(၂၅) နှစ်မြောက် အာဆီယံ-အိန္ဒိယ ဆွေးနွေးဖက်ဆက်ဆံရေးအထိမ်းအမှတ် ထိပ်သီးအစည်းအဝေးတက်ရောက်ရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် အိန္ဒိယနိုင်ငံသို့ သွားရောက်မည်

(၂၅) နှစ်မြောက် အာဆီယံ-အိန္ဒိယ ဆွေးနွေးဖက်ဆက်ဆံရေးအထိမ်းအမှတ် ထိပ်သီးအစည်းအဝေးတက်ရောက်ရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် အိန္ဒိယနိုင်ငံသို့ သွားရောက်မည်
Published 23 January 2018

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အိန္ဒိယသမ္မတနိုင်ငံဝန်ကြီးချုပ် နာရင်ဒရာမိုဒီတို့ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၆ ရက်က နိုင်ငံတော်သမ္မတအိမ်တော်တွင် တွေ့ဆုံစဉ်

(၂၅) နှစ်မြောက် အာဆီယံ-အိန္ဒိယ ဆွေးနွေးဖက်ဆက်ဆံရေး အထိမ်းအမှတ် ထိပ်သီးအစည်းအဝေး တက်ရောက်ရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အိန္ဒိယနိုင်ငံသို့ မကြာမီကာလအတွင်း သွားရောက်မည်ဖြစ်ကြောင်း ဇန်နဝါရီ ၂၂ ရက်တွင် နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ထားသည်။

အဆိုပါခရီးစဉ်အား အိန္ဒိယသမ္မတနိုင်ငံဝန်ကြီးချုပ် နာရင်ဒရာမိုဒီ၏ ဖိတ်ကြားချက်အရ သွားရောက်မည်ဖြစ်ပြီး ခရီးစဉ်အတွင်း ထိပ်သီးအစည်းအဝေးအပြင် (၆၉) နှစ်မြောက် အိန္ဒိယသမ္မတနိုင်ငံ၏ အမျိုးသားနေ့အခမ်းအနားသို့လည်း တက်ရောက်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်မှုအရ သိရသည်။

(၂၅) နှစ်မြောက် အာဆီယံ-အိန္ဒိယ ဆွေးနွေးဖက်ဆက်ဆံရေး အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးသည် ဇန်နဝါရီ ၂၅ ရက်တွင် ကျင်းပမည်ဖြစ်ပြီး အိန္ဒိယသမ္မတနိုင်ငံ၏ အမျိုးသားနေ့အခမ်းအနားကို ဇန်နဝါရီ ၂၆ ရက်တွင် ကျင်းပမည်ဖြစ်ကာ ယင်းအခမ်းအနားသို့ ထိပ်သီးအစည်းအဝေးတက် ရောက်လာမည့် အာဆီယံနိုင်ငံများမှ ခေါင်းဆောင်များအား အထူးဧည့်သည်တော်အဖြစ် ဖိတ်ကြားထားခြင်းဖြစ်သည်။

အိန္ဒိယနိုင်ငံသည် အင်္ဂလိပ်လက်အောက် မှ ၁၉၄၇ ခုနှစ် သြဂုတ် ၁၅ ရက်တွင် လွတ်လပ်ရေးရခဲ့ပြီး ၁၉၅၀ ပြည့်နှစ် ဇန်နဝါရီ ၂၆ ရက် တွင် အခြေခံဥပဒေ အတည်ပြုကာ အိန္ဒိယနိုင်ငံကို ပြန်လည်ထူထောင်ခဲ့ခြင်းကြောင့် အဆိုပါနေ့ကို အိန္ဒိယနိုင်ငံတော်နေ့အဖြစ် သတ်မှတ်ကျင်းပနေခြင်းဖြစ်သည်။

နိုင်ငံတော်သမ္မတဦးထင်ကျော်သည် ၂၀၁၆ ခုနှစ် သြဂုတ်လအတွင်းက အိန္ဒိယနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်ခဲ့ပြီး အိန္ဒိယနိုင်ငံသမ္မတ မစ္စတာပရာနာ့ဗ်မူခါဂျီး နှင့် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရင်ဒရာမိုဒီ တို့နှင့် သီးခြားစီတွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

အဆိုပါ အိန္ဒိယနိုင်ငံခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်တို့ရှေ့မှောက်၌  နှစ်နိုင်ငံတာဝန်ရှိသူများက  မြန်မာနိုင်ငံရှိ သုံးနိုင်ငံ အဝေးပြေးလမ်းမကြီး၏ တမူး-ကျီကုန်း- ကလေး၀ လမ်းပိုင်းရှိ တံတားများနှင့် ချဉ်းကပ်လမ်း တည်ဆောက်ရေးနှင့် အဆင့်မြှင့်တင် ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနားလည်မှု စာချွန်လွှာ၊  မြန်မာနိုင်ငံရှိ သုံးနိုင်ငံအဝေးပြေးလမ်းမကြီး၏ ပလက်ဝ-ယာကြီး ကားလမ်းပိုင်း တည်ဆောက်ရေးနှင့် အဆင့်မြှင့်တင်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနား လည်မှုစာချွန်လွှာ၊ တိုင်းရင်းဆေးကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာနှင့် ပြန်ပြည့်မြဲစွမ်းအင်နယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်မှုနားလည်မှုစာချွန်လွှာတို့ကို လက်မှတ်ရေးထိုး လဲလှယ်ခဲ့ကြသည်။

ထို့နောက် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရန်ဒရာမိုဒီ၏ ဖိတ်ကြားချက်အရ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ၂၀၁၆ ခုနှစ် အောက်တိုဘာ ၁၇ ရက်မှ ၁၉ ရက်အထိ အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်ထားပြီး ခရီးစဉ်မတိုင်မီ အောက်တိုဘာ ၁၆ ရက်တွင် ဂိုအာမြို့၌ကျင်းပသည့် BRICS-BIMSTEC Outreach Summit သို့ တက်ရောက်ခဲ့သည်။

အဆိုပါခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရင်ဒရာမိုဒီတို့ရှေ့မှောက်တွင် နားလည်မှု စာချွန်လွှာသုံးခုကို နှစ်နိုင်ငံတာဝန်ရှိပုဂ္ဂိုလ်များက လက်မှတ်ရေးထိုး လဲလှယ်ခဲ့သည်။

အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရင်ဒရာမိုဒီ သည် ၂၀၁၄ ခုနှစ်က မြန်မာနိုင်ငံတွင်ကျင်းပခဲ့သည့် အရှေ့အာရှ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် လာရောက်ဖူးသော်လည်း နှစ်နိုင်ငံဆက်ဆံရေး တရားဝင်ခရီးစဉ်အဖြစ် နိုင်ငံတော်သမ္မတဦးထင်ကျော်၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၅ ရက်မှ ၇ ရက်ထိ ပထမဆုံးအကြိမ် တရားဝင်ချစ်ကြည်ရေးခရီး လာရောက်ခဲ့သည်။ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရင်ဒရာမိုဒီ၏ မြန်မာနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေး လာရောက်ခဲ့သည့်ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတဦးထင်ကျော်နှင့် နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အား သီးခြားစီတွေ့ဆုံမှုများ ပြုလုပ်ခဲ့သည်။

ထို့ပြင် နိုင်ငံတော်သမ္မတအိမ်တော်၌ ကျင်းပသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရင်ဒရာမိုဒီတို့ဦးဆောင်၍        နှစ်နိုင်ငံဆွေးနွေးပွဲကျင်းပခဲ့ပြီး ၎င်းတို့နှစ်ဦး ရှေ့မှောက်တွင် နှစ်နိုင်ငံကိုယ်စားလှယ်များ က နှစ်နိုင်ငံကာကွယ်ရေး၊ ပြည်ထဲရေး၊ ကျန်းမာရေးဝန်ကြီးဌာနများအပါအဝင် အခြားသော ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်နှင့် နားလည်မှုစာချွန်လွှာစုစုပေါင်း ၁၁ စောင်အား လက်မှတ်ရေးထိုးခဲ့သည်။

အိန္ဒိယနိုင်ငံဝန်ကြီးချုပ်နာရင်ဒရာမိုဒီ သည် မြန်မာနိုင်ငံခရီးစဉ်အတွင်း ရန်ကုန်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်သို့ သွားရောက် လေ့လာရာတွင် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော်မှ ရန်ကုန်မြို့သို့လာရောက်၍ ဗိုလ်ချုပ် အောင်ဆန်းပြတိုက်တွင် အိန္ဒိယနိုင်ငံဝန်ကြီး ချုပ်အား ခရီးဦးကြိုဆိုခဲ့သည်။

Most Read

Most Recent