အဋ္ဌမတန်းမှစတင်၍ အင်္ဂလိပ်ဘာသာ သင်ရိုးညွှန်းတမ်းများနှင့် သင်ကြားပုံနည်းစနစ်များ၊ အကဲဖြတ်စနစ် (စာမေးပွဲ) ကို စွမ်းရည်လေးမျိုးပါဝင်သော စနစ်သို့ ပြောင်းလဲသင်ကြားရန်အဆို အမျိုးသားလွှတ်တော် အတည်မပြု

အဋ္ဌမတန်းမှစတင်၍ အင်္ဂလိပ်ဘာသာ သင်ရိုးညွှန်းတမ်းများနှင့် သင်ကြားပုံနည်းစနစ်များ၊ အကဲဖြတ်စနစ် (စာမေးပွဲ) ကို စွမ်းရည်လေးမျိုးပါဝင်သော စနစ်သို့ ပြောင်းလဲသင်ကြားရန်အဆို အမျိုးသားလွှတ်တော် အတည်မပြု
Published 23 January 2018

အဋ္ဌမတန်းမှစတင်၍ အင်္ဂလိပ်ဘာသာ သင်ရိုးညွှန်းတမ်းများနှင့် သင်ကြားပုံနည်း စနစ်များ၊ အကဲဖြတ်စနစ် (စာမေးပွဲ) ကို ခေတ် နှင့်လျော်ညီစွာ စွမ်းရည်လေးမျိုး (4 Skills-Reading, Writing, Speaking, Listening)  ပါဝင်သောစနစ်သို့ ပြုပြင်ပြောင်းလဲသင်ကြားရန်အဆိုအား အမျိုးသားလွှတ်တော်က အ တည်မပြုခဲ့ကြောင်း သိရသည်။

ဇန်နဝါရီ ၂၂ ရက်ကပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ယင်းအဆိုနှင့်ပတ်သက်၍ မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံမဲ ၉၆ မဲ၊ ကန့်ကွက်မဲ ၁၀၂၊ ကြားနေ တစ်မဲ ဖြစ်ကာ ကန့်ကွက်မဲများသည့်အတွက် အမျိုးသားလွှတ်တော်က အတည်မပြုခဲ့ခြင်းဖြစ် သည်။ယင်းအဆိုနှင့်ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ် ၁၆ ဦးက ဆွေးနွေးမှုအပြီးတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြန်လည်ရှင်းလင်းပြီးနောက် မှတ်တမ်းအဖြစ်ထားရှိရန် ပြောကြားခဲ့သော်လည်း အဆိုရှင်က လွှတ်တော်၏အဆုံးအဖြတ်ခံယူရန် ပြောကြားခဲ့သည့်အတွက် မဲခွဲဆုံးဖြတ်ရာတွင် ကန့်ကွက်မဲများသည့်အတွက် အဆိုအား အတည်မပြုခဲ့ခြင်းဖြစ်သည်။

ပညာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပညာရေးဝန်ကြီးဌာနအနေဖြင့် British Council နှင့် ပူးပေါင်းကာ ပညာရေးတက္ကသိုလ်နှစ်ကျောင်း နှင့် ပညာရေးကောလိပ် ၂၀ ရှိ ဆရာဆရာမ များ၏ အင်္ဂလိပ်စာစွမ်းရည်တိုးတက်စေရန် ဆရာ/ဆရာမ ၁၈၉၉ ဦးအား သင်တန်းများ ပို့ချခဲ့ကြောင်း၊ ပညာရေးတက္ကသိုလ်များနှင့် ပညာရေးကောလိပ်များမှ ဆရာ/ဆရာမများ ၏ အင်္ဂလိပ်ဘာသာဖြင့် ပြောဆိုနိုင်စွမ်းရည် နှင့် သင်ပြနည်းများ ပိုမိုကောင်းမွန်စေရန် ဆောင်ရွက်လျက်ရှိကြောင်း၊ နှစ်နှစ်အတွင်း အခြေခံပညာအထက်တန်း ဆရာ/ဆရာမလောင်း ၂၄၀၀၊ မူလတန်းဆရာ/ဆရာမလောင်း ၁၂၀၀၀ အား အင်္ဂလိပ်စာသင်ကြားစွမ်းရည် တိုးတက်လာစေရန် သင်ကြားပို့ချပြီး ဖြစ်ကြောင်း ပြောကြားသည်။

ထို့ပြင် ပညာရေးကောလိပ်များကို လေးနှစ်သင် ဒီဂရီကောလိပ်များအဖြစ် အဆင့်မြှင့်တင်ပြီး ဘာသာရပ်များပို့ချရာတွင် အခြေခံပညာသင်ရိုးညွှန်းတမ်းအသစ်ကို အခြေခံ၍လည်းကောင်း၊ သင်ရိုးညွှန်းတမ်းအသစ်များဖြင့် သင်ကြားပေးမည်ဖြစ်သည့်အတွက် အရည်အသွေးပြည့်ဝသော ဆရာ/ဆရာမ များကို မွေးထုတ်ပေးနိုင်မည်ဖြစ်ကြောင်း၊ သြစတြေးလျ၊ ဂျိုက်ကာ၊ ယူနက်စကို၊ နော်ေ၀ အစရှိသည့် မိတ်ဘက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ မူလတန်းပညာရေးသည် ပညာရေးစနစ်တစ်ခုလုံး၏ အခြေခံအုတ်မြစ်ဖြစ်သည့်အတွက် မူလတန်းပြဆရာ/ဆရာမများ အတွေ့အကြုံ၊ ရင့်ကျက်မှု၊ အရည်အသွေး ပိုမိုကောင်းမွန်လာရေးအတွက် မူလတန်းပြရာထူး၊ အလယ်တန်းပြရာထူး၊ အထက်တန်းပြရာထူးများခန့်ထားသည့် စနစ်များကို အရည်အချင်းသတ်မှတ်ချက် ပြန်လည်ပြင်ဆင်ဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားသည်။

