စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ကို လွှတ်တော်ကိုယ်စားလှယ်များ တိုင်ကြားစာကော်မရှင်သို့ တိုင်ကြားထား

စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ကို လွှတ်တော်ကိုယ်စားလှယ်များ တိုင်ကြားစာကော်မရှင်သို့ တိုင်ကြားထား
Published 12 February 2018

စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင်အား မုံရွာမြို့ အိုးဘိုတောင်ရပ်ကွက်အတွင်းရှိ မြေယာသိမ်းဆည်းခံတောင်သူ ၁၁ ဦးက ဇန်နဝါရီ ၁၂ ရက်စွဲဖြင့် လွှတ်တော်ကိုယ်စားလှယ်များ တိုင်ကြားစာကော်မရှင်ထံသို့တိုင်ကြားထားကြောင်း တိုင်ကြားသည့် အဖွဲ့ဝင် ကိုခိုင်မိုးဦးက ပြောကြားသည်။

အဆိုပါ တိုင်ကြားစာတွင် စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်မှ လယ်ယာမြေ သိမ်းဆည်းခံ တောင်သူများ၏ နစ်နာမှုများကို ဂရုမပြုဘဲ ယခုလက်ရှိလွှတ်တော်အဆောက်အအုံ၏ မြောက်ဘက်ရှိ မြေကွက်လပ်များအား ထပ်မံသိမ်းယူကာ အဆောက်အအုံများ တည်ဆောက်နေမှုနှင့်ပတ်သက်၍ ယင်းကဲ့သို့ တိုင်ကြားခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“အဆောက်အအုံတွေက မြေပြင်မှာ တည်ဆောက်ဖို့လုပ်နေပြီ။ တောင်သူတွေကလည်း ပြောနေကြပြီ။ ငါတို့ကိုအရင်အစိုးရ လက်ထက်တုန်းကလည်း သိမ်းသွားတယ်။ သိမ်းသွားတဲ့ဟာကိုမှ အချို့ကို ပြန်ပေးထားတယ်ပေါ့။ သူတို့က ထပ်ပြီးတော့ သိမ်းတော့ တာလား။ ကျွန်တော်တို့က တိုင်းဒေသကြီး အစိုးရအဖွဲ့ကို စာတင်ခဲ့တဲ့ အကြိမ်အရေအတွက်ကလည်း များနေပြီ။ ဒါပေမဲ့ထိရောက် တဲ ပြန်ကြားမှုတွေ၊ လုပ်ဆောင်မှုတွေ တစ်ခုမှ မရှိခဲ့ဘူး။ ကျွန်တော်တို့က တိုင်းဒေသကြီး အစိုးရအဖွဲ့ကို နည်းနည်း အယုံအကြည် နည်းနေပြီ” ဟု ကိုခိုင်မိုးဦးက ပြောကြားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ကို ဆက်သွယ်မေးမြန်းရာ “အဲဒါကို ကျွန်တော်ပြောမယ်။ ဖုန်းနံပါတ်ပေးပါ့မယ်။ သူ့လှမ်းမေးပါ။သူတို့ပြောလိမ့်မယ်။ သူတို့လုပ်ထားတာတွေ သူတို့သိပါတယ် ”ဟု ပြောကြားသည်။

ယခင်အစိုးရလက်ထက်က အစိုးရအဖွဲ့များ၊ လွှတ်တော်များကို အိုးဘိုတောင်ရပ်ကွက်သို့ ပြောင်းရွှေ့ခဲ့ကြောင်း၊ နစ်နာသည့် တောင်သူများအား မြေအစားပြန် လည်ပေးအပ်ရန် ဆောင်ရွက်နေကြောင်း စစ်ကိုင်းတိုင်းဒေသကြီး သိမ်းဆည်းမြေများ ပြန်လည်စိစစ်ရေး ကော်မတီအတွင်းရေးမှူးဦးသန်းဝင်းက ပြောကြားသည်။

“ပေ ၈၀ ပတ်လည်ကို ကျွန်တော်တို့က လမ်းတွေဘာတွေဖော်ပြီးမှ အိုးဘိုတောင် ရပ်ကွက် လွှတ်တော်ရုံးရဲ့ ရှစ်ဧကကျော်ကျော်မှာပဲ။ အရင်အစိုးရလက်ထက်က တခြားနည်းတင်ခဲ့ပြီးတော့ အဲဒီနေရာမှာ နစ်နာတဲ့ တောင်သူတွေကို ကျွန်တော်တို့က ပြန်ပြီး အစားထိုးပေးဖို့ စီစဉ်ထားပါတယ်။ လမ်းတွေဖော်ပြီး မြေနေရာတွေကို ပြုပြင်ရမှာပေါ့နော်။ အဲဒါလေးပေါ်မှာ ကျွန်တော်တို့က ချက်ချင်းလက်ငင်းလုပ်ရတဲ့အပေါ်မှာ ကတ္တရာလမ်းစပြီးတော့ သေချာကောင်းအောင် ဆောင်ရွက်နေရတာဖြစ်တဲ့အတွက် နည်းနည်းလေးတော့ အချိန်ယူလိုက်ရသလို ဖြစ်သွားတာပေါ့” ဟု ဦးသန်းဝင်းက ပြောကြားသည်။

ဦးသိန်းစိန်လက်ထက် ၂၀၁၃ ခုနှစ်မှ တွင် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် တည်ဆောက်ရန် အိုးဘိုတောင်ရပ်ကွက်ရှိ  လယ်ယာမြေဧက ၄၀ ကို စီမံကိန်းဟုဆိုကာ ဒေသခံတောင်သူများ၏ သဘောဆန္ဒမပါဘဲ မြေယာများအား သိမ်းဆည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent