ဖားကန့်ဒေသသို့ မူးယစ်ဆေးဝါးဝင်ထွက်ရာ လမ်းကြောင်းများကို သိထားပြီဖြစ်သည့်အတွက် ၂၀၁၈ ခုနှစ်တွင် ယခင်ကထက် ဖမ်းဆီးအရေးယူနိုင်မည်ဖြစ်ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူး ပြောကြား

ဖားကန့်ဒေသသို့ မူးယစ်ဆေးဝါးဝင်ထွက်ရာ လမ်းကြောင်းများကို သိထားပြီဖြစ်သည့်အတွက် ၂၀၁၈ ခုနှစ်တွင် ယခင်ကထက် ဖမ်းဆီးအရေးယူနိုင်မည်ဖြစ်ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူး ပြောကြား
Published 24 January 2018

ဖားကန့်ဒေသအတွင်းသို့ မူးယစ်ဆေးဝါး ဝင်ထွက်ရာလမ်းကြောင်းများကို သိထားပြီဖြစ်သည့်အတွက် ၂၀၁၈ ခုနှစ်တွင် ယခင်ကထက် ဖမ်းဆီးအရေးယူမှုပြုလုပ်နိုင်ပြီး မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု လျော့နည်းသွားမည်ဖြစ်ကြောင်း ဖားကန့်မြို့နယ် ရဲတပ်ဖွဲ့မှူး ဦးကျော်ဦးက ပြောကြားသည်။

၂၀၁၈ ခုနှစ် နှစ်ဦးပိုင်းမှစတင်ကာ မူးယစ်ဆေးဝါး ဝင်ထွက်ရာလမ်းကြောင်းများတွင် ပိတ်ဆို့ရှာဖွေမှုများပြုလုပ်နေပြီး မူးယစ်အထူးတပ်ဖွဲ့ကိုလည်း အင်အားထပ်မံတိုးထားကြောင်း၊ ပုံစံအမျိုးမျိုးရှိနေသည့် မူးယစ်ဆေးဝါး သယ်ဆောင်ပုံသယ်ဆောင်နည်းများ၊ ဝင်ထွက်ရာလမ်းကြောင်းများကိုလည်း သိထားပြီးဖြစ်သည့်အတွက် မူးယစ်ဆေးဝါးဖမ်းဆီးအရေးယူမှုမှာ ယခင်နှစ်များကထက် ထူးခြားလာမည်ဖြစ်ကြောင်း ဦးကျော်ဦးက ပြောကြားသည်။

“တစ်မြို့နယ်လုံးအတိုင်းအတာနဲ့ ၂၀၁၈ နှစ်ဦးပိုင်းကစပြီးတော့ မူးယစ်ဆေးဝါးနဲ့ပတ်သက်လို့ဖြန့်ဝေတာ။ အဓိက,ကတော့ ဖြန့်ဝေရောင်းချတာပေါ့နော်။ ဒါကိုပပျောက်ဖို့အတွက် ကျွန်တော်တို့က အဓိကလမ်းတွေ၊ ဝင်ပေါက်တွေ၊ ဝင်လာနိုင်ဖွယ်ရှိတဲ့လမ်းတွေကို ပိတ်ဆို့ပြီးတော့ ဖမ်းဆီးရှာဖွေစစ်ဆေးပါတယ်။ ဒါကပထမဆုံး အရေးကြီးဆုံးအကန့်ပေါ့။ အဲဒီကနေဝင်လာခဲ့ရင် လက်ကားဘယ်သူရောင်းလဲ။ လက်ကားကြီးတွေကို ဖမ်းဆီးအရေးယူတာမျိုးပေါ့။ အခြားအစီအမံတွေအနေနဲ့ မူးယစ်အထူးတပ်ဖွဲ့ကိုလည်း အင်အားထပ်တိုးထားပါတယ်။ ပြောရရင်တော့ နဂိုထက် မူးယစ်ဆေးဝါးရောင်းချတာတွေ ပပျောက်သွားဖို့ပေါ့နော်။ မူးယစ်ဆေးဝါးဖြန့်ဖြူးတဲ့သူတွေက သူဌေးလိုလည်းသွားတယ်၊ သာမန်ကူလီလုပ်သားလိုလည်း သွားတယ်၊ ခရီးသွားလိုလည်း သွားတယ်။ တစ်သမတ်တည်းတော့မရှိဘူး။ ပြီးခဲ့တဲ့နှစ်ကအတွေ့အကြုံအရ ကျွန်တော်တို့ သယ်ဆောင်ပုံသယ်ဆောင်နည်းတွေ၊ ဝင်ထွက်ရာလမ်းကြောင်းတွေကို Source လေးတွေသိထားတဲ့အတွက် ဒီနှစ်မှာတော့ ထူးထူးခြားခြားဖြစ်လာမယ်လို့ ထင်ပါတယ်” ဟု ဖားကန့်မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးကျော်ဦးက ပြောကြားသည်။

ဖားကန့်မြို့နယ်တွင် ၂၀၁၇ ခုနှစ်အတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးရမိသည့်အမှုပေါင်း ၃၈၃ မှုနှင့် တရားခံ ၄၇၂ ဦးအား ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း၊ ဘိန်းဖြူ၊ စိတ်ကြွဆေးပြား၊ အဆင့်နိမ့်ဘိန်း၊ ဘိန်းမည်း (ဘိန်းစိမ်း)၊ ဘိန်းဆီခဲ၊ ဘိန်းရည် အစရှိသည့် မူးယစ်ဆေးဝါးအမျိုးအစား ခြောက်မျိုး၊ စုစုပေါင်းမူးယစ်ဆေးဝါးအလေးချိန် ၇၄၈၅၇၂ ဒသမ ၇၅ ဂရမ်တို့အား ဖမ်းဆီးနိုင်ခဲ့ပြီး ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားဖမ်းဆီးရမိမှုမှာ အကြိမ်အရေအတွက် အများဆုံးဖြစ်ကြောင်း သတင်းရရှိသည်။

ဖားကန့်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၏ ၂၀၁၇ ခုနှစ် နှစ်ချုပ်စာရင်းအရ မူးယစ်ဆေးဝါးအမှုများမှာ ဘိန်းဖြူဖမ်းဆီးရမိမှု ၁၈၆ မှု၊ အလေးချိန် ၁၁၀၅၇ ဒသမ ၇၄ ဂရမ်၊ စိတ်ကြွဆေးပြား ဖမ်းဆီးရမိမှု ၁၇၅ မှု၊ အလေးချိန် ၆၆၃၆၆၈ ဂရမ်၊ အဆင့်နိမ့်ဘိန်းဖမ်းဆီးရမိမှု ငါးမှု၊ အလေးချိန် ၂၁၆၃ ဒသမ ၅ ဂရမ်၊ ဘိန်းမည်း (ဘိန်းစိမ်း) ဖမ်းဆီးရမိမှုငါးမှု၊ အလေးချိန် ၂၁၁၈ ဒသမ ၅ ဂရမ်၊ ဘိန်းဆီခဲဖမ်းဆီးရမိမှု ၁၁ မှု၊ အလေးချိန် ၆၈၉၈၇ ဒသမ ၀၁ ဂရမ်၊ ဘိန်းရည်ဖမ်းဆီးရမိမှု တစ်မှု၊ အလေးချိန် ၅၇၈ ဂရမ်တို့ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent