တရားဝင်နိုင်ငံရေးလမ်းကြောင်းတွင် တည်ရှိနေသည့် မွန်ပါတီနှစ်ပါတီ ပေါင်းစည်းမှု အထမြောက်ရန် အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း မွန်နှစ်ပါတီ ပူးတွဲကြေညာချက် ထုတ်ပြန်

တရားဝင်နိုင်ငံရေးလမ်းကြောင်းတွင် တည်ရှိနေသည့် မွန်ပါတီနှစ်ပါတီ ပေါင်းစည်းမှု အထမြောက်ရန် အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း မွန်နှစ်ပါတီ ပူးတွဲကြေညာချက် ထုတ်ပြန်
Published 23 January 2018

တရားဝင်နိုင်ငံရေး လမ်းကြောင်းတွင်တည်ရှိနေသည့် မွန်ပါတီနှစ်ပါတီသည် ပေါင်းစည်းမှု အထမြောက်ရန် အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း (၇၁) ကြိမ်မြောက် မွန်အမျိုးသားနေ့ အထိမ်း အမှတ်အဖြစ် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနှင့် မွန်အမျိုးသားပါတီတို့က ဇန်နဝါရီ ၂၂ ရက် နေ့စွဲဖြင့် ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့သည်။

မွန်တို့၏ နေ့ထူးနေ့မြတ်ဖြစ်သည့် မွန်အမျိုးသားနေ့သို့ တစ်ဖန်ကျရောက်လာပြန်ပြီး ယခုနှစ်ကျရောက်လာမည့် မွန်အမျိုးသားနေ့ကို ထူးခြားသည့် ဝိသေသနှင့် ကြိုဆိုဂုဏ်ပြုပါကြောင်း မွန်အမျိုးသားအပေါင်းအား သိစေအပ်ပါကြောင်း၊ မွန်အမျိုးသားနေ့ကို အခြေခံပြီး ညီညီညွတ်ညွတ်ဖြင့် အင်အား စုစည်းနိုင်မှုသည် ဂုဏ်ယူစရာကောင်းသည့် လုပ်ရပ်တစ်ခုဖြစ်ပါကြောင်း အဆိုပါ ထုတ်ပြန်ကြေညာချက်တွင် ပါရှိသည်။

ထို့ပြင် အာဏာရရှိထားသော အဖွဲ့အစည်းအနေဖြင့် တိုင်းရင်းသားတို့၏ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးရအောင် ဆောင်ရွက်ပြီး လက်တွဲဖော်ဆောင်မည်ဆိုလျှင် အားလုံးလိုလားသည့် ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတော်သို့ ရောက်မည်မှာ ဧကန်မလွဲပေဖြစ်ကြောင်း၊ လက်ရှိအခြေအနေတွင် မွန်လူမျိုးတို့သည် အမျိုးသားရေးနှင့် နိုင်ငံရေး နိုးကြားတက်ကြွပြီး စိတ်အား ထက်သန်လျက်ရှိနေကြကြောင်း၊ တရားဝင် နိုင်ငံရေးလမ်းကြောင်းတွင် တည်ရှိနေသည့် မွန်ပါတီနှစ်ပါတီသည် ပေါင်းစည်းမှုအထမြောက်ရန် အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ညီညွတ်ရေးလမ်းကြောင်းကိုလည်း မလွဲဧကန် ဆက်လက် အကောင်အထည်ဖော်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း မွန်နှစ်ပါတီပူးတွဲ ကြေညာချက်တွင် ဖော်ပြထားသည်။

အချိန်အခါနှင့် ကြည့်မည်ဆိုလျှင် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအတွက် ပြင်ဆင်ရမည့် အချိန်ဖြစ်ပါကြောင်း၊ မွန်လူထုကြား နိုင်ငံရေး သဘောသဘာဝကို နားလည်ရန်နှင့် မွန်ပါတီကိုသာ မဲပေးရန်အတွက် အမြင်ေ၀ဝါး၊ ယောင်မှားခြင်းမရှိစေရန် အလွန်ပင် အရေးကြီးလှကြောင်း၊ ၂၀၁၅ ရွေးကောက်ပွဲအမှားမျိုး ထပ်မံမဖြစ်ပေါ်စေရန် မွန်တို့၏အကျိုးကို မွန်သာလျှင်ဆောင်ရွက်ပေးနိုင်မည်ကို စိတ်နှလုံးထဲတွင် ခိုင်ခိုင်မာမာ စွဲစွဲမြဲမြဲထားရှိရန် လိုအပ်မည်ဖြစ်ပါကြောင်း ကြေညာချက်တွင် ဖော်ပြပါရှိသည်။

ထို့ကြောင့် ဟံသာဝတီ မွန်နိုင်ငံတော် တည်ထောင်ခဲ့သည့် တပို့တွဲလပြည့်ကျော် ၁ ရက်ကို အစွဲပြုပြီး သတ်မှတ်ခဲ့သည့် မွန်အမျိုးသားနေ့၏ အနှစ်သာရကို သိရှိနားလည်ပြီး အမျိုးသားပန်းတိုင်သို့ ညီညီညွတ်ညွတ်နှင့် ဆက်လက်လက်တွဲပြီး အရောက်လျှောက်လှမ်းကြပါစို့ဟု တိုက်တွန်းအပ်ပါကြောင်း ပူးတွဲကြေညာချက်တွင် ဖော်ပြပါရှိသည်။

မွန်နိုင်ငံရေးပါတီ နှစ်ပါတီဖြစ်သော မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနှင့် မွန်အမျိုးသားပါတီမှာ ဇန်နဝါရီ ၇ ရက်တွင် မွန်ပြည်သူ့ညီလာခံနှင့်ပတ်သက်ပြီး နှစ်ပါတီ သီးခြားထုတ်ပြန်ကြေညာချက် ထုတ်ပြန်ခဲ့ ပြီးနောက် နှစ်ပါတီသက်တမ်းအတွင်း ပထမဆုံးအကြိမ်အဖြစ် နှစ်ပါတီပူးတွဲကြေညာချက် ထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။

(၇၁) ကြိမ်မြောက် မွန်အမျိုးသားနေ့ (ဗဟို) အထိမ်းအမှတ် အခမ်းအနားကို ဖေဖော်ဝါရီ ၁ ရက်တွင် ကရင်ပြည်နယ် ဘားအံမြို့နယ် ဇာသပြင်ကျေးရွာတွင် ပြုလုပ်သွားမည်ဖြစ်သည်။

Most Read

Most Recent