမ်းများအပါအဝင် နိုင်ငံခြားရေး၊ အထွေထွေအုပ်ချုပ်ရေး၊ ကျန်းမာရေး၊ လူကယ်ပြန်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ စသည့်အဖွဲ့အစည်း ၁၁ မှ စုစုပေါင်းဝန်ထမ်း ၉၀ ကျော် အသင့်ရောက်ရှိနေကြောင်း သိရသည်။

အလားတူ ငါးခူရလက်ခံရေးစခန်းနှင့် လှဖိုးခေါင်ကြားစခန်းတို့တွင်လည်း အဆင်သင့်စီမံထားကြောင်း သိရသည်။

လက်ရှိအချိန်တွင် ပထမအသုတ်အနေဖြင့် မွတ်စလင် ၇၅၀ နှင့် ဟိန္ဒူ ၅၀၀ ကျော်စာရင်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မြန်မာနိုင်ငံဘက်မှပေးပို့ထားပြီး ဇန်နဝါရီ ၂၁ ရက်အထိ အကြောင်းပြန်မှုမရှိသေးသော်လည်း မြန်မာနိုင်ငံဘက်မှ ပြန်လည်စိစစ်ရန်နှင့် ပို့ဆောင်ရေးများအတွက် အဆင်သင့်ရှိနေကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။

သိန်းနှင့်ချီသော ဘင်္ဂါလီမွတ်စလင်ဒုက္ခသည်များကို မြန်မာနိုင်ငံသို့ ပြန်ပို့မှုစတင်ရန် သတ်မှတ်ထားသည့် ဇန်နဝါရီ ၂၃ ရက်သည် ကြန့်ကြာနေလိမ့်ဦးမည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တစ်ဦးက ဇန်နဝါရီ ၂၂ ရက်တွင် ပြောကြားသည်။

Most Read

Most Recent