လှိုင်သာယာစက်မှုဇုန် (၄) ရှိ Oumi Fashion အထည်ချုပ်စက်ရုံတွင် တောင်းဆိုချက် ၁၄ ချက်ရရှိရန် အလုပ်သမား ၁၀၀ ခန့် လုပ်ငန်းခွင်မဝင်ဘဲ ဆန္ဒထုတ်ဖော်

လှိုင်သာယာစက်မှုဇုန် (၄) ရှိ Oumi Fashion အထည်ချုပ်စက်ရုံတွင် တောင်းဆိုချက် ၁၄ ချက်ရရှိရန် အလုပ်သမား ၁၀၀ ခန့် လုပ်ငန်းခွင်မဝင်ဘဲ ဆန္ဒထုတ်ဖော်
Published 24 January 2018

စက်ရုံရှေ့တွင် ဆန္ဒထုတ်ဖော်နေသည့် အလုပ်သမားများကို တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်ဖြိုး)

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာစက်မှုဇုန်(၄)ရှိ Oumi Fashion အထည်ချုပ်စက်ရုံတွင် တောင်းဆိုချက် ၁၄ ချက်ရရှိရန် အလုပ်သမား ၁၀၀ ခန့် လုပ်ငန်းခွင်မဝင်ဘဲ ဆန္ဒထုတ်ဖော်လျက်ရှိကြောင်း ဇန်နဝါရီ ၂၃ ရက်က စုံစမ်းသိရသည်။

အဆိုပါ အထည်ချုပ်စက်ရုံရှိ အလုပ်သမားများ ဆန္ဒထုတ်ဖော်ရခြင်းမှာ စက်ရုံရှိ တရုတ်လူမျိုးသည် အလုပ်သမားများကို အော်ငေါက်ခိုင်းစေခြင်း၊ လုပ်ငန်းခွင်အတွင်း အမှားပြုလုပ်မိပါက ပိုက်ဆံသောင်းနှင့်ချီ ဖြတ်တောက်ခံရခြင်း များကြောင့်ဖြစ်သည်။

အလုပ်သမားများသည် ဇန်နဝါရီ ၂၂ ရက်က စတင်ကာ လုပ်ငန်းခွင်မဝင်ဘဲ ဆန္ဒထုတ်ဖော်ခြင်းဖြစ်ပြီး အချက် ၁၄ ချက်ရရှိရန် တောင်းဆိုထားကြောင်း သိရသည်။

အလုပ်သမားများ၏ တောင်းဆိုမှုများမှာ Target လုပ်အား မမျှမတ တောင်းဆိုခြင်း မပြုရန်၊ လစာဖြတ်တောက်ခြင်း မပြုရန်၊ ခြောက်လတစ်ကြိမ်နှစ်ကြေး ကျပ် ၅၀၀၀ တိုးပေးရန်၊ မြန်မာ့ယဉ်ကျေးမှုနှင့် ဆန့်ကျင်သော အပြုအမူများ မပြုလုပ်ရန်၊ အိမ်သာ မလုံလောက်ခြင်း၊ စက်ရုံတွင်း ဆေးခန်းမထားရှိခြင်း၊ လုပ်သားများအား အဆင့်ပြန်ချခြင်း မပြုရန်၊ အကြောင်းမဲ့ အလုပ်ထုတ်ခြင်း မပြုရန်၊ အလုပ်စောပါက ဖယ်ရီမပေးခြင်း မပြုရန်၊ နိုင်ငံခြားသား တိုက်ရိုက်အုပ်ချုပ်ခြင်း မပြုရန်၊ သန့်ရှင်းရေး မထားရှိခြင်း၊ အလုပ်ဌာန ပြောင်းရွှေ့ခြင်း မပြုရန်၊ ထမင်းစားသည့် နေရာမလုံလောက်ခြင်း၊ အလုပ်သမားအခွင့် အရေးပါဥပဒေများကို ခံစားခွင့်ပေးရန် စသည့်အချက်များကို ဆန္ဒထုတ်ဖော် တောင်းဆိုလျက်ရှိကြောင်း သိရသည်။

“ပြီးခဲ့တဲ့ စနေနေ့က တရုတ်လူမျိုး နိုင်ငံခြားသားနဲ့ စကားများတယ်။ ကျွန်မတို့ကို အလုပ်ခိုင်းဖို့ မတရား အော်ငေါက်ပြီး ခိုင်းတယ်။ နေ့တိုင်းလိုလို အော်ငေါက်ခံရတော့ အလုပ်သမားတွေက မကျေနပ်တော့ဘူး။ လုပ်ငန်းမှာ အမှားနည်းနည်း လုပ်မိတာနဲ့ ဝန်ထမ်းတွေဆီက ပိုက်ဆံဖြတ်တယ်။ ဖြတ်ရင်လည်း ပိုက်ဆံသောင်းနဲ့ချီ ဖြတ်တယ်။ အဲဒါကြောင့် မနေ့က (ဇန်နဝါရီ ၂၂ ရက်) ကစပြီး စက်ရုံရှေ့မှာ ဆန္ဒပြတာ” ဟု ဆန္ဒပြအလုပ်သမား မစုစုလွင်က ပြောကြားသည်။

အလုပ်သမားများ တောင်းဆိုထားသည့် အချက်များနှင့်ပတ်သက်၍ စက်ရုံအလုပ်သမား ခေါင်းဆောင်များနှင့် စက်ရုံပိုင်ရှင်တရုတ် လူမျိုး၊ စက်ရုံမှူး စသူတို့ဖြင့် ဇန်နဝါရီ ၂၂ ရက်တွင် မြို့နယ်အလုပ်သမားညှိနှိုင်း ဖြန်ဖြေရေးရုံးတွင် လည်းကောင်း၊ ဇန်နဝါရီ  ၂၃ ရက်များတွင် လှိုင်သာယာမြို့နယ် ဥပဒေစစ်ဆေးရေးရုံးတွင် ညှိနှိုင်းရာ အချက် ၁၄ ချက်အနက် ၁၂ ချက်သာ ပြေလည်မှုရရှိခဲ့ပြီး ကျန်နှစ် ချက်ဖြစ်သည့် Target လုပ်အားမမျှမတ တောင်းဆိုခြင်း မပြုရန်နှင့် ခြောက်လတစ်ကြိမ်နှစ်ကြေး ကျပ် ၅၀၀၀ တိုးပေးရန် စသည့် အချက်နှစ်ချက်အား ဇန်နဝါရီ ၂၄ ရက်တွင် ထမ်မံညှိနှိုင်းမည်ဖြစ်ကြောင်း သိရသည်။

“မနေ့တုန်းက မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးရုံးမှာ ခုနစ်ချက်ညှိတော့ ငါးချက်တော့ လိုက်လျောပေးတယ်။ နှစ်ချက်ကျန်တယ်။ ဒီနေ့ဥပဒေစစ်ဆေးရေးရုံးမှာ ညှိတော့ သူတို့တောင်းဆိုချက် အားလုံးကို လိုက်လျောပေးခဲ့တယ်။ ကျန်တဲ့နှစ်ချက်ကို မနက်ဖြန် ထပ်ညှိရဦးမယ်” ဟု အဆိုပါ အထည်ချုပ်စက်ရုံ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ဆန္ဒပြ အလုပ်သမားများက ယင်းအချက်နှစ်ချက် မရမချင်း လုပ်ငန်းခွင်မဝင်ဘဲ ဆန္ဒပြတောင်းဆိုမည် ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent