<

မြ၀တီမြို့ရှိ ဂိမ်းရုံများကို တပ်မတော်၊ နယ်ခြားစောင့်နှင့် ရဲတပ်ဖွဲ့ ပါဝင်သော ပူးပေါင်းအဖွဲ့ လိုက်လံဖမ်းဆီး

မြ၀တီမြို့ရှိ ဂိမ်းရုံများကို တာဝန်ရှိသူများ ဖမ်းဆီးစစ်ဆေးနေစဉ်

မြ၀တီခရိုင်အတွင်း လောင်းကစားရုံများ ရာသက်ပန် ပိတ်သိမ်းရေးအတွက် ပြည်သူများ မြို့တွင်း၌ စီတန်းလှည့်လည်ကာ ဆန္ဒထုတ်ဖော်ပြီးနောက် ဇန်န၀ါရီ ၂၂ ရက် ည ၉ နာရီ မိနစ် ၃၀ က တပ်မတော်၊ BGF နှင့် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် လောင်းကစားဂိမ်းရုံများကို စတင်ဖမ်းဆီး လျက်ရှိကြောင်း သိရသည်။

မြ၀တီခရိုင်ရဲတပ်ဖွဲ့မှူး ဦးဆောင်သည့် လောင်းကစားရုံ ဖမ်းဆီးရေး ပူးပေါင်းအဖွဲ့သည် အမှတ် (၅) ရပ်ကွက် ဖားခြောက်ကောင် ဘုန်းတော်ကြီးကျောင်း အနီးရှိ အဆင့်မြင့် ငါးဂိမ်းလောင်းကစားရုံ ဖွင့်လှစ်နေဆဲဟု သတင်းအရ ၀င်ရောက်ဖမ်းဆီးရာ လောင်းကစားနေသူများနှင့်အတူ ငါးဖမ်းလောင်းကစားဂိမ်းစက်မျိုးစုံ ကိုးလုံး၊ ဖဲလောင်းကစားခုံ လေးခုံ၊ ဆိုဖာထိုင်ခုံများနှင့် ရိုးရိုးထိုင်ခုံများ၊ လောင်းကစားငွေရောရာ မြန်မာကျပ်ငွေ ၂၂ သိန်း၊ ထိုင်းဘတ်ငွေ ၅၀၀၀ တို့ကို ဖမ်းဆီးရမိပြီး ဂိမ်းရုံပိုင်ရှင်နှင့် လောင်းကစားနေသူများမှာ ထွက်ပြေးသွားခဲ့သည်။

ကရင်ပြည်နယ် နယ်ခြားစောင့်တပ် အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီးစေချစ်သူ၏ လမ်းညွှန်ချက်ဖြင့် လောင်းကစားဂိမ်းရုံအားလုံး ပိတ်သိမ်းမှုရှိ၊ မရှိ ဗိုလ်မှူးနိုင်မောင်ဇော်ဦးဆောင်သည့် BGF တပ်ဖွဲ့ဝင်များသည် ဇန်န၀ါရီ ၁၉ ရက်ကလည်း လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။

လောင်းကစားဂိမ်းရုံ ဖမ်းဆီးရေးအဖွဲ့ ၌ ပါဝင်သည့် နယ်ခြားစောင့်တပ်ဖွဲ့မှ ဗိုလ်ကြီးအဆင့်ရှိသူ တစ်ဦးက “လွန်ခဲ့တဲ့နှစ်ရက်ကလည်း စစ်ဆေးခဲ့ပြီး လောင်းကစားဂိမ်းရုံ ပိတ်သိမ်းဖို့လည်း ညွှန်ကြားထားပြီးပြီ။ မလိုက်နာဘဲ ဆက်လက်ဖွင့်လှစ်နေရင်တော့ ဖမ်းဆီးခံရမှာပါပဲ။ နောင်ကိုလည်း စဉ်ဆက်မပြတ် ဖမ်းဆီးသွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

တပ်မတော်၊ နယ်ခြားစောင့်တပ်၊ ရဲတပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သော လောင်းကစားဂိမ်းရုံ ဖမ်းဆီးရေးအဖွဲ့သည် မော်တော်ယာဉ်များဖြင့် အမှတ် (၃) ကျွန်းတော၊ အမှတ် (၅) ရပ်ကွက်၊ ၁၄ ဂိတ် စိုက်ဇုန်လမ်း တစ်လျှောက်ရှိ ငါးဂိမ်းလောင်းကစားရုံများအား သွားရောက်ဖမ်းဆီးကာ ပိတ်သိမ်းထားပြီး ဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသော ဂိမ်းစက်များအား မြ၀တီခရိုင် ရဲတပ်ဖွဲ့မှူးရုံးတွင် ခေတ္တထိန်းသိမ်းထားပြီး ဂိမ်းရုံလုပ်ငန်း ပိုင်ရှင်များအား ဖမ်းဆီးရမိရေးအတွက် လိုက်လံစုံစမ်း စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ကရင်ပြည်နယ် မြ၀တီမြို့တွင် ဖွင့်လှစ်လျက်ရှိသော ကာစီနိုလောင်းကစား၊ ငါးဂိမ်းနှင့် အာဝါဒေးဇာတ်ပွဲကို အကြောင်းပြုပြီး ဖွင့်လှစ်လျက်ရှိသော လောင်းကစားရုံများ ပပျောက်ရေးအတွက် မြ၀တီလူမှုကွန်ရက်အဖွဲ့မှ ဦးဆောင်ကာ ပြည်သူလူထု ပါဝင်သည့် ရာသက်ပန် လောင်းကစား ပပျောက်ရေး ဆန့်ကျင်ဆန္ဒထုတ်ဖော်ပွဲ တစ်ရပ်ကို ဇန်န၀ါရီ ၂၁ ရက် နံနက် ၁၀ နာရီခန့်က မြို့တွင်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

မြ၀တီမြို့တွင်း ဂိမ်းလောင်းကစားရုံ ၆၀ ကျော်နှင့် အာဝါဒေးဇာတ်ပွဲ အကြောင်းပြု လောင်းကစားပွဲတော် ၁၁ ခုရှိပြီး ပြည်သူလူထုနှင့် မြို့မိမြို့ဖများက လောင်းကစားမှုများ ရာသက်ပန် ပိတ်သိမ်းရေးအတွက် ‘လောင်းကစားမှန်သမျှ ရာသက်ပန် ဖျက်သိမ်းပေးရေး ဒို့အရေး’၊ ‘ပြည်သူများ၏ အသက်အိုးအိမ် လုံခြုံရေး ဒို့အရေး’၊ ‘ပြည်သူ့အကျိုး မဆောင်ရွက်နိုင်သော အကျင့်ပျက်ဝန်ထမ်းများ အလိုမရှိ’၊ ‘ပြည်သူကို အနိုင်ကျင့် ခြိမ်းခြောက်မှုများ အလိုမရှိ’ ဟူသည့် ကြွေးကြော်သံများဖြင့် မြ၀တီမြို့အတွင်း လှည့်လည်ဆန္ဒထုတ်ဖော် ခဲ့ကြခြင်းဖြစ်သည်။

 

January 23, 2018














Copy Protected by Chetan's WP-Copyprotect.