လှိုင်သာယာမြို့နယ်တွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားပြီး ကျူးကျော်တဲ အလုံး ၈၀ ကျော်ဆုံးရှုံးကာ တစ်ဦးသေဆုံး

လှိုင်သာယာမြို့နယ်တွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားပြီး ကျူးကျော်တဲ အလုံး ၈၀ ကျော်ဆုံးရှုံးကာ တစ်ဦးသေဆုံး
Published 24 January 2018

ဓာတ်ပုံ - အောင်မျိုးသန့်

လှိုင်သာယာမြို့နယ်၊ ၆ ရပ်ကွက်၊ စက်မှုဇုံ ၄၊ ရန်ကုန်ပုသိမ်လမ်းမကြီးဘေးတွင် ယနေ့ (ဇန်နဝါရီ ၂၃ ရက်) မွန်းတည့် ၁၂ နာရီဝန်းကျင်က မီးလောင်ကျွမ်းမှု ဖြစ်ပွားပြီး ကျူးကျော်တဲ အလုံး ၈၀ ကျော် မီးလောင်ဆုံးရှုံးကာ တစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ယင်းမီးလောင်ကျွမ်းမှု ဖြစ်စဉ်မှာ အလျား ၂၅၀ ပေ၊ အနံ ၈၀ ပေရှိ မြေကွက်အတွင်း ဆောက်လုပ်ထားသည့် ဦးစိုဝင်း (လေဖြန်းရောဂါ ခံစားနေရသူ) နေအိမ်တွင် တစ်ဦးတည်းရှိနေစဉ် ထင်းမီးဖြင့် ရေနွေးအိုးတည်ပြီး အိပ်ပျော်သွားစဉ် အနီးပတ်ဝန်ကျင် နေရာသို့ မီးကူစက်၍ စတင်လောင်ကျွမ်းရာမှတစ်ဆင့် အလျာ ၁၅ ပေ၊ အနံ ၈ ပေရှိ ကျူးကျော်နေအိမ် (၈၃) လုံးတို့အား မီးကူးစက်လောင်ကျွမ်း ခဲ့ခြင်းဖြစ်ကြောင်း Yangon Police ၏ ဖော်ပြချက်အရ သိရသည်။

ယင်းမီးလောင်ကျွမ်းမှု ဖြစ်စဉ်ကြောင့် အိမ်ရှင်ဖြစ်သူ ဦးစိုးဝင်းမှာ မီးလောင်သေဆုံး သွားခဲ့ကြောင်းနှင့် မမြင့်မြင့်စန်း၏ ဝဲ/ယာလက်ဖျံနှင့် လက်မောင်းတို့တွင် မီးလောင်ဒဏ်ရာ အနည်းငယ် ရရှိခဲ့ကြောင်း သိရှိရသည်။

မီးလောင်မှုကို Level 2 ယာဉ်အုပ်စု ထွက်ခွာငြှိမ်းသတ်ခဲ့ရပြီး မွန်းလွဲ ၁၂ နာရီ ၅ မိနစ်ဝန်းကျင်တွင် မီးထိန်းနိုင်ခဲ့ကာ ၁၂ နာရီ ၁၅ မိနစ်ဝန်းကျင်တွင် ငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

မီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ မီးပေါ့ဆစွာ သုံးစွဲသူ ဦးစိုးဝင်း (သေဆုံး) အား လှိုင်သာယာမြို့မ ရဲစခန်း(ပ) ၃၀၅/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လက်ရှိအချိန်တွင် မီးဘေးသင့်ပြည်သူ ၃၀၀ ကျော်အား သောင်ကြားဘုန်းကြီးကျောင်းတွင် ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားရှိထားကြောင်း သိရသည်။

 

 

 

Most Read

Most Recent