၂၀၁၇-၂၀၁၈ ပညာသင်နှစ်အတွက် ပထမတန်း အင်္ဂလိပ်စာဘာသာရပ် ကျောင်းသုံးစာအုပ်ကို အင်္ဂလိပ်စာစွမ်းရည်လေးမျိုး ဖွံ့ဖြိုးတိုးတက်စေရန် ပြုစုထားကြောင်း၊ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်တွင် ပထမတန်းမှ ဒွါဒသမတန်းအထိသည် စွမ်းရည်လေးမျိုးကို အခြေခံသော သင်ရိုးညွှန်းတမ်းအသစ်များကို သင်ကြားနည်းစနစ်အသစ်များဖြင့် သင်ကြားသွားမည်ဖြစ်ကြောင်း၊ ထိုသို့သင်ကြားပေးခြင်းကြောင့် အထက်တန်းပညာအဆင့် ပြီးဆုံးသွားသောအခါ အင်္ဂလိပ်စာဘာသာရပ်ကို အတိုင်းအတာတစ်ခုအထိ ထိရောက်စွာရေးသားပြောဆိုနိုင်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးက ပြောကြားသည်။

အင်္ဂလိပ်စာစွမ်းရည် လေးမျိုးအပေါ် အခြေခံ၍ ပြင်ဆင်ရေးဆွဲသွားမည့် သင်ရိုးညွှန်းတမ်းအသစ်များအပေါ် သင်ကြားနည်းစနစ်အသစ်များဖြင့် စနစ်တကျလေ့ကျင့်မွေးထုတ်သွားမည်ဖြစ်ကြောင်း၊ ထိုသို့မွေးထုတ် သွားမည်ဖြစ်သဖြင့် ဆရာ/ဆရာမများက အင်္ဂလိပ်စာဘာသာရပ်ကို ထိရောက်စွာသင်ကြားနိုင်မည်ဖြစ်သည့်အတွက် အထက်တန်းအဆင့် အောင်မြင်ပြီးမြောက်သော ကျောင်း သားကျောင်းသူများသည် အင်္ဂလိပ်စာဘာသာရပ်ကို အတိုင်းအတာတစ်ခုအထိ ထိရောက်စွာ ရေးသားပြောဆိုလာနိုင်စေရန် အထောက်အကူပြုမည့် ကျောင်းသုံးဖတ်စာအုပ်များ ပြုစုအသုံးပြုသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အတွက်အဆိုအား မှတ်တမ်း အဖြစ်သာထားရှိရန် ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၁) မှ ဒေါ်ထုမေက မြန်မာနိုင်ငံတွင် သူငယ်တန်းမှစ၍ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးချိန်အထိ အင်္ဂလိပ်ဘာသာရပ်ကို မသင်မနေရ ဘာသာရပ်တစ်ခုအဖြစ် ပြဋ္ဌာန်းသင်ကြားပေးနေသော်လည်း အထက်တန်းအဆင့် ပညာရေးပြီးဆုံးချိန်တွင် ကျောင်းသူ/ကျောင်း သားအများစု၏ အင်္ဂလိပ်ဘာသာဖြင့် ရေးသားပြောဆိုဆက်သွယ်နိုင်စွမ်းမှာ နိမ့်ကျနေဆဲဖြစ်သည်။ ထို့ကြောင့် အထက်တန်းပညာရေးပြီးဆုံးချိန်တွင် အင်္ဂလိပ်ဘာသာဖြင့် အတိုင်းအတာတစ်ခုအထိ ထိရောက်စွာ ရေးသားပြောဆိုဆက်သွယ်နိုင်ရန်အတွက် အဋ္ဌမတန်းမှစတင်၍ အင်္ဂလိပ်စာဘာသာသင်ရိုး ညွှန်းတမ်းများနှင့် သင်ကြားပုံနည်းစနစ်များ၊ အကဲဖြတ်စနစ် (စာမေးပွဲ) ကို ခေတ်နှင့်လျော် ညီစွာ စွမ်းရည်လေးမျိုး ပါဝင်သောစနစ်သို့ ပြုပြင်ပြောင်းလဲသင်ကြားရန် အဆိုတင်သွင်း ခဲ့ခြင်းဖြစ်ပြီး အမျိုးသားလွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရာတွင် ကန့်ကွက်သူများသည့်အတွက် လွှတ်တော်က သဘောမတူကြောင်း ဆုံးဖြတ်ခဲ့သည်။

 

Most Read

Most Recent