ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် လက်တွဲလုပ်ဆောင်ရန်အသင့်ရှိပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့်လည်း သံသယမရှိဘဲ ယုံယုံကြည်ကြည် ဆောင်ရွက်စေလိုကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြား

ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် လက်တွဲလုပ်ဆောင်ရန်အသင့်ရှိပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့်လည်း သံသယမရှိဘဲ ယုံယုံကြည်ကြည် ဆောင်ရွက်စေလိုကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြား
Published 24 January 2018

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မွန်ပြည်သစ်ပါတီ (NMSP) ဥက္ကဋ္ဌ နိုင်ထောမွန်နှင့်အဖွဲ့ဝင်များ အမှတ်တရစုပေါင်းဓာတ်ပုံရိုက်စဉ် (Photo:Senior General Min Aung Hlaing Facebook)

တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် လက်တွဲလုပ်ဆောင်ရန်အသင့်ရှိပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့်လည်း သံသယမရှိဘဲ ယုံယုံကြည်ကြည် ဆောင်ရွက်စေလိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇန်နဝါရီ ၂၃ ရက်တွင် ပြောကြားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် NMSP အဖွဲ့ (မွန်ပြည်သစ်ပါတီ) ဥက္ကဋ္ဌ နိုင်ထောမွန် ဦးဆောင်သည့်အဖွဲ့အား ဇန်နဝါရီ ၂၃ ရက်နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံစဉ် ထိုသို့ထည့်သွင်းပြောကြားခြင်းဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ပြည်သူများက ရွေးချယ်ခဲ့သည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနေခြင်းဖြစ်၍ နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးသည် အရေးကြီးကြောင်း၊ ထို့ကြောင့် တပ်မတော်အနေဖြင့် ထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ ယခုကဲ့သို့ဆောင်ရွက်နေချိန်တွင် NMSP အဖွဲ့အနေဖြင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် ပါဝင်လက်မှတ်ရေးထိုးရန် ဆုံးဖြတ်ဆောင်ရွက်သည့်အတွက် လှိုက်လှဲဝမ်းမြောက်စွာကြိုဆိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခများသည် လွတ်လပ်ရေးရရှိချိန်မှ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အစိုးရအဆက်ဆက် ငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်ခဲ့ကြောင်း၊ တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် လက်တွဲလုပ်ဆောင်ရန် အသင့်ရှိပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့်လည်း သံသယမရှိဘဲ ယုံယုံကြည်ကြည် ဆောင်ရွက်စေလိုကြောင်း၊ ခေါင်းဆောင်များသာမက အောက်ခြေအဆင့် အဖွဲ့ဝင်များအားလုံး နားလည်သဘောပေါက်ရန် လိုအပ်ကြောင်းနှင့် မိမိတို့သည် ယခုအချိန်တွင် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် အတူတကွလက်တွဲ ဆောင်ရွက်ရန်အရေးကြီးကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆက်လက်ပြောကြားသည်။

ထို့အတူ NMSP အဖွဲ့ဥက္ကဋ္ဌ နိုင်ထောမွန်က မိမိတို့အနေဖြင့် UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ၏ နိုင်ငံရေးဆိုင်ရာဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ DPN နှင့် ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင် PC တို့၏ (၈) ကြိမ်မြောက် တွေ့ဆုံဆွေးနွေးသဘောတူညီခဲ့မှုများအပေါ် လက်ခံသင့်သည်ဟုယူဆပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် လက်မှတ်ရေးထိုးရန်ဆုံးဖြတ်ခဲ့ကြောင်း၊ NCA လက်မှတ်ရေးထိုးရာတွင် အဆင်ပြေချောမွေ့စေရန်နှင့် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအတွက် အစိုးရနှင့်တပ်မတော်မှ အကူအညီများပေးစေလိုကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံငြိမ်းချမ်းရေး၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်နှင့် ပြည်သူ့အကျိုးများအား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

မွန်ပြည်နယ်သည် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံကောင်းများရှိပြီးဖြစ်ကြောင်း၊ NMSP အဖွဲ့အနေဖြင့် အစိုးရ၊ တပ်မတော်နှင့်ပူးပေါင်း၍ ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းမှုကြောင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အခွင့်အလမ်းများပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း၊ တစ်ဖက်နှင့်တစ်ဖက် သံသယများကင်းရှင်းပြီး ငြိမ်းချမ်းရေးလမ်းကြောင်းပေါ် လျှောက်လှမ်းခြင်းဖြင့် တိုင်းပြည်ပိုမိုတိုးတက်ဖွံ့ဖြိုးမည်ဖြစ်ကြောင်း၊ ပြည်သူများကလည်း ဝမ်းသာအားရ ကြိုဆိုကြမည်ဖြစ်ကြောင်း၊ မိမိတို့တပ်မတော်၏ အပြင်းပြဆုံးဆန္ဒမှာ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပင်ဖြစ်ပြီး တပ်မတော်မှ ပူးပေါင်းဆောင်ရွက်ရန် အဆင်သင့်ရှိကြောင်းလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ထို့နောက် NCA စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးမည့်ကိစ္စရပ်များနှင့် ဆက်လက်လုပ်ဆောင်ရမည့်ကိစ္စရပ်များ အဆင်ပြေချောမွေ့စေရေးအတွက် တပ်မတော်မှ ကူညီဆောင်ရွက်ပေးမည့် အခြေအနေများအား အပြန်အလှန်ဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်၊ ဒုတိယဗိုလ်ချုပ်ကြီး အောင်ကျော်ဇော၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး NMSP အဖွဲ့ဥက္ကဋ္ဌနှင့်အတူ အထွေထွေအတွင်းရေးမှူး နိုင်အောင်မင်းနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent