ပထမအသုတ်စာရင်းကို ဘင်္ဂလားဒေ့ရှ်သို့ မြန်မာဘက်မှပေးပို့ထားပြီး ဇန်နဝါရီ ၂၁ ရက်အထိ အကြောင်းပြန်မှု မရှိသေးသော်လည်း မြန်မာဘက်မှ ပြန်လည်စိစစ်ရန်နှင့် ပို့ဆောင်ရေးများအတွက် အဆင်သင့်ရှိ

ပထမအသုတ်စာရင်းကို ဘင်္ဂလားဒေ့ရှ်သို့ မြန်မာဘက်မှပေးပို့ထားပြီး ဇန်နဝါရီ ၂၁ ရက်အထိ အကြောင်းပြန်မှု မရှိသေးသော်လည်း မြန်မာဘက်မှ ပြန်လည်စိစစ်ရန်နှင့် ပို့ဆောင်ရေးများအတွက် အဆင်သင့်ရှိ
Published 23 January 2018

လက်ရှိအချိန်တွင် ပထမအသုတ်အနေဖြင့် မွတ်စလင် ၇၅၀ နှင့် ဟိန္ဒူ ၅၀၀ ကျော် စာရင်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မြန်မာနိုင်ငံဘက်မှပေးပို့ထားပြီး ဇန်နဝါရီ ၂၁ ရက်အထိ အကြောင်းပြန်မှု မရှိသေးသော်လည်း မြန်မာနိုင်ငံဘက်မှ ပြန်လည်စိစစ်ရန်နှင့် ပို့ဆောင်ရေးများအတွက် အဆင်သင့်ရှိနေကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေ ရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။

နေပြည်တော်၌ ဇန်နဝါရီ ၂၂ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး စတုတ္ထနေ့တွင် ပြည်ထောင်စုဝန်ကြီးက ၎င်း၏အစီအစဉ်ပြီး၍ ပြန်လည်ထွက်ခွာချိန်တွင် သတင်းထောက်များကို အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် မြန်မာနိုင်ငံဘက်မှ ပြန်လည်စိစစ်ရန်နှင့် ပို့ဆောင်ရေးများအတွက် အဆင်သင့်ရှိနေပြီး ဝန်ထမ်းများလည်း အဆင်သင့်ရှိကြောင်း ၎င်းက ဆိုသည်။

“နှစ်နိုင်ငံ သဘောတူစာချုပ်အရ ၂၃ ရက်မှာ စပြီး လက်ခံလို့ရပြီ။ ဒါကြောင့် ပြန်လည်လက်ခံရေးနဲ့ နေရာချထားရေးဘက်က ကျွန်တော်တို့ဘက်က အဆင်သင့်ဖြစ်အောင် လုပ်ထားတယ်။ ပြန်လည်ဝင်ရောက်လာဖို့ဆိုတာ ပြန်လည်ဝင်ရောက်လာမယ့် လူစာရင်းရရှိဖို့လိုပါတယ်။ နှစ်ပိုင်းရှိတယ်။ စာရင်းကို ဘယ်လိုလုပ်လဲဆိုတာ တစ်ပိုင်းကတော့ တစ်ဖက်နိုင်ငံမှာရောက်နေတဲ့ လူတွေကနေပြီး ကျွန်တော်တို့ဆီကပို့ထားတဲ့ သက်ဆိုင်ရာ ဌာနကပို့ထားတဲ့ မိသားစုပုံစံတွေကို ဖြည့်ရမယ်။ ဖြည့်ပြီးရင် မြန်မာနိုင်ငံဘက်ကို ပြန်ပို့ရမယ်။ မြန်မာနိုင်ငံက စိစစ်မှုတွေကို ကျကျနနဆောင်ရွက်ပြီးတဲ့အခါမှာ လက်ခံနိုင်တဲ့ လူစာရင်းကို တစ်ဖက်နိုင်ငံကို ပြန်ပို့တယ်။ တစ်ဖက်နိုင်ငံကိုက အဲဒီလူတွေကို အသုတ်လိုက်အသုတ်လိုက် ပြန်ပို့တာကို ကျွန်တော်တို့ က လက်ခံမှာဖြစ်ပါတယ်။ နောက်တစ်နည်း ကတော့ ဒီဘက်မှာ အကယ်၍ စိစစ်မှုရှိပြီးသား စာရင်းရှိပြီးရင် တစ်ဖက်နိုင်ငံလက်ခံတဲ့ အတွက်ကြောင့် စိစစ်ပြီးသားစာရင်းကို ဘင်္ဂ လားဒေ့ရှ်ဘက်ကို ပြန်ပို့လိုက်မယ်။ ဘင်္ဂလားဒေ့ရှ်ဘက်ကနေပြီး ယာယီစခန်းမှာရှိတဲ့ လူတွေထဲက ပြန်ချင်တဲ့လူတွေရှိရင် ဒီစာရင်းကတော့ မြန်မာအစိုးရက လက်ခံလို့ရတယ်။ ပြန်ချင်တဲ့သူများ ရှိပါသလားဆိုပြီး ဒီစာရင်းကို ပြန်ကောက်ရမယ်။ စာရင်းကောက်ပြီးတာနဲ့ ပုံစံဖြည့်ပြီး ကျွန်တော်တို့ဘက်ကို ပြန်ပို့လိုက်ရင် ကျွန်တော်တို့က ပြန်လည်လက်ခံဖို့အတွက် အသုတ်လိုက်လက်ခံမှာဖြစ်ပါတယ်” ဟု ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူများကို တောင်ပြိုလက်ဝဲနှင့် ငခူရတွင် အသုတ်လိုက်လက်ခံမည်ဖြစ်ပြီး လက်ခံပြီးပါက အဆိုပါနေရာတွင် တစ်ညအိပ်ကာ ကြားစခန်းသို့ ပို့ဆောင်မည်ဖြစ်ကြောင်း၊ ကြားစခန်းမှတစ်ဆင့် သက်ဆိုင်ရာ နေအိမ်များထံသို့ ပြန်လည်ပို့ဆောင်ပေးမည် ဖြစ်ကြောင်းနှင့် နေအိမ်များသည် မီးလောင်ထားသည့်အတွက် နေအိမ်တည်ဆောက်ချိန်ကာလတွင် ကြားစခန်းတွင် နေထိုင်ရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြန်လည် လက်ခံရေးအစီအစဉ်ကို ပြောကြားသည်။

Most Read

Most Recent